Friday, September 9, 2011

ဗွီအိုအေ ပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ကြာသပတေး, 08 စက်တင်ဘာ 2011

ဒီတပတ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်လိုတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားနဲ့ ပြည်ပရောက်မြန်မာတွေ ပြန်လာဖို့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်အပေါ် သဘောထားအမြင်တွေ ဗွီအိုအေ သောတရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး မေးမြန်းထားပါတယ်။ 

ထိုင်းနိုင်ငံ မဲဆောက်မြို့က ကရင်လူငယ်တဦးဖြစ်တဲ့ စောနေဒါဝေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်လာရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် မေးမြန်းထားပါတယ်။ 

မေး။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကျနော့်အနေနဲ့ အန်တီစုရဲ့ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖြစ်ပေါ်လာအောင် ကြိုးစားလုပ်ဆောင်နေမှုအပေါ်မှာ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ကျနော့်စိတ်ထဲမှာ စိုးရိမ်မှုနဲ့အတူ မသိတာလေးတွေရှိလို့ အန်တီစုကို အနည်းငယ်မေးခွန်း မေးခွင့်ပြုပါ။

(၁) အန်တီစုရဲ့ အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး သမတဦးသိန်းစိန်နဲ့ တိုင်းရင်းသားတွေကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြေလည်သွားအောင် အန်တီစုက ကြားနေဝင်ရောက် ကူညီဆောင်ရွက်ပေးမယ်လို့ ကြားသိရပါတယ်။ အဲဒါကြောင့် အန်တီစုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို မြင်တဲ့ အမြင်သဘောထားနဲ့ အုပ်ချုပ်သူအစိုးရကို မြင်တဲ့ အမြင်သဘောထား တူညီနေပါသလားလို့ မေးချင်တာပါ။

(၂) အန်တီစုနဲ့ ဝန်ကြီးဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးမှု တိုးတက်လာတယ်လို့ ရေဒီယိုကဆင့် ကြားရပါတယ်။ အဓိက တိုင်းပြည်ဖွံဖြိုးတိုးတက်မှုကို ဦးစားပေးပြီး၊ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲ ကြားသိရပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အဓိက ပြဿနာက စီးပွားရေးချွတ်ခြုံကျနေမှု ပြဿနာလား၊ ဒါမှမဟုတ် နိုင်ငံရေးပြဿနာလားဆိုတာ ဖြေပေးစေချင်ပါတယ်။ ဘယ်တခုကို ဦးစားပေးလုပ်ဆောင်ရမှာပါလဲ။

(၃) ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း သတင်းစာရှင်းလင်းပွဲမှာ အန်တီစု ဦးဆောင်တဲ့ အန်အယ်ဒီပါတီဟာ နိုင်ငံရေး လုပ်ချင်ရင် တရားဝင် မှတ်ပုံတင်ပြီးမှ လုပ်ရမယ်လို့ ပြောနေပါတယ်။ အန်တီစုအနေနဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ ပြောဆိုချက်ကို ဘယ်လိုဖြေဆိုချင်ပါသလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ အန်တီတို့ ခဏခဏ ပြောခဲ့တဲ့အတိုင်းပဲ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့အခါမှာ နှစ်ဦးနှစ်ဖက်စလုံးက နိုင်ငံအကျိုးကို မျှော်ကိုးပြီး၊ အလျှော့အတင်းလုပ်ရမှာ ဖြစ်ပါတယ်။ ဟိုလို ဒီလိုဖြစ်မှ ဆိုပြီးတော့ လုံးဝ အပေးအယူမလုပ်ဘူးဆိုရင် တကယ့်ဆွေးနွေးပွဲ မမည်ပါဘူး၊ ရန်ဖြစ်ပွဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ သက်ဆိုင်သူအားလုံးက လေးလေးနက်နက်စဉ်းစားပြီးတော့ ဘယ်ဟာတွေက အဆင်ပြေနိုင်တယ်၊ ဘယ်ဟာတွေကိုတော့ ထပ်မံ ဆွေးနွေးပြီး အဖြေရှာသင့်တယ်ဆိုတာ တာဝန်သိသိနဲ့ ဆုံးဖြတ်ရမှာပါ။ အဖြေ ချက်ခြင်းမထွက်ရင်လည်း ထပ်မံ ကြိုးစားကြတာပေါ့။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အန်တီတို့လည်း အများကြီး အလေးထားပါတယ်။ အခြားကိစ္စတွေကို ပြေလည်အောင် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အဲဒီဖက်မှာလည်း ပြေလည်မှုတွေ ရနိုင်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် သားတို့လည်း ကြားပြီးဖြစ်မှာပါ။ နေပြည်တော်ကို သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ သွားခဲ့ပါတယ်။ နောက်တနေ့မှာတော့ အလုပ်ရုံဆွေးနွေးပွဲကို တနာရီလောက် သွားပြီး နားထောင်ခဲ့ပါတယ်။ ကြားလိုက်ရတဲ့ စာတမ်း နှစ်ခုကတော့ စိတ်ဝင်စားစရာကောင်းပြီး၊ စဉ်းစားစရာတွေလည်း အများကြီးပါပဲ။ ရန်ကုန်ကို ပြန်စရာရှိတာကြောင့် ဆက်ပြီးတော့ မတတ်ခဲ့တာဖြစ်ပါတယ်။

တဖက်နဲ့ တဖက် ပြေလည်ချင်တယ်ဆိုရင် ချိန်ခွင်လျှာညီမျှတဲ့ ချည်းကပ်မှုမျိုးဖြစ်ဖို့ လိုပါတယ်။ ဒီလိုပြောတာဟာ နှစ်ဖက်စလုံးကို တမျိုးတည်းမြင်တယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ပါဘူး။ တတ်နိုင်သလောက် ဓမ္မဒိဌာန်ကျကျ မြင်ဖို့ ကြိုးစားတာသာ ဖြစ်ပါတယ်။ ဒါမှလည်း အထောက်အကူပြုနိုင်မှာလေ။ ဝန်ကြီးဦးအောင်ကြည်နဲ့ အမေတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားရေး စီးပွားရေး လူမှုရေးလုပ်ငန်းတွေအတွက် ပူးတွဲဆောင်ရွက်သွားမယ်ဆိုတာ ပါပါတယ်။ ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးကို အလေးထားတယ်ဆိုတာကို သိမြင်နိုင်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲကို တတ်ရောက်လာတဲ့ သတင်းထောက်တွေကို ပြောတဲ့ကိစ္စကို အမေ့အနေနဲ့ တုံ့ပြန်ဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ အမေကတော့ အဆင်ပြေအောင် ကြိုးစားလုပ်မယ်လို့ ဆုံးဖြတ်ပြီးမှ မပြေလည်မယ့်စကားတွေကို မလိုအပ်ဘဲ မပြောချင်ပါဘူး။

မလေးရှားနိုင်ငံက ချင်းအမျိုးသား ဆလိုင်းချိုမနားကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်မှုမရသေးဘဲ ဘာကြောင့် ကြာနေရသလဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ပါတယ်။ 

မေး။ ကျနော်တို့ရဲ့ ဒီမိုကရေစီတိုက်ပွဲ ဘာလို့ ကျရှုံးခဲ့ရတာလဲ၊ တနည်းအားဖြင့် ဘာလို့ မအောင်မြင်သေးတာလဲ၊ ဘယ်သူ့မှာ တာဝန် ရှိတာလဲ။ ဒီနေရာမှာ ကျနော့်ရဲ့ ထင်မြင်ယူဆချက်ကို ထည့်ပြောပါရစေ။ ကျနော်တို့တိုက်ပွဲ ကျရှုံးခဲ့တာဟာ တဖက်က စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးကျွမ်းကျင်လွန်းလို့၊ စည်းလုံးညီညွတ်နိုင်ကြလွန်းလို့ သူတို့နိုင်နေတာမဟုတ်ဘဲ ကျနော်တို့ ဒီမိုကရေစီ တော်လှန်ရေးသမားတွေ၊ စည်းလုံးညီညွတ်မှုမရှိလို့ ကျနော်တို့ ကျရှုံးရတယ်လို့ ထင်ပါတယ်။ တနည်းအားဖြင့် သူတို့တော်နေလို့ သူတို့နိုင်နေတာမဟုတ်ဘဲ ကျနော်တို့ ညံ့နေလို့ သူတို့နိုင်နေတာလို့ ယူဆပါတယ်။ ဒီ မလေးရှားမှာလည်း ဒီမိုကရေစီရရှိရေး လုပ်နေပါတယ်ဆိုတဲ့ လူတွေရဲ့ လုပ်ရပ်တွေဟာ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ အဲဒီလိုပဲ ပြည်ပအသီးသီးကိုရောက်ရှိနေကြတဲ့ ဒီမိုကရေစီရေး အတွက် လှုပ်ရှားနေတယ်ဆိုတဲ့သူတွေရဲ့လုပ်ရပ်တွေကိုလည်း စိတ်ပျက်စရာ ကြားနေရပါတယ်။ ဒါ ဘယ်လိုဖြစ်နေကြတာလဲ၊ ဘယ်လိုစုစည်းမှု ရယူနိုင်ကြမလဲ၊ ကျနော့်ရဲ့ ထင်မြင်ယူဆချက်ဟာ တကယ့်အမှန်တရားနဲ့ ဘယ်လောက်နီးစပ်မှု၊ မှန်ကန်မှုရှိပါသလဲဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျား။

ဖြေ။ ကျမတို့ ဒီမိုကရေစီရရှိရေးအတွက် ဒီလို အချိန်အကြာကြီး လုပ်ဆောင်ရခဲ့တာကို အပေါင်းလက္ခဏာဘက်ကလည်း ကြည့်လို့ရပါတယ်။ အတွေ့အကြုံတွေ များလာတာနဲ့အမျှ ဘယ်လို ပြုပြင်သင့်တယ်၊ ဘာတွေ ရှောင်သင့်တယ်ဆိုတာကို သိလာရပါတယ်။ ကျမကတော့ ဦးဆလိုင်း ချိုမနားရဲ့ ရပ်တည်ချက်ကို သဘောကျပါတယ်။ ကိုယ့်ဘက်က ဘာတွေ အားနည်းနေသလဲ၊ ဘယ်လို ပိုပြီးတော့ ကောင်းအောင်လုပ်နိုင်မလဲဆိုတာက တဖက်ကိုချည်း အဆိုးမြင်တာထက် ပိုပြီးတော့ တန်ဖိုးရှိပါတယ်။ တခုတော့ သတိပေးချင်တာက ဒီလို လှုပ်ရှားမှုကြီးတွေမှာဆိုရင် အခက်အခဲတွေ တွေ့ကြုံရလို့ အချိန်တွေ ကြာလာလို့ တဦးနဲ့တဦး လက်ညှိုးထိုးကြတာ တဦးကိုတဦး အပြစ်ပုံကြတာ မညီမညွတ်ဖြစ်ကြတာတွေဟာ မထူးဆန်းပါဘူး။ ကျမတို့မြန်မာနိုင်ငံသားတွေထဲမှာတင် မဟုတ်ပါဘူး၊ ဒါကြောင့် စိတ်မပျက်ပါနဲ့ ကိုယ့်အသိုင်းအဝိုင်းကနေ စပြီးတော့ တတ်နိုင်သလောက် ပြုပြင်ဖို့လိုတာတွေကို ပြုပြင်ဖို့ ကြိုးစားကြည့်ကြပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို့က စောဂျိုနသန်ဆိုတဲ့ ကရင်လူငယ်တဦးကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ခုခံတိုက်ခိုက်နေရတာပါဆိုပြီး သူ့အမြင်ကို ပြောသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကိုလည်း တုံ့ပြန်မေးထားပါတယ်။ 

မေး။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ငြိမ်းခြမ်းချင်းမရှိသေးဘဲ အုပ်ချုပ်သူ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ်နှင့် အုပ်ချုပ်သူအစိုးရဘက်မှ တိုင်းရင်းသားဒေသများကို ပိုင်ဆိုင်ချင်၍ မတရား ဖိနှိပ်အုပ်ချုပ်ချင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ သူတို့နှင့် သူတို့အမျိုးသားတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် နယ်မြေဒေသများကို ကာကွယ်နိုင်ရန်၊ တန်းတူအခွင့်အရေးတို့ ရရှိရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြဌာန်းနိုင်ရန်နှင့် အခွင့်အရေးချိုးဖောက်မှုများ ချုပ်ငြိမ်းစေရန်၊ စစ်မှန်သော တရားမျှတမှုရှိသော အုပ်ချုပ်ရေး ပေါ်ပေါက်လာစေရန်အတွက် မတတ်(သာ)သဖြင့် ပြန်လည်၍ ခုခံတိုက်ခိုက်နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများအပေါ် အန်တီစု ဘယ်လို မြင်ပါသလဲခင်ဗျား။ အန်တီစုရဲ့အမြင်ကို သိချင်ပါသဖြင့် ကျေးဇူးပြု၍ ဖြေကြားပေးပါဦး ခင်ဗျား။

ဖြေ။ အန်တီတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရခဲ့တဲ့အကြောင်းရပ်က သမိုင်းနဲ့ချီပြီးတော့ ဆယ်စုနှစ်နဲ့မက ရာစုနှစ်များအထိ တိုင်းရင်းသားတွေအချင်းချင်းအကြား နားလည်မှု ယုံကြည်မှု မတည်ဆောက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီမှာ ဘယ်သူက အပြစ်ပိုတယ်လို့မစဉ်းစားဘဲ ဘယ်သူကပိုပြီး သဘောထားကြီးကြီးနဲ့ အနာဂတ်အတွက် လုပ်နိုင်မလဲဆိုတာက အဓိက ဖြစ်ပါတယ်။ အန်တီကတော့ ကိုယ်တိုင် လူများစုဖြစ်နေတဲ့ မြန်မာတယောက်ဖြစ်နေတော့ မြန်မာတွေကို ပိုပြီး သဘောထားကြီးစေချင်တယ်။ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ကို အလေးထားပြီးတော့ ဖြည့်ဆည်းပေးစေချင်ပါတယ်။ အချင်းချင်းကြား နားလည်ပြီး နာကျည်းချက်တွေ ပျောက်ဖို့ဆိုတာ လူကြီးတွေထက် လူငယ်တွေက ပိုပြီးစွမ်းဆောင်နိုင်မယ် လို့ ထင်ပါတယ်။ ဒါကြောင့် သားတို့လို မျိုးဆက်သစ်တွေက ရှေးကမျိုးဆက်တွေ မစွမ်းဆောင်နိုင်ခဲ့တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးဖြစ်ပေါ်လာအောင် လုပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ လူကြီးတွေက လူကြီးတွေ တတ်နိုင်သလောက် လူငယ်တွေက လူငယ်တွေ တတ်နိုင်သလောက် လက်တွဲဆောင်ရွက်သွားမယ်ဆိုရင် မုချ အောင်မြင်မှာပါ။

နောက်မေးခွန်းတွေကတော့ ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဆွေးနွေးမေးမြန်းကြတာတွေဖြစ်ပါတယ်။ ၈၈ အရေးအခင်းဖြစ်ပြီးကတည်းက ပြည်ပမှာ အလုပ်လုပ်ကိုင်နေရတဲ့ ကိုဝင်းရှိန်က သမ္မတ ဦးသိန်းစိန်ကမ်းလှမ်းချက်ဟာ ဝမ်းသာရမလား ဝမ်းနည်းရမလား မေးလိုက်ချင်ပါတယ်တဲ့။

မေး။ ကျနော်က ၈၈ မှာ အထက်တန်းကျောင်းသားပါ။ ၈၈ အရေးအခင်းပြီးတော့ အိမ်ကလူကြီးတွေက အဖမ်းခံရမှာစိုးလို့ သင်္ဘောလိုက်ခိုင်းတော့ သင်္ဘောပေါ်ရောက်၊ မပျော်တော့ ရောက်တဲ့နေရာမှာ ခုန်ဆင်း၊ အခုတော့ ဥရောပနိုင်ငံတခုမှာ ပျော်တယ် မပျော်တယ် မစဉ်းစားဘဲ နေနေတာပါပဲ။ အိမ်ပြန်ချင်တယ်ဆိုတဲ့သီချင်းကို အမြဲတမ်းညည်းရင်း ပြန်ရမယ့်နေ့ကို စောင့်နေတာ နှစ်တွေလည်း မနည်းတော့ပါဘူး။ သမ္မတကြီးက ပြန်လာကြပါဆိုတော့ ဝမ်းနည်းရမလား ဝမ်းသာရမလား ဦးသိန်းစိန်လို့ပဲ မေးလိုက်ချင်ပါတော့တယ်။ အန်တီခင်ဗျား သမ္မတကြီးရဲ့ အဲဒီကမ်းလှမ်းချက်အပေါ် အန်တီ့ သဘောထားကို သိပါရစေ။

ရန်ကုန် သင်္ကန်းကျွန်းက ကိုသောင်းထိုက်ကလည်း ပြည်ပရောက်မြန်မာတွေ ပြန်လာဖို့ကမ်းလှမ်းချက်အပေါ် မေးခွန်းထုတ်ထားပါတယ်။

မေး။ နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်ကို ကျနော်တို့ ဘယ်လို နားလည်ရမယ်ဆိုတာ ပြောပြပေးပါခင်ဗျာ။ ဒါ့အပြင် ပြည်ပရောက်နေသူတွေ ပြန်လာဖို့ ကမ်းလှမ်းချက်ကိုလည်း ကျနော်တော့ နားမလည်နိုင်လောက်အောင်ပါပဲ။ တကယ်ဆို ပြည်တွင်းထဲက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချထားသူတွေကို အရင်ဆုံး လွှတ်ပေးသင့်တယ် မဟုတ်ဘူးလားခင်ဗျာ။ နေပြည်တော်မှာကျင်းပမယ့် ဆွေးနွေးပွဲကို အန်တီ သွားတက်မှာလားခင်ဗျာ။ ကျနော့်စာ ဖတ်တဲ့အချိန်ကျရင်တော့ အန်တီ တက်တယ် မတက်ဘူးဆိုတာ သိပြီးရလောက်ပြီ ထင်ပါတယ်။ တကယ်လို့ တက်ခဲ့တယ်ဆိုရင်လည်း အဲဒီဆွေးနွေးပွဲအကြောင်း အန်တီ ပြန်ပြောပြပေးပါဦးနော်။ မတက်ခဲ့ဘူးဆိုရင်လည်း ဘာ့ကြောင့် မတက်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာလေး ကျနော်တို့သိရအောင် ပြောပြပေးပါခင်ဗျာ။

ဖြေ။ သမ္မတကြီးက နိုင်ငံခြားရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပြန်လာစေချင်တာဟာ နိုင်ငံရဲ့အနာဂတ် လုပ်ဆောင်ချက်တွေမှာ တတ်နိုင်သမျှ အားလုံးပါဝင်စေချင်တဲ့သဘောလို့ ထင်ပါတယ်။ ပြန်လာနိုင်တဲ့အခြေအနေ ရှိမရှိကို သားတို့လို နိုင်ငံခြားရောက်နေသူတွေက သိချင်တာကလည်း သဘာဝကျပါတယ်။ ဒီအချိန်မှာ တတ်နိုင်သလောက် ဓမ္မဓိဌာန်ကျတဲ့အမြင်ကိုထားပြီး အခြေအနေကို သုံးသပ်ပါ။ ဒီနေ့ မနက်ဖြန် ချက်ခြင်းအဖြေပေးရမယ့်ကိစ္စမျိုးမှ မဟုတ်တာ။ သားတို့လို အိမ်ပြန်ချင်သူအားလုံး အမြန်ဆုံး လုံလုံခြုံခြုံနဲ့ ပြန်လာဖို့ ဖြစ်ပါစေလို့ ဆုတောင်းသလို၊ ဖြစ်နိုင်အောင်လည်း အန်တီတို့ဘက်က တတ်နိုင်သလောက် ကြိုးစားပါ့မယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်


 

No comments: