Saturday, September 17, 2011

ကိုယ်ပြောထားတဲ့ စကား (ထိန်လင်း)

ဒီတခါတော့ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို အများက သတိပြုမိပေမယ့် ကိုယ်ကိုယ်တိုင်က သတိမပြုမိတတ်တဲ့ သဘောသဘာဝနဲ့ပတ်သက်လို့ စဉ်းစားမိတာလေးတစ်ခုကို ဆွေးနွေးကြည့်ချင်ပါတယ်။

ဒီအတွေးဖြစ်အောင် နှိုးဆော်လိုက်တဲ့အရာကတော့ တချိန်က ဖတ်ဖူးခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့အကြောင်း စဉ်းစားလိုက်မိလို့ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း အသံတိတ်ရုပ်ရှင်ခေတ်က ထင်ရှားခဲ့တဲ့ ချာလီချက်ပလင်ဟာ တခြားသရုပ်ဆောင်တွေနဲ့မတူဘဲ ထူးခြားတဲ့ အသွင်အပြင်၊ ထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ပညာထွန်းကားတဲ့ကာလရဲ့ အစောပိုင်းမှာ ထွက်ပေါ်လာခဲ့သူဖြစ်ပေမယ့် သူ့ခေတ်သူ့အခါမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေ၊ လူတွေရဲ့ စရိုက်သဘာဝ စတဲ့ အနေအထားတွေကို ထင်ဟပ်အောင် တင်ပြနိုင်ခဲ့ပါတယ်။ အဲဒီလို သူ့ရဲ့ သရုပ်ဆောင်မှုတွေ ကောင်းလွန်းတဲ့အတွက်လည်း ကနေ့အထိ လူကြိုက်များနေဆဲဖြစ်ပါတယ်။

သူ့ခေတ်ကို မမီလိုက်တဲ့သူတွေတောင် စွဲစွဲမက်မက် ကြိုက်ကြတယ်ဆိုတော့ သူ့ခေတ်က လူတွေ ဘယ်လောက် ကြိုက်လေမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဘယ်လောက် ကျော်ကြားခဲ့သလဲဆိုရင် ချာလီချက်ပလင်ရဲ့ ဟန်ပန်တွေကို တူအောင် သရုပ်ဆောင်ကြတဲ့ ပြိုင်ပွဲတွေတောင် ရှိခဲ့ပါတယ်။ တချိန်မှာတော့ အဲဒီလို ပြိုင်ပွဲကို ချာလီချက်ပလင် ကိုယ်တိုင် ဝင်ပြီး ပြိုင်ပါတယ်။ ဒါပေမယ့် အဲဒီပြိုင်ပွဲမှာ ပထမဆုကို တခြားလူတစ်ယောက်က ရသွားခဲ့ပါတယ်။ ကိုယ့်အမူအရာကို ကိုယ်တိုင်ဝင်ပြိုင်တာတောင် အတူဆုံးမဖြစ်ဘူးဆိုတာက ထူးခြားတယ်လို့ ဆိုရမလိုပါပဲ။

ဒီအဖြစ်က ကျနော်တို့ကို သင်ခန်းစာ ပေးလိုက်ပါတယ်။ အထူးသဖြင့် ကာယကံရှင်နဲ့ သူ့ကို စောင့်ကြည့်နေကြတဲ့သူတွေရဲ့ ကွာဟချက်ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်လုပ်တာ ကိုယ်သိတယ်ဆိုပေမယ့် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းကို ကိုယ်က သတိပြုမိချင်မှ ပြုတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တာကို ခံလိုက်ရတဲ့လူ၊ ဒါမှမဟုတ် ကိုယ့်ကို စောင့်ကြည့်နေတဲ့သူ အဲဒီလိုလူတွေက ကိုယ့်လုပ်ရပ်တွေနဲ့ပတ်သက်လို့ ပိုပြီး မှတ်မိနေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတဲ့ အကြောင်းအရာလေးတချို့ကို တွေးလိုက်မိပါတယ်။

ကျနော်တို့တိုင်းပြည်မှာ ၁၉၇၄ ခုနှစ်လောက်က မြန်မာပြည်မှာ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း စသဖြင့် ကျောင်းသားအရေးအခင်းတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက တက္ကသိုလ်ကျောင်းသား အများအပြား အဖမ်းခံခဲ့ရသလို၊ အပစ်အခတ် အသတ်အဖြတ်တွေကိုလည်း ခံခဲ့ရပါတယ်။ ဒီ့အပြင် ရာသက်ပန် ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ကျောင်းထုတ်တယ်ဆိုတာ ကျောင်းသားတစ်ယောက်အတွက် အဆိုးဆုံး ပြစ်ဒဏ်တစ်ခုပါ။ အဲဒီလို ပြစ်ဒဏ်ကို ပေးလိုက်တဲ့ မော်ကွန်းထိန်းတို့၊ ကျောင်းအုပ်တို့က သူတို့ ကျောင်းထုတ်ပစ်လိုက်တဲ့ ကျောင်းသားတွေ ဘယ်သူဘယ်ဝါဆိုတာ အကုန်အစင် မသိသလို၊ ကျောင်းထုတ်လိုက်တဲ့အတွက် သူတို့ဘဝတွေ ဘာဖြစ်ကုန်တယ် ဆိုတာလည်း စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီလုပ်ရပ်ကို ခံလိုက်ရတဲ့လူတွေကတော့ သူတို့ကို ဘယ်သူက ရက်ရက်စက်စက် လုပ်ခဲ့တယ်၊ ဘယ်သူက ကျောင်းထုတ်ပစ်ခဲ့တယ် ဆိုတာကို ကောင်းကောင်းကြီး မှတ်မိနေမှာပါ။

နောက်တစ်ခုကတော့ တော်လှန်ရေးအင်အားစု တစ်ခုထဲက အဖြစ်အပျက်ကလေးပါ။ တခါတုန်းက လက်နက်ကိုင် တပ်တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဟာ သူ့လက်ရုံး ရဲဘော်တစ်ယောက်ကို ရှေ့တန်းတနေရာမှာ ခဏသွားနေဖို့ တာဝန်ချလိုက်ပါတယ်။ နောက်တန်းမှာ တလျှောက်လုံး တာဝန်ယူနေရတဲ့လူဖြစ်ပေမယ့် ခေါင်းဆောင်ရဲ့ အမိန့်ဆိုတော့လည်း ရှေ့တန်းမှာ သွားပြီးနေရတာပေါ့။ အဲဒီလို နေလာလိုက်တာ နှစ်ပေါက်တဲ့အထိပါပဲ။ ဒါပေမယ့် နောက်တန်းကို ပြန်မခေါ်ဘူး တဲ့။ ဒီလိုနဲ့ တချိန်ကျတော့ အဲဒီခေါင်းဆောင်က ရှေ့တန်းက တပ်တွေဆီ လှည့်လည်ရင်း ဟိုရဲဘော် တာဝန်ယူနေတဲ့စခန်းကို ရောက်လာပါတယ်။ ဒါပေမယ့် ရဲဘော်ကို တွေ့တဲ့အခါ “မင်းက ဒီမှာ ဘာလုပ်နေတာလဲ”လို့ မေးသတဲ့။ သူက သူအမိန့်ပေးထားခဲ့တာကို မေ့သွားတာကိုး။ သူတာဝန်ပေးထားလို့ နေရတဲ့သူကို အဲဒီလို မေးလိုက်တော့ ဟိုခမျာ ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ ရပါတယ်။

ဒီဖြစ်ရပ်ကလေးတွေဟာ ချာလီချက်ပလင်အစစ်က သူ့အမူအရာကို လိုက်တုပြီး သရုပ်ဆောင်တဲ့လူကို ရှုံးသွားတဲ့ ဖြစ်ရပ်ကလေးလိုပါပဲ။ ကိုယ့်လုပ်ရပ်ကို ဘယ်သူကမှ အလုံးစုံ မမှတ်မိဘူးလို့လည်း ကောက်ချက်ချနိုင်မယ်ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ကိုယ့်ရဲ့ အပြုအမူတွေ၊ ကိုယ်ပြောတဲ့ စကားတွေကို သတိပြုမိဖို့ လိုအပ်သလို၊ တာဝန်ယူမှုတွေ ချင့်ချိန်မှုတွေလည်း ရှိနေရမှာ ဖြစ်ပါတယ်။ ကိုယ်ဟာ ဘယ်သူတွေအပေါ် ဘယ်လို ကတိပေးခဲ့သလဲ၊ ဘယ်သူတွေကို ဘယ်လို တာဝန်ယူဖို့လိုအပ်သလဲ၊ ကိုယ်လုပ်ဖို့ ကျန်နေတာတွေက ဘာတွေလဲ စသဖြင့် အမြဲတမ်း သတိရှိရှိနဲ့ ဆင်ခြင်သုံးသပ်နေရမှာဖြစ်ပါတယ်။ ကိုယ်က တာဝန်ရှိသူတစ်ယောက်ဖြစ်လေ အများနဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် ပိုပြီး သတိရှိရလေဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်တွေအားလုံးအပေါ် အမြဲတမ်း သတိရှိနေရင်တော့ အကောင်းဆုံးပါပဲ။ ။ 

၅၊ ၂၊ ၂ဝဝ၆


 

No comments: