Thursday, July 28, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၉ ရက်)



လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို စစ်ဆေး
ဧရာဝတီ Thursday, 28 July 2011 12:00

လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

ကျောက်စိမ်း သိန်းတထောင်ဖိုး ရှမ်းပြည်တွင် ဖမ်းဆီး
သန်းထိုက်ဦး Thursday, 28 July 2011 18:09

သိန်းတထောင်ဝန်းကျင် တန်ဖိုးရှိသည့် ကျောက်စိမ်းများကို ရှမ်းပြည်နယ် လားရှိုး - သိန္နီ ကားလမ်း၊ ရေပူ စစ်ဆေးရေးဂိတ်က ယခုလ ၁၆ ရက်နေ့တွင် သိမ်းဆည်းလိုက်ကြောင်း သိရသည်။


သယ်ဆောင်ခွင့် လက်မှတ် မရှိသဖြင့် ကျောက်ကုန်သည် ၁၂ ဦးခန့် ပိုင်ဆိုင်သည့် ထိုကျောက်စိမ်းများ အသိမ်းခံရခြင်း ဖြစ်သည်ဟု ပိုင်ရှင်တဦးဖြစ်သူ ဒေါ်စိုးစိုးက ဧရာဝတီကို ပြောသည်။

“တခါမှ အဖမ်းခံရတာ မကြုံဘူး၊ ဒီတခါ ကြုံဖူးတော့ အရင်းကို ပြုတ်သလောက် ဖြစ်သွားတာပါပဲ” ဟု သူက ရှင်းပြသည်။

ထိုကျောက်စိမ်းတုံးများကို ယခုလဆန်းပိုင်း နေပြည်တော် ကျောက်မျက် ရောင်းချပွဲသို့ သွားရောက်ခဲ့သည့် တရုတ်နိုင်ငံသားများထံမှ ၀ယ်ယူထားကြခြင်း ဖြစ်ကြောင်း ဒေါ်စိုးစိုးက ပြောသည်။

“တရုတ်နိုင်ငံသားတွေက ကုန်သည်ကြီးတွေ။ ကိုယ်က သူတို့ဆီက လက်လီကလေး ၀ယ်ရတယ်။ သယ်ဆောင်ခွင့် လက်မှတ်တွေ ဘယ်လိုလုပ် ငှားမှာလဲ” ဟု ဒေါ်စိုးစိုးက ရှင်းပြသည်။

တရုတ်နိုင်ငံသို့ သွားမည့် ထိုကျောက်စိမ်းတုံးများကို လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲ၊ စစ်တပ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တနေ့တွင် ကျောက်များ ပြန်လည် ရရှိရန် သွားရောက် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

လဆန်းပိုင်းက ပြုလုပ်သည့် ကျောက်မျက်ပွဲတွင် တရုတ်ကုန်သည်ထက် ပြည်တွင်း ကုန်သည်တို့၏ ၀ယ်ယူမှုက ပိုမို များပြားကြောင်း သိရသည်။


ထိုသို့ ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်၏ တန်ဖိုး အပေါ် ၃၀ ရာခိုင်နှုန်း အခွန် ကောက်ခံမည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်ဖွယ်ရှိကြောင်း ကျောက်ကုန်သည်များက သုံးသပ်ကြသည်။

ကျောက်စိမ်းကို တရုတ်လူမျိုးများ အလွန် နှစ်သက်ပြီး အမြတ်တနိုး ၀တ်ဆင်ကြသည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို လက်ကောက်၊ လည်ဆွဲ စသည့် အချောထည်ပုံ အမျိုးမျိုး ထုဆစ်ကာ အရောင်းအ၀ယ် လုပ်ကြသည်။

ရှမ်းပြည်နယ် မူဆယ်မြို့ တဖက်ကမ်းရှိ တရုတ်နိုင်ငံ ရွှေလီမြို့သည် တရားဝင်နည်း၊ တရားမ၀င်နည်းများဖြင့် ရောက်ရှိသွားသော မြန်မာ့ကျောက်စိမ်းများကို အကြီးအကျယ် ရောင်းဝယ်သည့် ဒေသတခု ဖြစ်သည်။


တိုင်းရင်းသားဒေသ စစ်ပွဲများ အမြန်ဆုံးရပ်ရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား
ထွန်းထွန်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ပထမဆုံး လူသိရှင်ကြား ပန်ကြားမှု ဖြစ်သော အစိုးရ တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တကွ ကချင်လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်တပ်မတော်တို့သို့ လိပ်မူထားသော အိတ်ဖွင့်
ပေးစာတွင် “တိုင်းရင်းသား လူမျိုးများ အားလုံး၏ အကျိုးစီးပွားများကို ရှေးရှု၍ ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်ခတ်ရပ်ဆဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်” ဟု ပါရှိသည်။

“ ယင်းပဋိပက္ခများကြောင့် သေကြေပျက်စီးမှုများ ဝမ်းနည်းဖွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုးကြီးသည့်
နိုင်ငံပိုင် အဆောက်အဦးများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေ ကြသည့်အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ ကူးစက် ပျံ့နှံ့မည့် အန္တရာယ်ရှိနေပါသည်” ဟုလည်း ပါရှိသည်။


“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒများစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင်ခဲ့ကြသော ညီအကိုမောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများအားလုံး ချစ်ကြည်ရင်းနှီး သွေးစည်းညီညွတ်ရေးသည် အလွန်အရေးကြီးပါသည်” လည်း ပါရှိသည်။

နိုဝင်ဘာ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲပြီး နောက်တရက်ကပင် ကရင်ပြည်နယ်တွင်း တကျော့ပြန် စတင်ခဲ့သော စစ်ပွဲများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်များတွင်ပါ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဗဟိုအစိုးရ တပ်အောက်သို့ ဖိအားပေး သွတ်သွင်းရန် ကြိုးစားလာခဲ့ခြင်းက ယခင် အပစ်ခတ်ရပ် အဖွဲ့များကိုပါ စစ်ပွဲတွင်းသို့ ဆွဲခေါ်လာတော့သည်။

တိုင်းပြည်တခုတွင် စစ်တပ်တခုတည်း ရှိရေးမူကို နေပြည်တော်က တဖတ်သတ် ကြိုးစားနေချိန်တွင် ဖြစ်ပွားနေသော စစ်ပွဲများအကြောင်းကိုလည်း နေပြည်တော် ထိပ်တန်းအရာရှိများအကြား ထုတ်ဖော်ပြောဆိုမှု မပြုလုပ်ကြသလို အကဲဆတ်ထိ မခံသော အကြောင်းအရာ တခုဖြစ် နိုင်ငံရေးပါတီများကလည်း သတ်မှတ် ထားကြသည်။

“အခြေအနေအရ ဒီကိစ္စတွေ ငြိမ်းချမ်းဖို့အတွက် ဆောင်ရွက်ပေးချင်တယ်လို့ ထုတ်ကြေညာလိုက်တာပဲ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အခု ပြည်တွင်းစစ်မီး တောင်လောက်နေတဲ့ အနေအထားကို ရောက်နေတယ်။ ဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ဆိုတာ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် လုပ်ဖို့ကောင်းတယ်။ အဖွဲ့အစည်း ရွေးနေစရာ မလိုပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ပြကြဖို့၊ ဆွေးနွေးကြဖို့၊ ညှိနှိုင်းကြဖို့ဆိုတာ အမြဲတမ်း လိုနေတာပဲ” ဟု NLD က ဗဟိုကော်မတီဝင် ဦးဝင်းတင်က ဆိုသည်။

ယခုထုတ်ပြန်ချက်ကို မိမိတို့အနေဖြင့် ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးပွင့်ဆိုင် ဆွေးနွေး သွားမှာကိုလည်း လိုလားကြောင်း ပြန်လည် ပူးပေါင်းထားသည့် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ တိုင်းရင်းသားများကို ကိုယ်စားပြုပြီးတော့ လက်ရှိ အစိုးရနဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးပေးနိုင်မယ် ဆိုရင်တော့၊ တောင်းဆိုပေးမယ် ဆိုရင်တော့ ကျနော်တို့က လိုလားပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့အထိ ရှမ်းနှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ရှိနေသည်။ တိုက်ပွဲများကြောင့် ကျောင်းများပင် ပိတ်ထားရကာ အစိုးရဘက်မှ လေယာဉ်ဖြင့်ပင် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ရှမ်းပြည်တပ်မတော် SSA အရာရှိများထံမှ သိရသည်။

ကချင်ပြည်နယ်တွင်လည်း KIO နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန်အတွက် စာဖြင့် အပြန်အလှန် ညှိနှိုင်းနေ သော်လည်း ယခုအချိန်အထိ မစေ့စပ်နိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။ စစ်ဘေးကြောင့် ဒုက္ခသည် ၁၆ဝဝဝ ကျော် ရှိနေကာ အကူအညီများ လိုအပ်နေကြောင်းလည်း KIO ကျန်းမာရေးဌာန အရာရှိတဦး
ပြောဆိုချက်အရ သိရသည်။

ကရင်ပြည်နယ်တွင်လည်း ဒေသခံတပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဇူလိုင်လ ၂၁ ရက်နေ့ထိ တဖက်နှင့် တဖက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး ဘက်ပြောင်းသွားသည့် ဗိုလ်ချုပ်နှုတ်ခမ်းမွှေး တပ်များ မြဝတီမြို့အနီး လှုပ်ရှားမှုရှိသဖြင့် ရွာသားများအား ရွာပြင်မထွက်ရန် DKBA တပ်များက တပ်လှန့်ထားခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ဘယ်နည်းနဲ့ဖြစ်ဖြစ်ပေါ့ဗျာ။ ငြိမ်းချမ်းရေး ရချင်တယ်။ ဘယ်လိုနည်းနဲ့ ရနိုင်မလဲ ဆိုတာ။ တယောက်နဲ့ တယောက် တိုက်ပြီး ချေမှုန်းနေတာတော့ မလိုချင်ဘူးဗျ အမှန်အတိုင်း ပြောရင်၊ ပြည်တွင်း ငြိမ်းချမ်းဖို့ ဆိုရင်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် တရပ်ဖွဲ့စည်းရန်ကိုလည်း ဇူလိုင်လ ၂၇ ရက်နေ့က ၃၇ ပါတီနှင့် ပြည်ထောင်စုကော်မရှင် တွေ့ဆုံပွဲတွင် တိုင်းရင်းသား ၅ ပါတီက တောင်းဆိုခဲ့ကာ လွှတ်တော်၌ တင်ပြသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့သည်။

တောင်းဆိုခဲ့သည့် ၅ ပါတီမှာ မွန်၊ ရခိုင်၊ ဖလုံစဝေါ်၊ ရှမ်းနှင့် ချင်းအမျိုးသားပါတီတို့ ဖြစ်သည်။

“ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအခြေအနေက လိုအပ်နေတယ်လေ။ ခဏခဏ ပစ်နေတာတွေ၊ ခတ်နေတာတွေ ရှိတယ်လေ။ ပြည်သူတွေကလည်း သိပ်ပြီး အေးအေးဆေးဆေး မနေရဘူးပေါ့။ ရွာတွေဘက်က တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေမှာ ဒါက ပထမ အရေးကြီးတဲ့ အရာလို ဖြစ်နေတာ ငြိမ်းချမ်းရေးကလေ” ဟု ဖလုံစဝေါ်ပါတီ အတွင်းရေးမှူး ဦးစောဘီကျင်ဦးက ပြောသည်။

မြန်မာစစ်တပ်အား သျှမ်းပြည်တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်
ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် BNI

သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အားမြန်မာ စစ်တပ် တပတ်ကျော်ကြာ ဝိုင်းရံနေချိန် သျှမ်းပြည် တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်နေ ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ ဌာနချုပ်ဘက်ကို အင်အားထပ်ဖြည့်မယ့် ဗမာတပ်တွေကို စဝ်ယွက်စစ်ခေါင်းဆောင်တဲ့လက် အောက်ခံတပ်တွေက လမ်းမှာဖြတ်တိုက်တယ်။ မနေ့က မိုင်းနောင်ဘက်မှာတိုက်ပွဲအကြီး
အကျယ်ဖြစ်တယ်။ ကျေးသီး မိုင်းနောင်လမ်းဘက်လဲ အဲလိုဘဲ”- ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျူလိုင် ၂၇ ရက် သျှမ်းပြည်တပ်မတော် SSPP/SSA မှ သီပေါမြို့နယ် မိုင်းတုံ - မိုင်းလာ ကျေးရွာအုပ်စု၌ တိုက်ပွဲ နှစ်ကြိမ်၊ မိုင်းရှူး မြို့နယ်၌ တကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် လည်း SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း ဘက်အင်းအားဖြည့်သည့်မြန်မာစစ်တပ်အား မိုင်းနောင်မြို့ နယ်ခွဲ အတွင်း ခြုံတိုက်ခိုက်သောကြောင့် မြန်မာဘက်က ဗျူဟာမှူး အဆင့်အပါအဝင် တပ်ကြပ်တယောက်၊ စစ်သည် တယောက် ဒဏ်ရာရသွားကြောင်း - ပြောပါသည်။


“ကျနော်တို့လှုပ်ရှားနေတဲ့ နယ်မြေအတွင်းမှာဘဲ တိုက်ခိုက်တာပါ။ မြောက်ပိုင်းနယ်မြေကို မြန်မာတပ်တွေ အင်အားသွားဖြည့်မယ့် သတင်းရထားလို့ ခြုံခိုတိုက်ခိုက်တာဘဲဖြစ်ပါတယ်။ ဘယ်နေရာဘဲတိုက်တိုက် ဘုံရန် သူတယောက်ထဲကိုဘဲ တိုက်တယ်ဆိုတော့ သဘောတူညီချက်အရ ကူညီတိုက်ခိုက်တာပါဘဲ” - ဟု RCSS ပြောရဲဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။


ဂျူလိုင် ၂၅ ရက်က မြန်မာစစ်တပ် စကခ ၁၇ လက်အောက်ခံ မိုင်းပန်အခြေစိုက် ခမယ ၅၇၇ တပ်ရင်းအား RCSS/SSA လက် အောက်ခံတပ်ဖွဲ့တဖွဲ့က မိုင်းနောင်မြို့နယ်ခွဲ ဝမ့်စင်းတိုက်နယ် နမ့်မောင်တံတား နှင့် လုံယန်းကွင်းပြင် အကြား ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ မြန်မာဘက်မှာ ဗျူဟာမှူး ဗိုလ်မှူး ဝင်းညွှန့် အပါအဝင် တပ်ကြပ်ကြီးတယောက်၊ ရဲဘော်တယောက် ဒဏ်ရာအပြင်း အထန် ရရှိပြီး ရှေ့မတက်ရဲဘဲ နောက်ပြန်လှည့် သွား ကြောင်း ဆိုသည်။


သီပေါမြို့နယ်အတွင်းတိုက်ပွဲတွင် SSPP/SSA သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်လောက်ခံ ဗိုလ် စိုင်းယွေး ဦးဆောင် သည့် စစ်ကြောင်းတကြောင်း မြန်မာတပ် ခမယ ၃၂၅ အား မိုင်းတုံတိုက်နယ်၊ မိုင်းလာ ကျေးရွာအုပ်စု၊ ပုံလျဲန်းရွာအနီး၌ ယမန့် နေ့က နှစ်ကြိမ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ မွန်းတည့်ချိန်တိုက်ပွဲတွင် မြန်မာဘက်မှ ရဲဘော်တယောက်သေဆုံးပြီး ၅ ယောက် ဒဏ် ရာရရှိကြောင်း၊ ညနေပိုင်းတိုက်ပွဲ အပြင်းအထန် တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း အသေအပျောာက်စာရင်းမရရှိသေးကြောင်း ဗိုလ်မှူးစိုင်လ ကပြောပါသည်။


မြန်မာအစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော်အကြား ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွား၏။ ဌာနချုပ် ဝမ့်ဟိုင်းအားလည်း မြန်မာတပ် ၁၀ ရင်းကျော်က ဝိုင်းရံထားဆဲဖြစ်၏။ ထိုအခြေအနေ အတွင်း အပစ်ရပ်ပြီး ငြိမ်းချမ်းရေး တည် ဆောက်ရန် မြန်မာဘက်မှ သံဃာတော်နှစ်ပါးစေလွှတ်ပြီး ဆွေးနွေးခဲ့ သေး၏။ သျှမ်းပြည်တပ်မတော်ဘက်တွင်မူ ရှေ့တန်းတက် မြန်မာ တပ်များရုပ်သိမ်းပေးခြင်းမရှိဘဲ ငြိမ်းချမ်းရေး အတွက်ကမ်းလှမ်းလာသည်မှာ အပြောနှင့် လက်တွေ့အလုပ်မညီဟု ဝေဖန်သုံးသပ်ပါသည်။

မြေသိမ်းမှုကြောင့် ရှမ်းတိုက်ပွဲများဖြစ်ရ
ကိုပေါက် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် ရှမ်းလက်နက်ကိုင် တပ်များ အကြား တိုက်ပွဲများ
ဖြစ်ပွားနေရခြင်းမှာ အာဏာပိုင်များက ဒေသခံများ၏ လယ်မြေ မတရား သိမ်းပိုက်မှုများကြောင့်သာ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစောယွန်းပိုင်က ပြောသည်။

“မကျေနပ်မှုတွေကတော့ ရှိနေကြမှာပဲလေ။ အဲဒီကနေ ပေါက်ကွဲတာပေါ့။ နယ်မြေ အသိမ်းခံရတယ်ဆိုတော့လည်း ဘယ်သူ ကျေနပ်မလဲဗျာ။ ပိုင်ရှင်က တောဘက်က အဖွဲ့အစည်းတွေကို သွားတိုင်မှာပေါ့ဗျာ။ ရန်ငြိုးရန်စကတော့ အဲဒီက စတာ ဖြစ်မှာပါ။ အလကားနေရင်းသက်သက်တော့ ဒီကိစ္စ မဖြစ်ပါဘူးဗျ။ အဲတော့ ကြုံရင်ကြုံသလို ချကြတာပေါ့” SNDP တောင်ပိုင်း ဥက္ကဋ္ဌ ဦးစောယွန်းပိုင်က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း မတရားမှုများ ဖြစ်ပေါ်ပါက SNDP ပါတီအား တိုင်ကြားနိုင်ကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် ဆောင်ရွက်လာခဲ့ရာ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဆန်နှင့် ခိုလမ်မြို့နယ်များမှ တိုင်ကြားစာများအား စီစစ်လက်ခံရရှိထားသည်။

တိုင်ကြားစာအများစုမှာ အစိုးရတပ်မှ လယ်မြေများ မတရား သိမ်းပိုက်ထားမှုများ ဖြစ်ကြောင်း ဦးစောယွန်းပိုင်က “ခိုလမ်ဘက်မှာ မီးရထားလမ်းဖြတ်မှာ မလွတ်လို့ဆိုပြီး လိုတာက နည်းနည်း သိမ်းလိုက်တာက အများကြီးပေါ့။ ပေ ၁ဝဝ လောက် လိုတာကို ပေ ၅ဝဝ လောက် အလွန်အကျွံ သိမ်းပစ်တာပေါ့။ လယ်စိုက်တဲ့နေရာတွေကို လိုက်သိမ်းတာမျိုး ရှိတယ်” ဟု ဥပမာတခု ထုတ်ပြ ပြောဆိုသည်။

ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေးတွင်း အတွက် လယ်တဧကလျှင် လျော်ကြေး ၂၄ဝ၁၈ ကျပ်ဖြင့် လယ်မြေများ သိမ်းယူမှုနှင့် နမ်ဆန်မြို့နယ်တွင်လည်း အလားတူ မြေသိမ်းမှုများ ဖြစ်ခဲ့ပြီး မိုင်းကိုင်မြို့နယ်မှ ထော်လာဂျီတစီးအား တပ်မှ ချောစွဲထားစဉ် တောထဲ၌ မီးလောင်ကျွမ်းပြီး ယာဉ်မောင်း သေဆုံးခဲ့ရမှု စသည့် မတရားမှုများအား စီစစ် လက်ခံ ရရှိထားကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာများနှင့် ပတ်သက်၍ “တချို့ကိစ္စကို ပြည်နယ်လွှတ်တော်မှာ တယ်ပြမယ်၊ တချို့ကိစ္စကျ
ပြည်ထောင်စု လွှတ်တော်မှာ တင်ပြမယ်၊ တချို့ကို ILO နဲ့ ညှိနှိုင်းမယ်။ တချို့ကိစ္စလေးတွေ NGO နဲ့ ညှိနှိုင်းမယ်” ဟု SNDP ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

ပြည်နယ် ဝန်ကြီးချုပ်အားလည်း တပါတည်း တိုင်ကြားခြင်း ဖြစ်သည်။ အနယ်နယ်မှ တိုင်ကြားမှုများ များပြားသော်
လည်း ခိုင်လုံသည့် သက်သေ အထောက်အထား ရှိသည့် တိုင်ကြားစာများကိုသာ တောင်ကြီး SNDP ရုံးက လက်ခံထားကြောင်း သိရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၇ နေရာ အနိုင်ရရှိထားသော SNDP ပါတီသည် ရှမ်းပြည်နယ် အစိုးရ
တွင်လည်း ဝန်ကြီး ၂ နေရာ ရရှိထားသည်။

ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ် အတွင်းမှ ပြန်လည် ဖြစ်ပွားနေသော တိုက်ပွဲများမှာ မြေယာများ အဓမ္မသိမ်းယူရာမှ ဖြစ်ပွားရသည့် အလျောက် နှစ်ရှည် အထိန်းသိမ်းခံနေရသော ဦးခွန်ထွန်းဦး၊ စဝ်ဆေထင်တို့ အပါအဝင် ရှမ်းခေါင်းဆောင်များ လွတ်မြောက်ရေးနှင့် မဆိုင်ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။

“ရှမ်းခေါင်းဆောင်တွေ လွှတ်ပေးလိုက်လို့ အပစ်အခတ်တွေ ရပ်သွားမယ်ဆိုတာ သိပ်မဖြစ်နိုင်ဘူးဗျ။ ခုတိုက်နေတာ
တွေက ခွန်ထွန်းဦးတို့၊ စဝ်ဆေထင်နဲ့ သိပ်မဆိုင်ဘူးဗျ။ သူတို့ကို လွှတ်လိုက်လို့ အပစ်အခတ်တွေ ရပ်သွားမယ်လို့ သိပ်မထင်ဘူးဗျ” ဟု သူက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် SNDP မှ တင်ပြခဲ့ပြီး မကြာမီ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဖြင့် တနှစ် လျှော့ချလာသော်လည်း နောက်ထပ် ထူးခြားမှု မရှိခဲ့ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို စက်တင်္ဘာလတွင် ပြန်လည် ကျင်းပနိုင်ဖွယ်
ရှိသည်ဟု ယူဆရကြောင်း ဦးစောသန်းမြင့်က ပြောသည်။

SNLD ပါတီအာဘော် အပတ်စဉ် ဂျာနယ်ကို မြန်မာ-ရှမ်း နှစ်ဘာသာဖြင့် ဇူလိုင်လတွင် စတင်ထုတ်ဝေရန် စီစဉ်ထားသော်လည်း ပါတီအကြောင်းမှ လွဲ၍ အခြားအကြောင်းအရာများ မဖော်ပြရဟု စာပေစီစစ်ရေးမှ ဆိုသဖြင့် မထုတ်ဝေနိုင်သေးကြောင်းလည်း ကြားသိရသည်။


ဒေါ်စု တရားစခန်း ဝင်မည်
မျိုးသန့် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၆ မိနစ်


ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့မှစ၍ တရားစခန်း ၃ ရက်ဝင်မည် ဖြစ်ကြောင်း NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောသည်။

“ မနက်ဖြန်ကစပြီး တရားစခန်း ၃ ရက်ဝင်မယ် ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းမှာ ” ဟု မဇ္ဈိမကို ပြောသည်။

ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် တရားအားထုတ်မည့် တရားစခန်းကို ပြောရန် ငြင်းဆိုသော်လည်း ရန်ကုန် ၁၀ မိုင်ကုန်းရှိ ကျောင်းတိုက်တွင် စခန်းဝင်မည်ဟု ယုံကြည်ရသည်။

ပဲခူးမြို့တွင်လည်း ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့ နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီးနောက် တလပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် ၁၀ မိုင်ကုန်းရှိ
ရွှေတောင်ကုန်း ပဏ္ဍိတရာမ သံဃာတော်များကို ဆွမ်းကပ်လှူခဲ့ဖူးသည်။

မြန်မာကလေးငယ် ၈ ဦးကို လူကုန်ကူးဂိုဏ်းမှ ထိုင်းရဲ ကယ်ဆယ်
Wednesday, 27 July 2011 10:22 The Nation မောက္ခသတင်း

ချင်းမိုင်မြို့ မူအန်နယ်မြေရှိ ငှါးရမ်းထားသော အခန်းတစ်ခန်းကို ထိုင်းရဲမှ ၀င်ရောက်စစ်ဆေးပြီး အသက် ၃ နှစ်မှ ၁၄ နှစ် အရွယ် ကလေးငယ်များကို မြန်မာ လူကုန်ကူးသူ ၃ ဦး လက်မှ ကယ်တင်နိုင်ခဲ့သည်။

ကလေးငယ်များကို လမ်းမကြီးများပေါ်တွင် တောင်းရမ်းခိုင်းပြီး နေ့စဉ် ဘတ်ငွေ ၅၀၀ မရှာပေးနိုင်ပါက နှိပ်စက် ခံကြရသည်ဟုလည်း သတင်းရရှိသည်။

ပြည်နယ်ရဲချုပ် ဒုဗိုလ်ချုပ် ချိုင်ယသီရိအမ်ပမ်ကာက ဖမ်းဆီး ထားမိသူတို့မှာ မြန်မာ အမျိုးသား တင်ဝင်း (အသက် ၅၇ နှစ်) နှင့် မြန်မာ အမျိုးသမီး ၂ ဦး၊ ချွေကြီး (၅၄ နှစ်) နှင့် မချို (၄၇ နှစ်) တို့ဖြစ်ကြောင့် ပြောပြခဲ့သည်။

ယခင်က အသက် ၁၄ နှစ်နှင့် အသက် ၁၆ နှစ် အရွယ် မိန်းကလေးငယ် ၂ ဦးတို့မှာ နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေး လွတ်မြောက် ခဲ့ကြသည်။ သူတို့က ရဲဖက်သို့ ပြောပြခဲ့ရာတွင် သူတို့နှင့် အခြားသော ကလေးငယ်များကို အတင်းအဓမ္မ တောင်းရမ်း ခိုင်းစေခဲ့ကြပြီး မိန်းကလေးငယ် ၂ ဦးမှာ ဂိုဏ်းခေါင်းဆောင်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ကြရသည်။

ရဲချုပ်က ပြောကြားရာတွင် ဤလူကုန်ကူးဂိုဏ်းမှာ မယ်ဆိုင်မြို့၊ ချင်းရိုင်ခရိုင် တဖက်ခြမ်းတွင် နေထိုင်ကြသည့် ကရင်နှင့် မြန်မာ မိသားစုများမှ ကလေးငယ်များကို ခိုးယူခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကလေးငယ်များကို ချင်းမိုင်မြို့တွင် နေထိုင်စေပြီး ထိုင်းစကား ပြောသင်ပေးပြီး အ၀တ်နွမ်းများ ၀တ်ဆင်ပေးကာ လမ်းမပေါ်တွင် ငွေတောင်းရမ်းရန် စေခိုင်းခဲ့ကြသည်။ ကလေးတစ်ဦးချင်းမှ နေ့စဉ် ဘတ်ငွေ ၅၀၀ မတောင်းရမ်းနိုင်ပါက ရိုက်နှက်ခံကြရသည်။ တင်ဝင်းဆိုသူက မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားကြောင်း ရဲချုပ်က ရှင်းပြခဲ့သည်။

ရဲဖက်က ဆက်လက် စစ်ဆေးနေပြီး အခန်းသို့ မရောက်မီ အပြင်ထွက်သွားကြသော အခြားကလေးငယ် ၁၀ ဦးကိုလည်း ကယ်တင်ရဦးမည်ဖြစ်သည်။ အဖမ်းခံထားရသည့် ၃ ဦးမှာ လူကုန်ကူးမှု၊ တရားမ၀င် ၀င်ရောက်မှုတို့ အပြင် တင်ဝင်းမှာ အသက် ၁၅ နှစ်အောက် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့်လည်း ရုံးတင်ခံရမည်ဖြစ်သည်။

ကလေးများ စစ်တပ်ထဲရောင်းစားသူ တရားစွဲခံရ
ရန်ပိုင် Thursday, 28 July 2011 18:42

အသက် မပြည့်သေးသည့် ကလေး ၂ ယောက်ကို လိမ်လည် ခေါ်ဆောင်ပြီး စစ်တပ်သို့ ရောင်းစားသည့် အမျိုးသမီးတဦးကို ကလေးမိဘများက ပြည်မြို့နယ် တရားရုံးတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ နေ့က ခေတ္တရာမြို့သစ် ရွှေတံခါးရပ်ကွက်ရှိ ကုလသမဂ္ဂ ကလေးသူငယ်ဖွံဖြိုးရေး အစီအစဉ် (Unicef) မှ ဖွင့်လှစ်သည့် ကျောင်းရှိ မောင်ချစ်သဲကို (အသက် ၁၅နှစ်) နှင့် သူငယ်ချင်းဖြစ်သူ မမိုးမိုးခိုင် (အသက် ၁၄ နှစ်) တို့အား အိမ်နီးချင်းဖြစ်သည့် ဒေါ်မြင့်မြင်ချိုက နေပြည်တော်၌ အလုပ်ရမည်ဆိုကာ ခေါ်ဆောင်၍ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ အမှတ် (၆၀၅) အမြောက်တပ်ရင်းသို့ ပို့ဆောင် ရောင်းစားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

“သားက အလုပ်ရမယ်ဆိုလို လိုက်သွားတာ။ စစ်တပ်ထဲဆိုတော့ မနေနိုင်ဘူးဆိုပြီး မိဘကို အတင်းပြန်ခေါ်ခိုင်းလို့ သွားခေါ်တော့မှ ဒီအမျိုးသမီးက လိမ်ခေါ်ပြီး ရောင်းစားတာကို သိရတာ” ဟု ၎င်းက ပြောသည်။

အမှတ် (၆၀၅) တပ်ရင်းက ဒေါ်မြင့်မြင်ချိုအား တပ်သားသစ် ပို့ဆောင်သည့်အတွက် ငွေကျပ် ၁ သိန်း ပေးသည်ဟု သိရကြောင်း၊ သို့သော် တပ်ရင်း တာဝန်ရှိသူများက ကလေးကို မိဘများလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

အလားတူ ပြည်မြို့ ရွာဘဲနယ်မြေ မင်္ဂလာဦး ရပ်ကွက်အတွင်း နေထိုင်သည့် မောင်ကောင်းထက်မောင်ကိုလည်း အဆိုပါတပ်သို့ပင် ဒေါ်မြင့်မြင့်ချိုက သွားရောက် ပို့ဆောင်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ အမြောက်တပ်ရင်း (၆၀၅) သို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

အသက် ၁၄ နှစ် အရွယ်ရှိ မမိုးမိုးခိုင်ကိုမူ ဒေါ်မြင့်မြင့်ချိုက တပ်ကြပ်ကြီးတဦး၏ ဇနီးဖြစ်သူ မစိုးစိုးဦး မှတဆင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ၀ါဝါ၀င်းစားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးနှစ်ဦးမှာ Unicef နှင့် မြန်မာနိုင်ငံ ခရစ်ယာန်များကောင်စီတို့ ပူးပေါင်းကာ ကျောင်းမနေနိုင်သည့် ကလေးသူငယ်များအား အသက်မွေးဝမ်းကျောင်းပညာကိုပါ တွဲဖက်သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။

အဆိုပါ အမှုကို Unicef ၏ အကူအညီဖြင့်ပင် ပြည်မြို့တွင် ဖွင့်လှစ်ထားသည့် ပြစ်မှုကျူးလွန် အစော်ကားခံရသည့် ကလေးသူငယ်များအား တရားဥပဒေအရ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် Legal Aid ဆိုသည့်အဖွဲ့က လိုက်ပါ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

စစ်သားအဖြစ် ရောင်းစားခံရသည့် မောင်ချစ်သဲကို၏ မိခင် ဒေါ်သန်းသန်းချိုက နောင်တွင် ကလေးများ လူကုန်ကူးခြင်း မခံရစေရန် တရားဥပဒေအရ အရေးယူပေးစေရေး ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် လူအခွင့်အရေးလှုပ်ရှားသူ တဦးကလည်း ယခုအခါ ပြည်မြို့တွင် စီးပွားရေး အခြေအနေအရ ကျောင်းမနေနိုင်သည့် လက်လုပ်လက်စား ကလေးသူငယ်များကို စစ်တပ်အတွင်းသို့ ရောင်းစားမှုများ ပိုမို များပြားလာကြောင်း၊ ယခုအမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သို့လည်း တိုင်ကြားထားကြောင်း သိရသည်။


မြန်မာစစ်တပ်အား စုပေါင်းတိုက်ခိုက်ရန် UNFC တိုက်တွန်း
ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC သည် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နယ်မြေ အတွင်းဝင်ရောက် တပ်စွဲစခန်းချထားသည့် မြန်မာစစ်တပ်အားတစည်း တလုံးတည်း ဝိုင်းဝန်းတိုက်ခိုက်ကြရန် ယမန်နေ့က တိုက် တွန်းလိုက်ပါသည်။

“စစ်အုပ်စုကို ကျနော်တို့ တဖွဲ့ချင်း တိုက်နေလို့ အရာထင်မှာမဟုတ်ဘူး။ အချို့လဲ အရှိန်မြင့် တိုက်နေတယ်။ တချို့လဲ အရှိန်မြင့် တိုက်လို့မရတဲ့အခြေအနေမှာရှိတယ်။ ဒီတော့ နိုင်ငံရေးနဲ့ဘဲတိုက်တိုက်၊ စစ်ရေးနဲ့ဘဲ တိုက်တိုက် UNFC တဖွဲ့လုံး စည်းစည်းလုံး လုံးနဲ့ တချိန်ထဲ ထတိုက်မှဘဲ ရတော့မယ်။ ဒီအတွက် ကျနော်တို့ UNFC အနေနဲ့ ဆုံးဖြတ်ချက် တခု တော့ အမြန်ဆုံးရှိမှ ရတော့ မယ်” ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဂျူလိုင်လ ၂၇ ရက်ထုတ် အဆိုပါ နိုးဆော်စာ၌ UNFC ဒုတိယဥက္ကဌ အေဘယ်လ်တွိဒ် လက်မှတ်ရေးထိုး ထားပြီး ဦးသိန်းစိန်အစိုးရ ၏ ထိုးစစ် စစ်ဆင်တိုက်ခိုက်မှု ဦးတည်စီမံချက်မှာ စတုတ္ထဗမာ အင်ပါယာတည် ဆောက်ကာ တိုင်းရင်းသားများအား ဆက်လက် ကျွန်ပြုဖိနှိပ်သတ်ဖြတ်သွားမည်ဖြစ်ကြောင်း ပါရှိ၏။ ထို့အတွက် UNFC ၏ နိုင်ငံရေးဦးတည်ချက် မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်တိုင်းရင်းသား လူမျိုးတိုင်းတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အဝရရှိရေးတို့ပင်ဖြစ်သည် - ဟု ဆိုသည်။

“ဗမာအစိုးရ အဆက်ဆက်က တိုင်းရင်းသားအရေးတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လက်ခံချင်းမရှိ၊ အမြဲ ပယ်ချ ခံရ တယ်။ အခု သမ္မတ ဦးသိန်းစိန်ခေတ်မှာလဲ နိုင်ငံရေးနည်းနဲ့တိုင်းရင်းသားပြဿနာတွေကိုဖြေရှင်း မဲ့အစား စစ်ရေးနည်း နဲ့သာ ဖြေရှင်းလိုတဲ့ သဘောထားတွေ ရှိနေတယ်၊တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ နယ်မြေတွေမှာ တပ်တွေတိုးချဲ့ တည်ဆောက်၊ ထိုးစစ်တွေတိုးပွား လုပ်ဆောင်လာနေတယ်” - ဟု ပါရှိပါသည်။

ထို့အပြင် နိုးဆော်စာ၌ UNFC ၏ နိုင်ငံရေးဦးတည်ချက်ပန်းတိုင်သို့ မရောက် ရောက်အောင် မိမိနယ်မြေ ပေါ်တွင် စခန်းချ နေ ထိုင်ခြင်းနှင့် ထိုးစစ်၊ စစ်ဆင်နေသော ဦးသိန်းစိန်အစိုးရ၏ စစ်တပ်များကိုတညီတညွတ် တည်း ဝိုင်းဝန်းတိုက်ခိုက်သွားရန် - လည်း ဖေါ်ပြထားပါသည်။

ထိုင်းနယ်စပ်နေ သျှမ်းခေါင်းဆောင် တဦးက - UNFC အနေဖြင့်မည်မျှတိုက်တွန်းနေပါစေ၊ ပြည်ထောင်စု တပ်မတော် မပေါ်ထွန်း လာသ၍၊ စစ်မိန့်ပေးမယ့် ဗဟိုစစ်ဦးစီးချုပ်တခုတည်းမရှိသေးသ၍ထိရောက်မည်ဟုတ် ကြောင်း သုံးသပ်ပါသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သည် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ များစုပေါင်း ဖွဲ့စည်းထားပြီး ပြည်ထောင်စုတပ်မတော် ပေါ်ထွန်းလာဖို့ရန်လည်း စိုင်းပြင်းနေသည်။

UNFC တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် KIO ၊ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ KNPP ၊ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီNMSP၊ သျှမ်းပြည်တိုးတက် ရေးပါတီ- သျှမ်းပြည်တပ်မတော် SSPP/SSA တို့ဖြစ် ကြသည်။

ရှမ်းပြည်တောင်ပိုင်း တပ်များက အစိုးရ စစ်ယာဉ်တန်းကို ခြုံခိုတိုက်
ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို ပိတ်ဆို့ဝန်းရံထားသည့် အစိုးရ တပ်ကို စစ်ကူပေးရန်လာသော စစ်ယာဉ်တန်း တခုကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-Sက ဗုဒ္ဓဟူးနေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

“ စစ်ရေးအရ တဖက်နဲ့ တဘက် ကူညီတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ ရှေ့တန်းတိုက်ပွဲမှာ တိုက်ရိုက်အကူအညီ မပေးနိုင်တာတောင်မှ ကျနော်တို့ ရှိနေတဲ့ ဒေသတဝိုက်မှာ ကျနော်တို့ ရန်သူတွေကို တိုက်ခိုက်ခြင်း အားဖြင့် လက်ရှိ ဖြစ်နေတဲ့ စစ်မျက်နှာပြင်တွေကို ကျနော်တို့ အကူအညီပေးခြင်း ဖြစ်ပါတယ်” ဟုဗိုလ်မှူး စိုင်းလောင် ဆိုင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တပ်မတော်-တောင်ပိုင်းက မဟာမိတ်အဖွဲ့ဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟုလည်း ခေါ်တွင်သည့် ဗဟိုအစိုးရ၏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသော အဖွဲ့ကို ကူညီမှုဟုရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှကလည်း SSA-S ၏ ခြုံခို တိုက်ခိုက်မှုသည် SSPP ကို စစ်ရေးအရ တနည်းတလမ်းဖြင့် အကူအညီပေးခြင်း ဖြစ်ကြောင်း သဘောတူညီသည်။

SSPP ဝမ်ဟိုင်းဌာနချူပ် တောင်ဘက် ၁ဝ မိုင်အကွာရှိ ဝမ်ကျိန်းကျေးရွာအုပ်စုအတွင်း ၁ဝ မိနစ်ကြာ ဖြစ်ပွားသည့် ခြုံခို တိုက်ခိုက်မှုကြောင့် မိုင်းနောင်မြို့ အခြေစိုက် စကခ ၂ လက်အောက်ခံ ခမရ ၅၇၇ မှ ဗိုလ်မှူးကြီး ဝင်းညွန့်နှင့် တပ်ကြပ်တဦး၊ တပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောသည်။

သို့သော်လည်း မဇ္ဇျိမအနေနှင့် သီးခြားအတည်ပြုချက် မရရှိနိုင်ပါ။

ထိုနေ့တွင်ပင် ထော်လာဂျီကား ၅ စီးကို ချောဆွဲပြီး မိုင်းတုံတပ်စခန်းသို့ ရိက္ခာပို့သည့် ခမရ ၃၂၅ တပ်ကို SSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်က ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

ပထမအကြိမ် တိုက်ခိုက်မှုတွင် တပ်သား တဦး ကျဆုံးပြီး၊ တပ်ကြပ်တဦး၊ ဒု တပ်ကြပ်တဦး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိကာ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ အများအပြား ရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း သူက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစ၍ အစိုးရတပ်က SSPP ၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ၁၈ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ ပရဟိတတကျောင်းနှင့် မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ယနေ့တိုင်
ကျောင်း မတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။

လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် အစိုးရတပ်များ ရောက်ရှိနေပြီး SSPP ဒေသဝန်းကျင်တွင် တပ်ရင်း ၂ဝ ခန့် တပ်စွဲထားသော်လည်း စခန်းသိမ်း ထိုးစစ်ဆင်မှု မဖြစ်ပွားသေးကြောင်း SSPP က ပြောသည်။

တနင်္လာနေ့က အစိုးရတပ်က ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်ဟုဆိုကာ SSPP က လက်မခံခဲ့ပေ။


ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်မလုပ်ရန် KNU တားမြစ်
ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် ကေအိုင်စီ

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်သွယ် မည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်းဖောက် လုပ်နေ သည့် ဆောက်လုပ် ရေးလုပ်ငန်းကို ထို ဒေသတွင် လှုပ်ရှားနေသည့်ကရင်အမျိုးသားအစည်း အရုံး KNU မှ တားမြစ်ထားသည်ဟုသိရသည်။

၎င်းစီမံကိန်း၏ ဆောက်လုပ်ရေး အလုပ်သမားများကို KNU မှ ဇူလိုင်လ အစောပိုင်းက တားဆီး ထားခြင်းဖြစ်ပြီး Italian-Thai Development Company မှ ၎င်းတို့၏ လုပ်ငန်း ပြန်လည် စတင်ရန်အတွက် ဇူလိုင်လ ၁၆ရက်နေ့ တွင် KNU နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဒီစီမံကိန်းလုပ်ငန်း စလုပ်လာပြီးတော့လေ ကျမတို့အနေနဲ့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ အိုးအိမ်ပြောင်းရွှေ့မှု၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ နောက်တခုက လုံခြုံရေးအတွက် အဲဒီအချက် ၃ ချက် မဖြစ်ပေါ်လာဖို့ တားဆီးသွားရမယ်”ဟု ပြောသည်။

သို့သော် ထိုင်းဆောက်လုပ်ရေးတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အကြောင်း အသေးစိတ်ကို KNU အနေနှင့် ရှင်းပြခဲ့ခြင်း မရှိ ပေ။

အဆိုပါကားလမ်းတလျှောက်တွင် ကရင်ကျေးရွာ စုစုပေါင်း ၂၁ရွာရှိသည့်အနက် ၈ရွာမှာ ကေအဲန်ယူနှင့် အစိုးရတပ်တို့ တိုက်ခိုက် ကြသည့် ၁၉၉၇နောက်ပိုင်း ဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ကြရ ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ် သက်ပြီး အချက်အလက်စုဆောင်းနေသည့် Burma Issue (BI) အဖွဲ့က ပြောသည်။

ကျန်ရှိနေသည့် ကရင်ကျေးရွာ ၁၃ရွာမှ ကရင်ဒေသခံလူထုမှာ ခြံစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်း ကြောင်းပြုလျှက်ရှိပြီး လက်ရှိအချိန်တွင် ပြောင်းရွှေ့နေထိုင်မှုများမရှိသေးကြောင်း လည်း BI က ပြောဆိုသည်။

ထားဝယ်-ကန်ချနပူရီသို့ ဆက်သွယ်သည့် ၆လမ်းသွားအဝေးပြေးလမ်းမကြီးတစ်လျှောက်သည်ကရင်အမျိုးသား အစည်းအရုံး (KNU) လှုပ်ရှားနေသည့်နယ်မြေ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာရှိ နဘုလဲကျေးရွာ အပါအဝင် ရွာပေါင်း ၇ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သို့သော် လက်ရှိ မှာ ကုမ္ပဏီမှ စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း တစုံတရာ လုပ်ဆောင်ခြင်းမျိုးမရှိသေး ကြောင်း ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် Italian-Thai Development က ထိုင်းဘတ်ငွေသန်း (ဘီလီယံ) ၄၀၀ကျော် ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ အတွက် အဆောက်အအုံများနှင့် စက်မှုဇုံနယ်မြေများ တည်ဆောက်ခြင်း၊ရေနံ ဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ၊လျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက်ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း၌ တည်ရှိပြီးချဉ်းကပ် ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက် (LAD)-၁၅မီတာရှိ ဒီရေအမြင့် ကွာခြားချက် ၅မီတာရှိ GMSနှင့် BIMSTIC နိုင်ငံများ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အချိန်နှင့်ကုန်ကျစရိတ် လျော့ချနိုင်မည်ဆိပ်ကမ်း တွင် DWT ၅၀၀၀၀ရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် ရေနက် ဆိပ်ကမ်းဝန်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်သည်။

မန်မာပရိသတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲပျက်
ရန်ပိုင် Thursday, 28 July 2011 19:32

ကမ္ဘာဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ယနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရာ မြန်မာအသင်း ၂ ဂိုးရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဗူး၊ ပုလင်း၊ ခဲ၊ ချွန်ထက်သော အရာများနှင့် ပစ်ပေါက်သည့် အတွက် ပွဲပျက်သွားသည်။


ပွဲစပြီး ၂၁ မိနစ်တွင် အိုမန်အသင်းမှ ကျောနံပါတ် ၂၀ က အဖွင့်ဂိုးကို သွင်းယူလိုက်သည့် အတွက် အိုမန်က တဂိုးအသာဖြင့် ဦးဆောင်နေပြီး ၃၇ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ပေးခံရသည်။

ပရိသတ် အားပေးသံများ ပိုမို ဆူညံလာပြီး မကြာမီ ကွင်းအတွင်းသို့ ပစ်ပေါက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ကွင်း လေးဘက်လေးတန်ရှိ လုံခြုံရေး ရဲများကိုပါ ရေသန့်ဗူးများ၊ ထီးများ၊ ချွန်ထက်သော၊ မာကျော အရာများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ထိုပစ်ပေါက်မှုကြောင့် အရန်ခုံတန်းတွင် ထိုင်နေသည် အိုမန်ဘောလုံးသမားတဦး၏ ဦးခေါင်းကို ထိခိုက်မိသွားသည်။ ဒိုင်လူကြီး၊ နှစ်ဘက် နည်းပြ တချို့ နှင့် လူ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း The Voice ဂျာနယ် အင်တာနက်စာမျက်နှာရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက တားမြစ်သော်လည်း ထိုပရိသတ်တို့က ဆက်လက် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုသို့သော ဆူပူမှုများကြောင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကို မြန်မာဘောလုံး အသင်းခံရဖွယ်ရှိသည်၊ မြန်မာဘောလုံးအသင်း အိမ်ကွင်း ကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိသည့် အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်ဟု ဦးဇော်ဇော်က The Voice ဂျာနယ်ကို ပြောသည်။

အိုမန်မြေပေါ်တွင် ပထမအကျော့ ကစားစဉ်က မြန်မာအသင်း၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ရသည့်အတွက် ယခု အိမ်ကွင်းတွင် ပရိသတ်၏ အားဖြင့် အနိုင်ကစားရန် မျှော်လင့်ထားပြီး ပရိသတ်များလည်း တခဲနက် အားပေးရန် နေ့လယ် ၁၂နာရီ ၀န်းကျင်ကပင် ကွင်းအတွင်း ၀င်ရောက် နေယူထားခဲ့ကြသည်။

ပရိသတ် ကွင်းလုံးပြည့်သွားသည်အပြင် ပွဲမစခင်ကတည်းကပင် လက်မှတ်အတုများ ပျံ့နေသည်အတွက် ကွင်းလျှံထွက်သွားသည်။ မီးရှုးစင်ပေါ်အထိ တက်ရောက်ကြည့်ရှု ပေးရသူများပင် ရှိခဲ့သည်။

မြန်မာအသင်း ကွင်းထဲသို့ ၀င်လာစဉ် ပရိသတ်က "မြန်မာ၊ မြန်မာ" ဟူသော ကြွေးကြော်သံများကို ကွင်းလုံးညံအောင် ဟစ်အော်ကာ နိုင်ငံတော်သီချင်းကို သီဆို အားပေးသံများဖြင့် ဆူညံနေသည်ကို မြန်မာ့ရုပ်မြင်သံကြား၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့ရသည်။ ရုတ်ရုတ်သဲသဲဖြစ်ချိန်တွင် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို ရပ်လိုက်သည်။

ယခုအခါ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အိုမန်အသင်း အား အနိုင်ပေးလိုက်သဖြင့် အိုမန် အသင်းသည် နှစ်ပွဲပေါင်း ၄ဂိုးပြတ်ဖြင့် အနိုင်ရသွားပြီ ဖြစ်သည်။


ရေကြီးပြီးနောက် ဖားကန့် ကုန်ဈေးနှုန်း နှစ်ဆတက်
ကြာသပတေးနေ့၊ ဂျူလိုင်လ 28 ရက် 2011 ခုနှစ် အားမီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် သည်းထန် ခဲ့သည့် မိုးကြောင့် မြစ်ကြီးနား-ဖားကန့်ကားလမ်း ပျက်စီး ခဲ့သည့်နောက်တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်း ယခင်ထက်နှစ်ဆမြင့် တက်သွားသည်ဟု ဖားကန့်ဒေသခံများကပြောသည်။

ယခုလ ၁၇ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဖားကန့်မြို့နယ်တွင် ယခုနှစ် အတွင်း ဒုတိယအကြိမ် အဖြစ် ရေလျှံခဲ့သည်။ ထိုရေလျှံမှုက ကားလမ်းများ ပျက်စီးစေခဲ့ပြီး ကုန်စည်ပို့ဆောင်ရေး ကိုလည်း နှောင့်နှေးကြန့်ကြာစေခဲ့သည်။

ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ တို့အပြင် လူသုံးကုန်ပစ္စည်းများ၊ စာရေးကိရိယာများ ဈေးတက်သွားသည့် အဖြစ်ကို ဆိုင်းတောင်မှ ဒေသခံတစ်ဦး ယခုလိုပြောပြသည်။ “မိုးမရွာခင်ကနဲ့ အခုဆို နှစ်ဆလောက် ကွာသွားတာပေါ့၊ တစ်ပတ် နှစ်ပတ်အတွင်း နှစ်ဆလောက် တက်ကုန်တာ၊ လူသုံးကုန် ပစ္စည်း အကုန်လုံး” ဟုပြောသည်။

လွန်ခဲ့သည် (၁၀) ရက်ခန့်က ဆန်တစ်အိတ်လျင် ကျပ်နှစ်သောင်းရှိခဲ့ရာမှ ယခုအခါ ကျပ် သုံးသောင်းကျော် သို့ မြင့်တက်သွားပြီး ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် တစ်ထောင်ကျော်မှ ကျပ်သုံးထောင် ကျော်ထိ မြင့်တက် သွားကြောင်း ဒေသခံများကပြောသည်။

“ကုန်တွေက လမ်းမှာတင် ပျက်စီးကုန်တာ၊ အရင်နေ့ချင်း ပြန်ခရီးကို အခုလမ်းမှာတင် သုံး၊ လေးရက်၊ ပစ္စည်းတွေက အကုန်ပျက်၊ ခရမ်းချဉ်သီးဆို ပုပ်ကုန်၊ ရွှံ့တွေ၊ ဗွက်တွေထိပြီး ပျက်ကုန်တော့၊ကျနော်တို့ အတွက်လည်း ဘာမှမကျန်ဘူး၊ အရှုံးပေါ်တော့ ပြန်ကာမိအောင် ဈေးတင်ပြီး ရောင်းရတာ” ဟု ဖားကန့်မှ ကုန်သည်တစ်ဦးက ပြောသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပြေးဆွဲနေသော ဟိုင်းလပ်ကားများ၏ ကုန်တင်ခမှာလည်း ယခင် တစ်ပိသာလျှင် ကျပ်နှစ်ထောင်ခန့်မှ ယခုကျပ်လေးထောင်ထိ တက်သွားသည်ဟုလည်း ၄င်းကုန်သည်က ဆက်ပြောသည်။

“အခုကလမ်းမှာကရွှံ့တွေ၊ ဗွက်တွေကြောင့် လမ်းမှာဆိုရင် ကားတွေကိုဆင်တွေနဲ့ ဆွဲနေရတာ၊လမ်းကတော် တော်လေးကိုဆိုးနေတာ။ အခုလိုင်းကားကုန်တင်ခတွေလည်းတက်ကုန်ရော”ဟု မြစ်ကြီးနားမှဖားကန့်သို့ သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

ဖားကန့်မြို့ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းများမှ မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ယခုလ (၁)ရက်နေ့တွင် ဥရုချောင်း ရေလျှံကျလာပြီး ဖားကန့်မြို့တမြို့လုံးနီးပါး ပမာဏရှိသည့် အိမ်ခြေ ၄၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့ရသည်။

ယခု ဒုတိယအကြိမ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့် သံတံတား၏ ကြမ်းခင်းပေါ်တွင် ရေတစ်ပေခန့် ရှိနေပြီး ကြိုးတံတား ရေနစ်မြုပ်ခဲ့ရာမှ ယခုလ (၂၀) ရက်နေ့ ညနေပိုင်းတွင် ရေများပြန်လည် ကျသွားကြောင်း ဒေသခံများကပြောသည်။

No comments: