Sunday, September 25, 2011

ပြည်သူက ဒဏ်ခတ်လိမ့်မယ် (လူထုစိန်ဝင်း)


“လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်တွေကို ပြန်ကြည့်၊ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြတာချည်းပဲ။ ဦးဆောင်ဦးရွက်ပြုခဲ့ကြသူတွေသာ တာဝန်မကျေခဲ့တာ။ 
“ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ဖို့ လိုတယ်” ဆိုတဲ့စကားက ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့စကားဖြစ်တယ် …”

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားလာခဲ့တယ်။ စကားဝိုင်းတွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေကြတော့တယ်။

နှစ်ကိုယ်ကြားပဲ ပြောရ

ဒီမိုကရေစီဆိုတဲ့စကားကို နှစ် ပေါင်း ၅၀ လုံးလုံး ဘယ်သူမှကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရကိုယ်တိုင်က ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်၊ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်တဲ့အချိန်ကစပြီး ဒီမိုကရေစီဆိုတဲ့စကားကို သွေးတိုးစမ်း ပြောလာကြတယ်။ အခုတော့ လူတိုင်းကျယ်ကျယ် ပြောဝံ့နေကြပြီ။ စာနယ်ဇင်းတွေထဲလည်း ရဲရဲကြီးရေးသားဝံ့နေကြပြီ။ ဒါ ဝမ်းသာစရာ အခြေအနေဖြစ်တယ်။ လမ်းလျှောက်တဲ့အခါ ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်း လှမ်းကြရသလို၊ ဒီမိုကရေစီခရီးကိုလည်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးလှမ်းကြရမှာဖြစ်တယ်။

တစ်ဒီတည်း ဒီလာကြ

အစိုးရကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းအတိုင်း ချီတက်မယ်ပြောချိန်ကစပြီး ရှေးက ဒီမိုကရေစီကို နှာခေါင်းရှုံ့ခဲ့ကြသူတွေလည်း လေသံပြောင်းပြီး တစ်ဒီတည်း ဒီလာခဲ့ကြတယ်။ ဒီမိုကရေစီ ဖတ်စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ်လာကြတယ်။ ဒါလည်း ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒီနှစ် ၅၀ အတွင်းမွေးဖွားလာခဲ့ကြသူတွေဟာ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကား စားသောက်ချင်တယ်၊ လွတ်လွတ်လပ်လပ် ပြောချင်ဆိုချင် ရေးချင်ဖတ်ချင်တယ် ဆိုတာလောက်ကလွဲပြီး ဒီမိုကရေစီအကြောင်း ဂဃနဏ မသိကြဘူး။

ဖီလာဆန့်ကျင်ဖြစ်

တတ်သိနားလည်သူတွေက ဒီမိုကရေစီအကြောင်း ဟောပြောတာ၊ စာတွေရေးပြတာဟာ ဝမ်းသာအားရ ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်။ ဒါပေမယ်လို့ အချိန်ကြာလာတဲ့အခါမှာ ဟောပြောသူတွေနဲ့ ဒီမိုကရေစီဖတ်စာရေးသူ အတော်များများဟာ သူတို့ပါးစပ်က အပ်ကြောင်းထပ်အောင် ပြောနေကြတဲ့ “ပြည်သူလူထုကို ဦးထိပ်ထားတယ်” ဆိုတဲ့ စကားနဲ့ဖီလာဆန့်ကျင်ဖြစ်တဲ့ စကားတွေပြောလာကြတာကို မြင်တွေ့ကြားသိနေရတယ်။ သူတို့ရေးတဲ့ ဒီမိုကရေစီဖတ်စာတွေမှာလည်း အလားတူ ဖတ်ရှုရတယ်။

“ဒီမိုကရေစီလိုချင်ရင် လူတိုင်းနိုင်ငံကြီးသားပီသပြီး ဒီမိုကရေစီအသိရှိဖို့ လိုတယ်”

“ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ကြဖို့ လိုတယ်”

“လူတွေအတွက် သူတို့နဲ့ထိုက်တန်တဲ့အစိုးရကို သူတို့ရရှိကြမှာ ဖြစ်တယ်”

ဓားမြှောင်နဲ့ ထိုးသလို

ဒီသြဝါဒကထာတွေနဲ့ ဒီရေးသားချက်တွေဟာ ပြည်သူလူထု အများစုကြီးကို စော်ကားလိုက်တာ ဖြစ်တယ်။ ပြည်သူတွေအသုံးမကျလို့ နှစ်ပေါင်း ၅၀ လုံးလုံး တစ်ပါတီတစ်ဖွဲ့ အာဏာရှင်စနစ်အောက်မှာ ပိပြားနေခဲ့ကြတာ ဖြစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မြန်မာလူမျိုးတွေ ပညာရေချိန်နိမ့်ကျသေးလို့ ဒီမိုကရေစီစစ်စစ်နဲ့ မထိုက်တန်သေးဘူး။ “guided democracy” လောက်နဲ့ပဲသွားရမယ်လို့ ပြောရဲသူတွေတောင်ရှိတယ်။ ဒီလိုအသံတွေ ကြားရတဲ့အခါတိုင်း ရင်ထဲမှာ ဓားမြှောင်နဲ့ထိုးသလို စူးကနဲ စူးကနဲ နာကျင်ရတယ်။

ဦးစီးဦးကိုင်ကောင်းမရှိလို့ မြန်မာ့ဦးစွန်းမြေခခဲ့ရတဲ့ ပါတော်မူစ အချိန်ကစပြီး မြန်မာနိုင်ငံသားတွေဟာ တာဝန်ကျေခဲ့ကြတယ်။ ရရာတုတ်ဓား လက်နက်စွဲကိုင်ပြီး နယ်ချဲ့လာသူတွေကို တွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ မြန်မာပြည်အလယ်ပိုင်းက အောင်ဆန်းတို့အဖိုး မင်းကြီးရွှေလရောင်ကစပြီး ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသားတွေဟာ အသက်ပေါင်းများစွာ စတေးခဲ့ကြတယ်။ ဦးစီးဦးကိုင်ကောင်း မရှိလို့သာ အားမတန် မာန်လျော့ခဲ့ကြရတယ်။ အဲဒီအချိန်အခါက နန်းတွင်းမှာ အရေးပါခဲ့တဲ့ ကင်းဝန်မင်းကြီးအမှူးပြုတဲ့ ဝန်ကြီးတွေ ဝန်ကလေးတွေက အင်္ဂလိပ်ရဲ့ လစာရိက္ခာတော်ထောက်ပံ့ကြေးကို လက်ခံပြီး တောင်ပေါ်မြေပြန့်က ခုခံတွန်းလှန်သူတွေကို ရွှေပြည်အေး တရားတွေ လိုက်လံဟောပြောပြီး လက်နက်စွန့်ဖို့ နားချခဲ့ကြတယ်။

ရဲရဲကြီး လိုက်ခဲ့ကြ

အားမတန်လို့ မာန်လျော့ခဲ့ကြပေမယ့် လည်စင်းခံနေကြတာတော့ မဟုတ်ဘူး။ အခါအခွင့်သင့်တိုင်း ပုံစံအမျိုးမျိုးနဲ့ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေကြတယ်။ ဝိုင်အမ်ဘီအေခေတ်၊ ဂျီစီဘီအေခေတ်တွေမှာလည်း ပြည်သူတွေက အဲဒီအဖွဲ့ကြီးတွေရဲ့ ဦးဆောင်မှုနောက်က ရဲရဲကြီးလိုက်ခဲ့ကြတယ်။ ရှေ့ကဦးဆောင်သူတွေ ညီညီညွတ်ညွတ် မရှိကြဘဲ ငါးထောင်စားဖြစ်ဖို့လောက်သာ လုံးပန်းနေခဲ့ကြတာကြောင့် ရေစုန်မျောသွားခဲ့ကြရတယ်။ အဲဒီနောက်ပေါ်လာတဲ့ ‘တို့ဗမာအ စည်းအရုံး’ ခေတ်မှာလည်း ပြည်သူတွေက တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြတယ်။ ဆရာစံရဲ့ တောင်သူလယ်သမား ပုန်ကန်မှုကြီးနဲ့ ရေနံမြေ အလုပ်သမားသပိတ်တိုက်ပွဲကြီးတို့ဟာ ပြည်သူတွေဘက်က ဘယ်လောက် တာဝန်ကျေသလဲ ဆိုတာပြလိုက်တဲ့ သက်သေပဲဖြစ်တယ်။ အသက်အိုးအိမ် စည်းစိမ်တွေအများကြီး ဆုံးရှုံးခဲ့ရတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရတယ်။ အဲဒီကာလတွေ တစ်လျောက်လုံးမှာ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြတာချည်းပဲ။ ရှေ့ကခေါင်းဆောင်လုပ်သူတွေ တပ်လှန့် နှိုးဆော်သံပေးလိုက်တာနဲ့ ပြည်သူတွေတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထွက်လာကြချည်း ဖြစ်တယ်။

ခေါင်းဆောင်တွေ ခေါင်းရှောင်ကာ

လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်တွေကို ပြန်ကြည့်၊ ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြတာချည်းပဲ။ ဦးဆောင်ဦးရွက်ပြုခဲ့ကြသူတွေသာ တာဝန်မကျေခဲ့တာ။ “ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ဖို့ လိုတယ်” ဆိုတဲ့စကားက ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့စကားဖြစ်တယ်။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေ၊ ဒီမိုကရေစီ မိခင်နိုင်ငံကြီးတွေဆိုတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက သူတို့ကိုယ်စားဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ပြီး လွှတ်တော်ထဲမှာ ဆောင်ရွက်စေတဲ့ ‘ကိုယ်စားပြုဒီမိုကရေစီ’ (repre- sentative democracy) စနစ်ကို ကျင့်သုံးနေကြတာ ဖြစ်တယ်။ ရှေးခေါမ ခေတ်ကလို ပြည်သူတွေအားလုံး ပါဝင်ဆုံးဖြတ်တဲ့ ‘တိုက်ရိုက်ဒီမိုကရေစီ’ (direct democracy) မဟုတ်ပါဘူး။

ရွေးကောက်ပွဲတွေ ကြည့်ပါ

ဘယ်နိုင်ငံက ဘယ်ပြည်သူတွေမှ နေ့စဉ် တိုင်းရေးပြည်ရာကိစ္စတွေမှာ အချိန်ပြည့် ပါဝင်လုပ်ဆောင်ခြင်း မပြုနိုင်ပါဘူး။ အဲဒီလို ကိုယ်တိုင်အချိန်ပြည့် မလုပ်နိုင်တဲ့အတွက် ကိုယ်စားဆောင်ရွက်မယ့်သူတွေကို မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံရေးသမားတို့၊ နိုင်ငံရေးပါတီတို့ ဆိုတာ အဲဒါကြောင့် လိုအပ်လာခဲ့ရတာဖြစ်တယ်။ “လိုချင်ရင်ကိုယ်တိုင် လုပ်ယူ” ဆိုရင် နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေရှိဖို့ ဘယ်လိုအပ်တော့မှာလဲ။ မြန်မာတွေ ဘယ်လောက်နိုင်ငံကြီးသားပီသပြီး နိုင်ငံရေးတာဝန်ကျေသလဲဆိုတာသိချင်ရင် ရွေးကောက်ပွဲ ကျင်းပချိန်တွေကို ပြန်ကြည့်လိုက်ပါ။

မဲပေးသူ ရာနှုန်း

အထက်မှာပြောခဲ့တဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာဖြစ်ဖြစ်၊ ဒီမိုကရေစီ မိခင်နိုင်ငံကြီးတွေမှာဖြစ်ဖြစ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါမှာ မဲဆန္ဒပေးသူ အရေအတွက် ၉၀ ရာ ခိုင်နှုန်းရှိတယ်။ ၈၀ ရာခိုင်နှုန်းရှိတယ်ဆိုတာမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူး၊ မကြားဖူးပါဘူး။ သူတို့ဆီမှာ အလွန်ဆုံးရှိလှမှ ၆၀ ရာခိုင်နှုန်းကျော် ၇၀ ရာခိုင်နှုန်းလောက်ပါပဲ။ မြန်မာပြည်မှာ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေမှာဆိုရင် ဖဆပလခေတ် ရွေးကောက်ပွဲတွေတောင် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်။ အဲဒီနောက်ခေတ် ရွေးကောက်ပွဲအားလုံးမှာတော့ လာရောက်မဲပေးသူရာခိုင်နှုန်း ၈၀ ကျော် ၉၀ ကျော် ရှိခဲ့တာချည်းပါပဲ။ 

ခါတော်မီ ဂုရုကြီးတွေ

ဒီအချက်တွေက မြန်မာပြည်သူတွေဟာ ဘယ်လောက် တာဝန်ကျေတယ်၊ ဘယ်လောက် နိုင်ငံရေးအသိရှိတယ်ဆိုတာကို ပြဆိုတဲ့ညွှန်းကိန်းတွေပဲ မဟုတ်ဘူးလား။ ဟောကြ၊ ပြောကြသူတွေနဲ့ ဒီမိုကရေစီ ဖတ်စာအုပ်ရေးကြသူတွေအားလုံး ပြည်သူလူထုကို အထင်သေးအမြင်သေးတဲ့ စကားမျိုးတွေ မပြောစေချင်ဘူး။ တကယ် တတ်သိနားလည်သူတွေက ပြောရင် တော်သေးတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက အာဏာပါဝါရှိတဲ့ ဆိုရှယ်လစ်ကြီးတွေကို မျက်နှာချိုသွေး တည့်အောင်ပေါင်းပြီး ခေတ်ပျက်ဆိုရှယ်လစ်သူဌေးလုပ်ခဲ့သူတွေက အစိုးရက ဒီမိုကရေစီလည်း ပြောလိုက်ရော ချက်ချင်းဆိုရှယ်လစ် မျက်နှာဖုံးချွတ်လိုက်ပြီး ခါတော်မီ ဒီမိုကရေစီ ဂုရုကြီးတွေအနေနဲ့ ဟောကြ၊ ပြောကြ ဒီမိုကရေစီ ဖတ်စာအုပ်ကြီးတွေ ရေးကြလုပ်လာကြတယ်။ အဲဒီလူတွေက မြန်မာတွေ ဉာဏ်ရည် နိမ့်ကျသေးတယ်။ ဒီမိုကရေစီအသိ မရှိသေးဘူး။ လူတိုင်းလူတိုင်း ဒီမိုကရေစီ အသိစိတ်ဓာတ်မြင့်မားနေမှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်လို့ပြောတာ တွေကြားရတာကတော့ တော်တော်နားကြားပြင်းကပ်လှတယ်။

မြောင်းထဲရောက်သွားမယ်

နိုင်ငံတော်သမ္မတ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေအားလုံးလိုလိုက သူတို့အားလုံးဟာ ပြည်သူလူထုက ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို အမြဲတမ်း လေးစားလိုက်နာရမယ် လို့ အကြိမ်ကြိမ် ပြောနေကြတယ်။ ဒါဟာပြည်သူကို ဦးထိပ်ထားရမယ်ဆိုတဲ့ သဘောဖြစ်တယ်။ ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို ပြည်သူက အမြဲထောက်ခံအားပေးမှာ ဖြစ်တယ်။ ပြည်သူ့ဆန္ဒသဘောထားကို ဂရုမစိုက်ရုံမက ပြည်သူကို နှိမ့်ချစော်ကားတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး လုပ်ဆောင်လာရင်တော့ ပြည်သူက ဒဏ်ခတ်တာခံရပြီး မြောင်းထဲရောက်သွားမှာသေချာတယ်လို့ သတိပေးလိုက်ချင်ပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 

  


No comments: