Friday, July 29, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဘသုံးလုံး (မြတ်ဆွေ)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ပြည်သူ့စာဆိုကြီး၊ မျိုးချစ်စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး စသည်ဖြင့် သူ့ခေတ် သူ့အခါ ပြည်သူအများက အသိအမှတ် ပြုခဲ့ကြသည်။ ဆရာကြီးကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ဖွားမြင်ရာ သီပေါဘုရင် ကိုယ့်ထီး ကိုယ့်နန်းနှင့်ရှိစဉ်က ဖြစ်သည်။ ဆရာကြီး ၁၀ နှစ်သားအရွယ်၌ သီပေါဘုရင် ပါတော်မူသွားရာ ဆရာကြီးနှင့် မြန်မာပြည်သူအပေါင်း နယ်ချဲ့သမားလက်အောက် ရောက်ခဲ့ရသည်။

ထိုအချိန်ကစ၍ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ကိန်းအောင်းခဲ့သည်။ သခင် လူငယ်များနှင့်အတူ တိုင်းပြည် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးသောအခါတွင်ကား ပါတီအဖွဲ့အစည်းများ အကွဲကွဲဖြစ်ကာ နေရာအနှံ့ စစ်မီးတောက်လောင်ခဲ့သည်။


ဤတွင် ဆရာကြီးသည် ပြည်တွင်း ငြိမ်းချမ်းရေးရရာရကြောင်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် အသက် ၉၀ အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားရှာသည်။ တိုင်းပြည် ငြိမ်းချမ်းရေးကို မြင်တွေ့မသွားရ။ ဆရာကြီးသည် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အနိစ္စရောက်ခြင်းဖြစ်ရာ ဆရာကြီး ကွယ်လွန်ခဲ့သည်မှာ နှစ် ၅၀ ကျော် ရှိလေပြီ။

၁၉၆၃ ခုနှစ် ကျွန်တော်သည် သတင်းထောက်ကြီးများနောက်လိုက်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား နှစ်ကြိမ်မျှ တွေ့ရှိရပြီး ဂါရဝပြု ကန်တော့ဖူးပါ၏။ တော်လှန်ရေးကောင်စီက တောတွင်းအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးခေါ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်ဌေးနှင့်အဖွဲ့ရောက်ရှိလာပြီး ဆရာကြီးကို လာရောက် ဂါရဝပြုကြစဉ်က တကြိမ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီးနောက် စာရေးဆရာအသင်းမှ စာရေးဆရာအချို့နှင့်အတူ သွားရောက် ကန်တော့စဉ်က တကြိမ် အနီးကပ် ဂါရဝပြုခဲ့ရပါသည်။

ယခုအခါမှာတော့ ကျွန်တော်တို့သည် ဆရာကြီး၏ ခံယူချက်၊ လုပ်ဆောင်ချက်၊ မိန့်မှာချက်၊ သြဝါဒစကားများကို ပြန်လည် လေ့လာကြည့်ရာ မကုန်ခမ်းနိုင်သော အဖိုးတန် ရေကြည်ရေတွင်းကြီးကို ခပ်ယူသုံးစွဲရသကဲ့သို့ ရှိပါတော့သည်။

ဖဆပလ အစိုးရခေတ်က စာရေးဆရာအသင်း အစည်းအဝေးတခုသို့ နာယကအဖြစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တက်ရောက်လာသည်။ စာရေးဆရာများကို ဆရာကြီးက ရင်းနှီးစွာ သြဝါဒစကား ပြောကြားပုံအချို့ကို တင်ပြလိုပါသည်။

ဆရာကြီးက “မင်းတို့ခေတ်က အများကြီး တော်သေးတယ်။ ဆရာတို့ခေတ်က စာတပုဒ်ကို ငွေ တဆယ်လောက် ရတယ်။ ဒါတောင် ငါးကျပ်နဲ့လျော့ပြီး ဝင်ရေးကြသူတွေရှိတော့ တပုဒ် ငါးကျပ်ဈေး ဖြစ်သွားတယ်။ ဒါလောက်ရှိလှ မရေးတော့ဘူး ဆိုပြီး ပေခံနေလိုက်တယ်။ ကျန်တဲ့သူတွေက ငါးကျပ်နဲ့ ရေးနေရာက စာတော်ပြန် ဝန်ထောက်မင်းရုံးမှာ အလုပ်ရသွားကြတယ် ကြားတယ်။

အကြောင်းမသိခင်က အထင်ကြီးမိတယ်။ နောက်မှသိရတာက စာတော်ပြန် ဝန်ထောက်မင်း ဆိုတာ အင်္ဂလိပ် မျက်နှာဖြူ ဝန်ထောက်၊ သူက ခေါင်းလောင်းလေးတီးခေါ်ရင် စောစောကပြောတဲ့ ဆရာတွေက ရုံးခန်းဝမှာ ဖိနပ်ချွတ်ပြီး ဝင်ရတယ်။ ဝန်ထောက်က သူ သိချင်တာမေးပြီး သွားတော့ဆိုမှ ပြန်ထွက်လာရတယ်။ ဝန်ထောက်ကို အရိုအသေပေး ဝင်ရ ထွက်ရတာ။ သြော် ဒီလောက်အောက်ကျတဲ့ အလုပ်တော့ မလုပ်ဘူး၊ ငတ်သေပါရစေ ဆိုပြီး ဆရာ စိတ်ဆုံးဖြတ်လိုက်တယ်”

ဆရာကြီးက သူငယ်စဉ်က အတွေ့အကြုံများကို ပြောကြားပြီးနောက် ယနေ့ စာရေးဆရာများကိုလည်း မည်သို့ ကျင့်ကြံရမည်ကို မှာကြားခြင်းပြုပါလေတော့သည်။

“မင်းတို့ စာရေးဆရာတွေဟာ ‘ဘ’ သုံးလုံး ကျေဖို့လိုတယ်။ ‘ဘ’ သုံးလုံး အက္ခရာ ဘယ်လိုကျေရမလဲဆိုတော့၊ ၁ က ဘိုင်ကျရဲရမယ်။ ၂ က ဘုပြောရဲရမယ်။ ၃ က ဘာမဆို မှန်တဲ့အတိုင်း ရေးရဲရမယ်” ဟူ၍ ဖြစ်၏။

စာရေးဆရာများသည် ဆရာကြီး သြဝါဒကို သဘောကျကြသည်။ ဆရာကြီးက ဆက်လက်၍ သူကိုယ်တိုင် လစာမှန်မှန်ရသော သူရိယ သတင်းစာတိုက်က ထွက်ပြီး လခမမှန်သော ဗဟန်း ကောလိပ်ခေါ် အမျိုးသားကောလိပ်သို့သွား၍ ရာဇဝင်နှင့် မြန်မာစာ ပါမောက္ခလုပ်ခဲ့ပုံ ပြောပြသည်။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ဟင်းကျန် စားခဲ့ရသည်။

ဘုပြောရဲသည့် နေရာတွင် ဘုရင်ခံ ဆာဂျေအေမောင်ကြီးကိုပင် ဆရာကြီး ဘုတော ဘုပြောခဲ့ဖူးသည်ဟု ဆိုသည်။ ဘာမဆို အမှန်အတိုင်း ရေးရဲရမည်ဆိုသည့်အတိုင်း ဆရာကြီးသည် ထိုခေတ်က ငါးထောင်စား၊ ခြောက်ထောင်စား ရာထူးကြီးများရရန် အင်္ဂလိပ်အစိုးရကို ကပ်ပါးရပ်ပါး လုပ်သူများအား ‘မသာဈာပနဘွဲ့’ လေးချိုးကြီးဖြင့် အုပ်ထည့်ခဲ့လေသည်။

ဆရာကြီးသည် ငွေကြေးကို မမက်။ သူက မှန်ကန်သည်ဟု မထင်လျှင် ငွေများစွာရသော်လည်း မရေးခဲ့။ ဝေလမင်းသား မြန်မာပြည်လာစဉ်က ဘုန်းတော်ဘွဲ့တပုဒ် ရေးပေးပါ။ ငွေကျပ် တထောင် ဉာဏ်ပူဇော်ခ ပေးပါမည်ဟု တောင်းပန်သော်လည်း ဆရာကြီးက မရေးခဲ့ပေ။ အခြားပုဂ္ဂိုလ်များက မျက်နှာလိုမျက်နှာရလုပ်ပြီး ရေးပေးကြသည်။

ဆရာကြီး သခင်ကိုယ်တောမှိုင်းက ထိုစာရေးဆရာများ အစည်းအဝေး၌ သူပြောသလို လုပ်ခဲ့ပုံများကို ‘ဘ’ သုံးလုံးဖြင့် ပွဲကျအောင် ဟောပြောသွားလေသည်။ ထိုစဉ်က ဆရာကြီးအသက် ၈၀ ကျော်ခန့် ရှိပြီ။

ရည်ညွှန်း - ၂၈- ၈- ၁၉၆၄ ကြေးမုံ သတင်းစာ

Eleven Media Group မှ ကူးယူဖော်ပြပါတယ်။




 

No comments: