Wednesday, July 6, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၆ ဇူလိုင် ၂၀၁၁

ဒီကနေ့အစီအစဉ်မှာ NLD ကနေ အခမဲ့ ဆေးကုပေးခဲ့တဲ့အပေါ် ကျေးဇူးတင်စကားနဲ့အတူ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးပိုင်းကလူကြီးတွေ မဟုတ်တာလုပ်ရင် ဥပဒေအရ ဘယ်လို ရင်ဆိုင်ရမလဲ၊ အကြမ်းမဖက်ရေး လမ်းစဉ်၊ လူထုအခြေအနေနဲ့ တဦးတည်း ခေါင်းဆောင်မှုနောက်ကို လိုက်သလိုဖြစ်နေတဲ့ အခြေအနေအပေါ် သဘောထား၊ စီးပွားရေးပိတ်ဆို့မှု ဆက်ထားသင့် မထားသင့်၊ လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။


အရင်ဆုံးတော့ NLD ရဲ့ အခမဲ့ ဆေးကု လူမှုလုပ်ငန်းအပေါ် ပဲခူးမြို့က တ.သ.စ ကံချွန် ကျေးဇူးတင်စကား ဆိုထားတဲ့စာနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို နားဆင်ကြရအောင်ပါ။

မေး။ ။ ၇ ရက် ၅ လ ၂၀၁၁ တုန်းက ပဲခူးမြို့ တောင်သူစုကျေးရွာရှိ ကျန်းမာရေးချို့တဲ့နေသော ရဟန်း သံဃာတော်များ၊ သက်ကြီးရွယ်အို လူကြီးလူငယ်များပါမကျန် အခမဲ့ ဆေးကုပေးခဲ့ ကြသော ဆရာဝန်များ၊ ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှ လူကြီး လူငယ်များအား ကျနော်တို့ တရွာလုံးက အင်မတန်မှ ကျေးဇူး တင်ရှိပါကြောင်း ပြောကြားပေးပါ။ ရှေ့ဆက်ပြီး အခုလို လူမှု အကျိုးပြုလုပ်ငန်းများ ဆထက်တံပိုး တိုးပြီး လုပ်ဆောင်နိုင်ပါစေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ကြီးလည်း တောင့်တင်းခိုင်မာစွာဖြင့် ထာဝရ ရပ်တည်နိုင် ပါစေလို့။

ဖြေ။ ။ တောင်သူစု ကျေးရွာသူ ကျေးရွာသားများကို ကျန်းမာရေးအရ အကူအညီပေးနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ဒါပေမဲ့ ကျေနပ်တယ်လို့တော့ မပြောနိုင်ပါဘူး။ လုပ်ဖို့လိုတာတွေကလည်း အများကြီး၊ လုပ်ချင်တာတွေကလည်း အများကြီး။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေး နည်းလမ်း အသွယ်သွယ်၊ လူမှုရေးနည်းလမ်းအဖုံဖုံနဲ့ ဆက်လက်ပြီး ကြိုးစားပါ့မယ်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာက ဦးဆန်းမြင့်ကတော့ ဆိုးညစ်တဲ့ ရပ်ကွက် ကျေးရွာ ဥက္ကဋ္ဌတွေကို ဥပဒေကြောင်းအရ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို အကြံ တောင်းထားပါတယ်။

မေး။ ။ ကျေးရွာဥက္ကဋ္ဌဆိုတာ လူထုရဲ့အားကိုးရာမရဘဲ ကျေးရွာလူထုကို အကြောင်းပြုပြီး လူကြီးလုပ်နေ တဲ့ ဥက္ကဋ္ဌတွေ မြို့ပြတွေမှာထက် ကျေးရွာတွေမှာ ပိုများပါတယ်။ မြို့နယ်မှာရှိတဲ့ ရုံးပေါင်းစုံကို ကျေးရွာဥက္ကဋ္ဌ တွေက လက်လှမ်းမီထားတော့ တက် မတိုင်ရဲဘူး။

ကျနော်တို့လို ကျေးလက်နေ အောက်ဆုံးပြည်သူလူထုတွေက ဆိုးညစ်ယုတ်မာတဲ့ အခြေခံ ဥက္ကဋ္ဌတွေကို တရားသဖြင့် ဥပဒေဘောင်အတွင်းက ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာရယ်၊ ထိရောက်အောင် ဘယ် အဆင့်အထိ ဘယ်လို တိုင်ကြားရမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြေကြား အကြံပေးပါရန် လေးစား အားကိုးစွာဖြင့် တင်ပြအပ်ပါသည်ခင်ဗျား။

ဖြေ။ ။ ပြည်သူလူထုကို ဥပဒေနဲ့မညီ၊ မတရားပြုကျင့်မှုမှန်သမျှကို ဥပဒေလမ်းကြောင်းအရ ကူညီဖို့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူအဖွဲ့နဲ့ ရှေ့နေများကွန်ယက်က ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။

ဦးဆန်းမြင့်တို့ကျေးရွာက အဖြစ်အပျက်တွေကို မြို့နယ် သို့မဟုတ် တိုင်းမှတဆင့်၊ သို့မဟုတ် အဖွဲ့ချုပ်ဗဟို ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီးတော့ တင်ပြမယ်ဆိုရင် ကျမတို့ ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေး ပါ့မယ်။

အကြမ်းမဖက်ရေးလမ်းစဉ်၊ မြန်မာလူထု ဒီကနေ့ရှိနေတဲ့ အနေအထားနဲ့ တဦးတည်း ခေါင်းဆောင်မှုနောက်ကို လိုက်နေကြရတာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေး သဘောထား မေးထားသူကတော့ မန္တလေးမြို့က မောင်နောက်တိုးဆိုတဲ့ သောတရှင်ဖြစ်ပါတယ်။

မေး။ ။ လူငယ်တွေနဲ့တွေ့ဆုံပွဲမှာ အန်တီပြောခဲ့တဲ့ အကြမ်းမဘက်ရေးလမ်းစဉ်ဟာ အသစ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်းက အန်တီကိုင်စွဲခဲ့တဲ့ လမ်းစဉ်ပါ။ လူထုကို ထိခိုက်မှု အနည်းဆုံး နည်းနဲ့ ဒီမိုကရေစီ ရအောင်ယူမယ်လို့ အန်တီ မကြာခဏ ပြောတတ်ပါတယ်။
ဒါမှလည်း နောက်ပိုင်း ရေရှည် ကောင်းမယ်ပေါ့။ အမှတ်တမဲ့တော့ အင်မတန် ကောင်းတယ်လို့ ထင်ရပါတယ်။

စစ်တပ်ရဲ့အောက်မှာ အကြာကြီးနေလာရတော့ ပြည်သူတွေလည်း စိတ်ဓာတ်ပျက်ပြားကုန်ကြပါပြီ။ သည် နေရာမှာ အကျင့်စာရိတ္တကို ပြောတာမဟုတ်ပါဘူး။ ဘယ်အယူဝါဒ ဘယ်အဖွဲ့အစည်းကိုမှ မယုံကြည်ကြ တော့ပါဘူး။ တစ်ဝမ်းတစ်ခါး အဆင်ပြေရေးကိုပဲ ဦးတည်ကုန်ကြပါပြီ။ ရိုးသားကြိုးစားမှုဆိုတာ ပုံပြင် ဖြစ်သွားပါပြီ။ အာစောက်ကို လျှာနဲ့ထောက်ပြီး အံကျိတ်ရလွန်းလို့ အံတွေလည်းတိုကုန်ပါပြီ။ စိတ်ဓာတ်ကျ ကုန်တာ၊ သိမ်ငယ်စိတ်ဝင်ကုန်ကြတာကို ဆိုလိုတာပါ။

နောက်တစ်ခု၊ အန်တီ့အသက်က ၆၆ ရှိပါပြီ။ ဥပစ္ဆေဒကကံနဲ့ မကြုံနဲ့ဦး အသက်သွေးခဲဆိုတာ ပြောလို့မရ ပါဘူး။ အန်တီ့အနေနဲ့ ဒီမိုကရေစီရအောင်၊ ရပြီးရင်ခိုင်မာအောင် ကြိုးစားပေးရမယ့် တာဝန်တွေရှိပါတယ်။ သည်လိုပြောလိုက်လို့ လူပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာချည်း ပုံအားကိုးနေတဲ့သဘော မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေနေအချိန်ခါတစ်ရပ်မှာ လူပုဂ္ဂိုလ်တစ်ယောက်ဟာ ပဓာန ကျနေတတ်ပါတယ်။ သည်သဘောကို လူထု ကရော ခေါင်းဆောင်ကပါ ငြင်းပိုင်ခွင့်မရှိပါဘူး။ အန်တီတို့ policy maker တွေ ရဲ့အတွင်းရေးတွေကို ခရေစေ့တွင်းကျ မသိပေမဲ့ ပွဲကြည့် ပရိတ်သတ်သက်သက် မဟုတ်သူတစ်ဦးရဲ့ ဉာဏ်မီသလောက် တင်ပြ ချက်တွေပါ။ အန်တီ့ရဲ့သဘောထားကို သိပါရစေ။

ဖြေ။ ။ မောင်နောက်တိုးက လူတဦးတယောက်ကို အားကိုးတာမဟုတ်ပါဘူး ဆိုပေမဲ့ အန်တီ့ကို အားကိုး တာ လွန်နေပုံရပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းမှာ လက်နက်ကိုင် တိုက်ခိုက်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီကာလ တော်တော်များများမှာ အန်တီကလည်း အကျယ်ချုပ်နဲ့ပဲ ရှိနေတယ်ဆိုတော့ အကြမ်းဖက်ရေး မဖက်ရေးကို အခြား အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ မိမိတို့ဖာသာ စဉ်းစား ဆုံးဖြတ် လုပ်ကြတာပါပဲ။

အကြမ်းမဖက်ရေးလမ်းစဉ်ကို ဘယ်သူ့ကိုမှ အတင်းအကျပ်လိုက်နာရမယ်လို့ မပြောနိုင်သလို ပြောလည်း မပြောခဲ့ပါဘူး။

တခါ မန္တလေးမြို့ကပဲ တူမောင် ဖိုးပြူးဆိုတဲ့ B. E. ဘွဲ့ရ အင်ဂျင်နီယာတယောက်ကတော့ မြန်မာ့နိုင်ငံရေး အကြောင်းပြောရင် မပါမဖြစ် ကိစ္စရပ်တခုဖြစ်တဲ့ စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတွေ မထိရောက်တာကြောင့်ဆိုပြီး ဆက်ထားသင့် မထားသင့် စဉ်းစားပေးဖို့ ပြောထားပါတယ်။

မေး။ ။ အခုဆိုရင် ဥရောပနိုင်ငံများမှ ပိတ်ဆို့မှုများ အဆင့်လျှော့ပေးလိုက်ပြီ။ မြန်မာအစိုးရဘက်က ဘာမှ မလိုက်လျောသေးပါဘူး။ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှ တက်လာသောအစိုးရကို အသိအမှတ်မပြုရေး ကြိုးပမ်းချက်လည်း ရေစုန်မျောသွားပြီ။ သူတို့တွေ မေ့လိုက်ကြပြီ။ စကားမဟတော့၊ ဒီလိုနဲ့ စစ်အုပ်စုရဲ့ ဒရွတ်တိုက် ဆွဲခေါ်ရာနောက်ကို NLD နဲ့ အနောက်အုပ်စုတို့ လိုက်ပါရပါတော့မည်။ အဲ့လိုဆိုရင် အစိုးရလည်း မထိခိုက်၊ NLD လည်း အကျိုးမရှိ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရဖို့ အခွင့်အလမ်း လွဲခဲ့) တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရေရှည်မှာ ထိခိုက်စေတဲ့ စီးပွားရေး ပိတ်ဆို့မှုကို ဆက်ထားသင့်၊ မထားသင့် အန်တီစု စဉ်းစားပေးစေလိုပါတယ်။

ဖြေ။ ။ ဥရောပနိုင်ငံတွေက ပိတ်ဆို့မှုတွေကို လျှော့လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ထုတ်ပြန်ထားတဲ့ အချက်တွေကို သေသေချာချာ ပြန်ပြီးတော့ လေ့လာပါ။ Sanctions နဲ့ပတ်သက်လို့ NLD က ကြေညာချက် တွေထဲမှာကော၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များရဲ့ ပြောဆိုချက်တွေထဲမှာကော အတော့်ကို ပြည့်စုံနေပြီဖြစ်လို့ အန်တီ ထပ်ပြီးတော့ ရှင်းပြစရာမလိုတော့ဘူးလို့ ထင်ပါတယ်။

နောက်ဆုံးစာကတော့ မြန်မာလူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အကြောင်းအရာ ပါ။ အနာဂတ်မှာ အားကိုးကြရမယ့် မျိုးဆက်သစ်တွေအရေး စိတ်မအေးစွာ မေးထားသူက စစ်တွေမြို့က ဦးခိုင်ပါ။

မေး။ ။ မြန်မာနိုင်ငံမှာ လူငယ်အများစုဟာ ကာယ ဉာဏ စာရိတ္တ ဖွံ့ဖြိုးမှုမှာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ် လို့မရအောင် နောက်ကျကျန်ခဲ့ပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အနာဂတ် နိုင်ငံတော်ရဲ့ အားထားရမဲ့ မျိုးဆက်သစ်တွေဟာ ဒီနေ့အချိန်မှာ ဒုစရိုက်လုပ်ငန်းတွေဖြစ်တဲ့ အရက်ဆိုင်၊ လောင်းကစားဝိုင်း၊ ကာရာ အိုကေ၊ အနှိပ်ခန်းတွေမှာ အချိန်ကုန် ပျော်ပါးနေကြတာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

ဒီကပ်ဆိုးကနေ ရှောင်ရှားနိုင်ဖို့ မိမိရဲ့ပတ်ဝန်းကျင်နဲ့ လက်လှမ်းမီသလောက် လူငယ်တွေ လက်ခံလာနိုင်အောင် ထိရောက်တဲ့ ပညာပေး ဆောင်ရွက်ဖို့ နည်းလမ်းတွေကိုသိလိုပါတယ်။

ဖြေ။ ။ ကမ္ဘာ့ကုလသမဂ္ဂ ဖွဲ့ဖြိုးရေးအစီအစဉ်ရဲ့ ၂၀၁၀ အစီရင်ခံစာအရ လူသားဖွံ့ဖြိုးရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ၁၃၂ နေရာမှာရှိပြီးတော့ နိမ့်ကျတဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ ပါနေပါတယ်။ လူသား ဖွံ့ဖြိုးမှုကို တိုင်းဆတဲ့အခါမှာ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်၊ လူ့အဖွဲ့အစည်းအခြေအနေတွေ အားလုံးကို ထည့်တွက်ပါတယ်။

ကျမတို့နိုင်ငံကလူငယ်တွေ ကာယ၊ ဉာဏ၊ စာရိတ္တ အားကောင်းသင့်သလောက် မကောင်းတာဟာ တနိုင်ငံ လုံးရဲ့ နိမ့်ကျနေတဲ့ အခြေအနေကြောင့်ဖြစ်ပါတယ်။ ဥပမာတခု ပေးရမယ်ဆိုရင် စီးပွားရေးအဆင်မပြေလို့ မိဘတွေက မဖြောင့်မမတ် ပြုလုပ်တာတွေကို တွေ့နေရတဲ့ကလေးတွေ၊ အာဏာပိုင်တွေကို ကြောက်ရလို့ မမှန်မကန်လုပ်တဲ့မိဘတွေ ထိန်းသိမ်း ကွပ်ကဲမှုအောက်မှာ ကြီးပြင်းလာရတဲ့ကလေးတွေ၊ ဒီလိုကလေးတွေ စာရိတ္တအားနည်းတာဟာ သဘာဝကျတယ်လို့ပဲ ပြောရတော့မှာပေါ့။

ကာယဘက်ကို ကြည့်ပြန်တယ်ဆိုလို့ရှိရင်လည်း လုံလောက်တဲ့ ထောက်ပံ့မှုမရှိတဲ့ ပညာရေးစနစ်အောက်မှာ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားလိုက်စားနိုင်တဲ့ ကျောင်းများဟာ အင်မတန်မှ နည်းလှပါတယ်။ ကျမတို့ ငယ်ငယ်ကလို အစိုးရအစီအစဉ်နဲ့ နို့မှုန့်တိုက်တဲ့ကျောင်းတွေကတော့ လုံးဝမရှိတော့ဘူးထင်ပါတယ်။ အိမ်ကမိဘတွေကလည်း ချို့တဲ့တော့ ဒီကလေးတွေ သန်သန်မာမာ ကြီးပြင်းလာဖို့က အခွင့်အရေး နည်းလှပါတယ်။ ဒီပေါ်မှာထပ်ဆင့်ပြီး ကျန်းမာရေးစနစ်က ကမ္ဘာပေါ်မှာ ဒုတိယအနိမ့်ဆုံးဖြစ်နေတော့ ကျန်းမာ သန်စွမ်းတဲ့ လူငယ်တွေ နည်းတာဟာ အံ့သြစရာ မဟုတ်တော့ပါဘူး။

ကျမတို့နိုင်ငံက ကလေးတွေဟာ မွေးရာပါ ဉာဏ်အစွမ်း ထက်ရင်တောင်မှ ပညာရေးစနစ် နိမ့်ကျမှုကြောင့် ဗဟုသုတ အတွေးအခေါ် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ဖြစ်နေပါတယ်။ ကျောင်းပြီးပြီဆိုလို့ရှိရင် ကာယ၊ ဉာဏ၊ စာရိတ္တ အားလုံး ခပ်ယဲ့ယဲ့နဲ့ လောကရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါမှာ လူငယ်တွေ အကျင့်ပျက် လာကြတာဟာ ကျမတို့နိုင်ငံတခုလုံးရဲ့ ပြဿနာလို့ပဲ ခေါ်ရမှာပါ။

ပျက်စီးနေတဲ့လူငယ်တွေကို ပြန်လည် ထူထောင်ဖို့ဆိုတာဟာ စကားအရ သွန်သင် ဆုံးမရုံနဲ့ မဖြစ်ပါဘူး။ မိမိတို့ကိုယ် မိမိတို့ ယုံကြည်မှုအပြည့်အ၀နဲ့ ဘ၀ကို အသစ်တဖန် ပြန်စနိုင်ဖို့ အခွင့်အရေးတွေလည်း ပေးရပါ လိမ့်မယ်။ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် ရာဇ၀တ်မှုကျူးလွန်ခဲ့တဲ့ လူငယ်တွေ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု ရှိခဲ့တဲ့ လူငယ်တွေကို ပြန်လည်ထူထောင်ရေး စီမံကိန်းတွေထဲထည့်ပြီး အသက်မွေးဝမ်းကျောင်းပညာ၊ အနုပညာ၊ လူသားချင်းစာနာရေး စီမံကိန်းများနဲ့တွဲပြီး အမျိုးမျိုးအဖုံဖုံ ကြိုးစားရပါတယ်။ ဒါတောင်မှ အောင်မြင်မှုနှုန်း မြင့်တယ်လို့ မပြောနိုင်ပါဘူး။

ကျမတို့နိုင်ငံလို အကူအညီလိုနေတဲ့လူငယ်တွေ အလွန်များနေတဲ့အခါမှာ စနစ်တခုလုံးကို ပြောင်းပြီး တနိုင်ငံ လုံးက ရုန်းရပါလိမ့်မယ်။ ဒီလိုပြောလို့ ဦးခိုင် စိတ်ဓာတ်မကျပါနဲ့။ အောင်မြင်မှုဆိုတာ အောင်မြင်ချင်တဲ့ဆန္ဒ နဲ့ပဲ စကြရမှာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။



 

No comments: