Tuesday, July 12, 2011

ဒေါ်စုနဲ့သားငယ် ဗိုလ်ချုပ်ကို ဂါရဝပြု

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းတို့ဟာ ဒီကနေ့မှာ ဖခင်ဖြစ်သူနဲ့ အဖိုးဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်နဲ့ အမေနဲ့ အဖွားဖြစ်သူ ဒေါ်ခင်ကြည် ဂူဗိမာန်တို့ကို သွားရောက် ဂါရဝပြုခဲ့ကြပါတယ်။



အာဇာနည်ကုန်းရဲ့ ထိန်းသိမ်းရေးအဖွဲ့ကို NLD က ကြိုတင်မေတ္တာရပ်ခံထားလို့ ကားနှစ်စီးနဲ့ လာရောက်ဖို့ ခွင့်ပြုထားလို့ ဗိုလ်ချုပ် ဂူဗိမာန်ရှိရာ အာဇာနည်ကုန်း သွားရတာ အဆင်ပြေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အတွင်းရေးမှူးနဲ့ လုံခြုံရေးအရာရှိချုပ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

 
 
 

ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ် ရွှေတိဂုံဘုရားလမ်းပေါ်က ဒေါ်ခင်ကြည် ဂူဗိမာန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ သွားရောက် ဂါရဝပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

မနက်ပိုင်းမှာတော့ ရွှေတိဂုံဘုရားကို လက်ယာရစ်တပတ် လှည့်လည် ဖူးမြော်ခဲ့ကြတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

 
 
 
 
 
 
 
 ဒီကနေ့သွားတာတွေမှာ အာဏာပိုင်တွေဘက်က ဘာအနှောင့်အယှက်မှ မပေးခဲ့ပေမယ့် ထုံးစံအတိုင်း ဘေးကစောင့်ကြည့်သူက ၂၀ ကနေ ၃၀ ကြားလောက်တော့ရှိမယ်လို့ ဦးဝင်းထိန်က ခန့်မှန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အာဇာနည်ကုန်းမှာ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂါရဝပြုပြီးဖြစ်လို့ လာမယ့်တပတ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာရော လာရောက် ဂါရဝပြုဖို့ကတော့ အာဇာနည်နေ့ ကျင်းပရေး ကော်မတီက ဖိတ်စာ ပို့မပို့ပေါ်မှာမူတယ်လို့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်မှာ နှစ်စဉ် ကျင်းပနေကြအတိုင်း ကျင်းပဖို့ပြင်ဆင်နေကြပြီး နံရံကပ်စာစောင် ကပ်တာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ ကဗျာတွေရွတ်ဖတ်တာတွေ လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

မိခင် ဒေါ်အောင်ဆန်းစုကြည်ဆီကို လာရောက်လည်ပတ်တဲ့ သားငယ်ဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းကတော့ ဒီညပိုင်းက ရန်ကုန်မြို့ကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

သတင်း - ဘီဘီစီ၊ ဓာတ်ပုံများ - AP, Reuters, Getty Images




 

No comments: