Monday, June 6, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၇ ရက်)

- ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်
- နေပြည်တော်နှင့် ရန်ကုန်ဘူတာများ ဗုံး ပိုက်စိတ်တိုက်ရှာ
- အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား
- KIO ပြည်သူများအတွက် မှတ်ပုံတင်ကဒ်ပြား လုပ်ပေး
- ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ
- နိုင်ငံရေးအကျဉ်းသားများအား ထိန်းချုပ်ရန် ရာဇဝတ်သားများကို အသုံးချ
- အာဏာပိုင်ဖိအားပေးမှုကြောင့် လူငယ်ကွန်ရက်အဖွဲ့ သင်တန်း ဖျက်ရ
- ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်
- လစာအပြည့်မရသည့် ကုမ္ပဏီဝန်ထမ်း ၉ ဦး ရန်ကုန်တွင် ဆန္ဒပြ
- အာဏာပိုင်များ ချယ်လှယ်မှုကြောင့် လက်ဖက်ဈေးကွက်ပျက်
- ဘုရားသုံးဆူ ထောက်လှမ်းရေးရုံး တိုက်ခိုက်ခံရ
- အလုပ်သမားဆန္ဒပြမှု ဖြစ်စေသည့် အလုပ်ရှင်များ အရေးယူ ခံရမည်
- စည်ပင်ရဲများ ဖယ်ရှားရန် မဝံ့
- မြန်မာမှ အဆင့်မီလေဆိပ်တခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ်တစီး ညအိပ်ရပ်နားခဲ့ရ
- ဦးသိန်းညွန့်ကို တသီးပုဂ္ဂလအဖြစ် သတ်မှတ်ဟုဆို

ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်
ကွန်းချမ်း၊ ကိုဝိုင်း | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

မဇ္ဈိမသတင်းဌာန ။ ။ စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိစေခဲ့သည့် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စာသင်ကျောင်းများနှင့် ဈေးများအားလုံး ပိတ်ထားလိုက်ကြသည်။

မျက်နှာဖုံးစွပ် သေနတ်သမား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ဖက်ရေးရာ လုံခြုံရေး စရဖရုံးကို တနင်္ဂနွေနေ့ ညနေ ၃ နာရီကျော်တွင် ၇၉မမ လောင်ချာဖြင့် ပစ်ခတ်သည်။ ထို့နောက် အနီးအနားရှိ စရဖများ စောင့်ကြပ်လေ့ရှိသော ဓမ္မာရုံကိုပါ လောင်ချာဖြင့် ထပ်မံ ပစ်ပြန်သည်။

ဗွေဆော်ဦး ပတ်ခတ်မှုတွင် အသက် ၃၀ အရွယ် ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် စရဖဆွယ်မှူး ဦးစိုးဝင်းတို့ ထိမှန်ခဲ့သည်။ ဓမ္မာရုံ ပစ်ခတ်မှုတွင် အနီးရှိ ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်နေသော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးနှင့် မွန်ပြည်သစ် ပါတီဝင် နိုင်အောင်ချမ်း၊ ဆိုင်ကယ်တက္ကစီ မောင်းသူတဦး ကျည်စ ထိမှန်သွားသည်။

ဒုတပ်ကြပ် ကျော်ကျော်အောင်မှာ ဘုရားသုံးဆူ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ဘုရားသုံးဆူမြို့ မြောက်ဘက် မဲကသရွာနေ မိန်းကလေးငယ် နော်ချစ်စနိုးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

“တမြို့လုံး ခြောက်ကပ်နေတာပဲ၊ ဒီနေ့လည်း တိုက်ပွဲ ဖြစ်ဦးမယ်လို့ ကောလာဟလတွေ ထွက်နေတော့ ဘယ်သူမှ မသွားလာရဲကြဘူး” ဟု မြို့ခံတဦးက ပြောသည်။

ခြံလုပ်သားများ၊ ထိုင်းဘက်ကမ်းရှိ ဖိနပ်ရုံ၊ အပ်ချုပ်ရုံများသို့ သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာဘက်ကမ်းမှ အလုပ်သမများ အလုပ် မဆင်းနိုင်ကြဘဲ အချို့မှာ ထိုင်းဘက်ကမ်းသို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများက ပြောသည်။

“ကျနော်တို့ ရဲဘော်က ကွမ်းယာဝယ်ရင်းနဲ့ ပစ်ခံ ထိတယ်လေ။ သူ့လွယ်အိတ်က စစ်လွယ်အိတ် ဖြစ်နေတာကိုး။ အခုဆေးရုံမှာ ခွဲနေတုန်းပဲ။ အရိုးတော့ မထိဘူး” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က မဇ္ဈိမကို ပြောသည်။

သေနတ်သမားများက ဖောက်ခွဲ ပစ်ခတ်ပြီးနောက် မော်တော်ဆိုင်ကယ်ကို ထားရစ်ကာ မော်တော်ကားတစီးပေါ် တက်ရောက်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“မြင်ရတာ ရုပ်ရှင်ကအတိုင်းပဲ။ စရဖရုံးကို ဗုံးခွဲပြီး လေးမိနစ်လောက် အကြာမှာ ဓမ္မဗိမာန်ကို ဗုံးခွဲတယ်။ သွေးအေးအေးပဲ၊ တယောက်က အပြင်မှာ စောင့်နေတယ်၊ နှစ်ယောက်က ဗုံးထောင်တယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်မှစ၍ ဘုရားသုံးဆူမြို့သို့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်မည်ဟု ကောလာဟလများ ပျံ့နေခြင်းကြောင့် ခလရ ၂၈၄ က မြို့တွင်းရှိ အစိုးရရုံးများတွင် လုံခြုံရေးများ ချထားခဲ့သည်။ သို့သော်လည်း ပြန်လှန် ပစ်ခတ်မှု မတွေ့ရကြောင်း မြို့ခံများက ပြောသည်။

မေလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်အေဝမ်း၏ ဒီကေဘီအေ ၉၀၇ တပ်ရင်းက ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၆ ကီလိုမီတာ အကွာရှိ မက်ကသာ ရွာအနီးတွင် တပ်ချထားသည့် အစိုးရတပ်ကို ချောင်းမြောင်း ပစ်ခတ်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး အိမ်ထောင်စု ၃၀ ကျော် ဘုရားသုံးဆူမြို့သို့ တိမ်းရှောင်ခဲ့ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ ၉ဝ၆ တပ်ရင်းက ဘုရားသုံးဆူမြို့သို့ ဝင်ရောက် တိုက်ခိုက်ပြီး အစိုးရရုံးများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် အနီးနားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဂျပန်ရေတွင်း ကျေးရွာ၊ ကြံတောရွာနှင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

နေပြည်တော်နှင့် ရန်ကုန်ဘူတာများ ဗုံး ပိုက်စိတ်တိုက်ရှာ
ကျော်ခ | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်အနီး တပ်ကုန်းမြို့နယ်အတွင်း ရထားဗုံးကွဲမှု ဖြစ်ပြီးနောက် ရန်ကုန်နှင့်
နေပြည်တော် ဘူတာရုံများတွင် ဗုံးရှာ စက်ကိရိယာများဖြင့် အဆက်မပြတ် ရှာဖွေမှုများ ပြုလုပ်နေရကြောင်း ရဲဝန်ထမ်းများက ပြောသည်။

မီးရထားပေါ်နှင့် ရထားဘူတာ အဝင်၊ အထွက်ဂိတ်ဝများတွင် ဗုံးရှာ စက်ကိရိယာများ ကိုင်ဆောင်ကာ ခရီးသည်များကို ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေမှုများ ပြုလုပ်ရခြင်း ဖြစ်သည်။

“အရင်တုန်းကတော့ သတင်းရမှ ရှာတယ်။ ရှောင်တခင် ရှာတယ်။ အခုတော့ ၂ ပါတ်လောက် ရှိသွားပြီ။ ၃ ယောက် တတွဲစီ ခွဲပြီးတော့။ ရထားပေါ်ရော ဘူတာ အဝင်အထွက်တွေပါ။ အလှည့်ကျ နေ့ရော၊ ညပါ ရှာဖွေ၊ စစ်ဆေးတာတွေ လုပ်ပါတယ်” ဟု နေပြည်တော် မီးရထားရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဗုံးရှာ ကိရိယာများ ထပ်မံ တိုးချပေးပြီးနောက် နေပြည်တော် ဘူတာကြီး သာမက ဘူတာကြီးသို့ မဆိုက်ရောက်မီ အနီးဝန်းကျင်ရှိ ကြည်တောင်ကန်၊ ရွာတော်၊ မန်ကျီးပင် စသည့် မီးရထားဘူတာများ မှစ၍ ကြိုတင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြရကြောင်း ရထားပေါ်တွင် လိုက်လံရှာရန် တာဝန်ကျသည့် ရဲဝန်ထမ်းတဦးကလည်း ပြောသည်။

“ကျနော်တို့က ဒီလမ်းကြောင်းပေါ်ပဲလေ။ ရထားလမ်း တလျောက် သူ့အပိုင်းလိုက်၊ အပိုင်းလိုက်ပဲလေ။ နေပြည်တော် တခုတည်းမှ မဟုတ်တာ။ ဟိုးဘက် ဘူတာတွေ ရှိတယ်လေ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ အဲလိုပဲ လမ်းကြောင်း ကြည့်တာ အဲလိုပဲ လုပ်တာ။ BE အဖွဲ့ကလည်း သူတို့ရှာတဲ့ အဆက်တွေ ဘာတွေ ရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အလားတူ ရန်ကုန်မီးရထား ဘူတာကြီးတွင်လည်း မေလကုန်ပိုင်းမှ စတင်ကာ ဗုံးရှာ စက်ကိရိယာများဖြင့် လူအဝင်အထွက် ဂိတ်များတွင် အမျိုးသမီး ရဲဝန်ထမ်းများနှင့် အမျိုးသား ရဲဝန်ထမ်းများက ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်။

“စစ်တာကတော့ အရင်တုန်းကလည်း စစ်ပါတယ်။ အခုမှ အထက်က Pressure ပေးလာလို့ ဒါပါပဲ။ စစ်တာတော့ အဖွဲ့လိုက် အဖွဲ့လိုက် ဂိတ်ထွက်ပေါက်တွေနဲ့ ရထားတွဲတွေပေါ်ပါ တက်စစ်တဲ့ အဖွဲ့တွေ ရှိတာပေါ့” ဟု ရန်ကုန် ဘူတာကြီးရှိ ရဲဝန်ထမ်း တဦးက တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။

မေလ ၁၈ ရက်နေ့က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားသည် နေပြည်တော်အနီး တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ဘူတာရုံမှ ဆင်သေ ဘူတာဘက်သို့ ဦးတည် ခုတ်မောင်းစဉ် စက်ခေါင်း နောက်သုံးတွဲမြောက် ရိုးရိုးတန်း လူစီးတွဲပေါ်၌ ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲပြီး အမျိုးသမီးတဦး အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား
By ဦးမိုးဇော် တနင်္လာ, 06 ဇွန် 2011

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စတင်တာဝန်ယူပြီးနောက် စစ်တပ်တွင်း အရာရှိ အရွှေ့အပြောင်းတွေကို မေလလောက်ကတည်းက စတင်လာခဲ့ပါတယ်။

ဒီရက်ပိုင်းမှာတော့ လားရှိုးအခြေစိုက် ရမခခေါ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ တပ်တွေက ထိပ်ပိုင်းအရာရှိတွေ ၈၀% လောက် အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အရှေ့မြောက်တိုင်း စစ်တိုင်းဒေသဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေသလို ၀၊ ကချင်၊ ရှမ်း စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ဒီဒေသအတွင်းမှာ အခြေစိုက်ထားတာ ဖြစ်တဲ့အတွက် ရမခ အရာရှိတွေရဲ့ အပြောင်းအလဲဟာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိန်းချုပ်နယ်မြေ အတွင်းမှာ မတ်လလယ်က စတင်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တိုက်ပွဲကာလ ၃ လလောက် ကြာမြင့်လာချိန်မှာပဲ ရမခက ထိပ်ပိုင်းအရာရှိ အတော်များများကို အပြောင်းအရွှေ့တွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ထိပ်ပိုင်း အရာရှိကြီးတွေ အပြောင်းအရွှေ့ဟာ ၈၀% လောက်အထိ ရှိတယ်လို့ အခုလို ပြောပါတယ်။

“တိုင်းမှူးကလွဲရင် အများစုက အပြောင်းအရွှေ့ ခံရတယ်။ ဗျူဟာမှူးတွေရော၊ တိုင်းအောက်က စကခမှူးတွေရော၊ ဂျီဝမ်းတွေရော၊ ဂျီဝမ်းဆိုတာ ပြည်သူ့စစ် ဂျီဝမ်းတို့၊ ပြည်သူ့စစ် စစ်ဦးစီး(ပ) တို့၊ ကကငွေစာရင်း ပြည်သူ့စစ်တို့၊ အားလုံး အဲဒီမှာ အနည်းဆုံး မရှိဘူးဆို အရာရှိကြီးပေါင်း ၂၀ ကျော် ၃၀ နီးပါး ရှိတာကိုး။ အဲဒီထဲမှာ အများစု ပြောင်းရတာ။ လူ ၃၀ လောက်မှာ ၂ ယောက်လောက်ပဲ ကျန်တယ်။ အဲတော့ ၈၀% လောက် ပြောလို့ရတာပေါ့။”

တချို့ အရာရှိကြီးတွေဟာ ပြောင်းရွှေ့တာကို လက်မခံဘဲ နှုတ်ထွက်စာ တင်တယ်လို့ ကြားသိရကြောင်း ဦးအောင်ကျော်ဇောက ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ရမခက စစ်အရာရှိတွေနဲ့ နီးစပ်တဲ့ လားရှိုးမြို့ခံ တယောက်ကတော့ အရာရှိကြီး အတော်များများ ပြောင်းရွှေ့တာ သိရပေမဲ့ ဘယ်လောက်များများ ပြောင်းရွှေ့တယ် ဆိုတာတော့ မသိရဘူးလို့ ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဒီလို အများအပြား ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“အခုပြောချင်တာက ၂ ခုပေါ့။ တခုက ရှမ်းနဲ့တိုက်တဲ့ တိုက်ပွဲတွေ မအောင်မမြင်ဖြစ်တဲ့ ကိစ္စနဲ့၊ မင်းအောင်လှိုင်ရဲ့ သူ့လူကိုယ့်လူ ရွှေ့ပြောင်းမှုအောက်မှာ တချို့တိုင်းတွေမှာ အပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ ကျနော် ချုပ်ပြောချင်တာက အဲဒါပါ။”

အရင်နှစ် သြဂုတ်လအတွင်းက ဗိုလ်မှူးချုပ် အောင်ကျော်ဇောကို ရမခ စစ်တိုင်းမှူးအဖြစ် အသစ်ပြောင်းလဲ ခန့်ထားခဲ့ပြီး အခုလို ထိပ်ပိုင်း အရာရှိကြီးတွေဖြစ်တဲ့ လူဟောင်းတွေကို ထပ်မံ ပြောင်းရွှေ့တာကြောင့် တပ်တွင်း အုပ်ချုပ်မှုနဲ့ စစ်ဆင်ရေးပိုင်းတွေမှာ မတည်မငြိမ် ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
ထိုင်း၊ မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနက စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဒီအချက်တွေအပြင် စစ်ရေးအရ ပိုပြီး ဖိအားပေးဖို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဖြစ်နိုင်ခြေ အများဆုံးကတော့ အနေကြာတဲ့ တိုင်းတပ်တွေက အဲဒီဒေသမှာ ဒီနယ်မြေထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ရတာကိုး။ အခြေစိုက်တွေဆိုတော့ များသောအားဖြင့်က အဲဒီဒေသမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ရင်းနှီးနေကြတယ်။ ၀တို့လို၊ ဒီဘက်က ကချင်တို့လို စသဖြင့် ရှမ်းတို့လို အဲဒီဒေသ အတွင်းမှာ လှုပ်ရှားနေတဲ့ အပစ်ရပ် အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးနေကြပြီလေ။
“ရင်းနှီးနေကြတော့ တယောက်နဲ့တယောက် အပေးအယူတွေလည်း ရှိနိုင်တယ်၊ နောက်တခုက သူတို့ တယောက်နဲ့တယောက် မျက်နှာနာရမှာတွေလည်း ရှိနိုင်တယ်လေ။ အဲတော့ အဲဒါတွေကို ပြောင်းပစ်တာက နောက်ပိုင်းမှာ ဆက်ဆံရေး တင်းမာလာနိုင်တယ်။ နောက်ပြီးတော့လည်း တိုက်ပွဲ ပြင်းထန်မှုတွေ ဖြစ်လာနိုင်မယ်ဆိုတဲ့ သဘောတွေ ရှိမယ်ထင်တယ်။”

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်း အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာတဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ မြန်မာအစိုးရတပ်ဘက်က ဓာတုလက်နက် အသုံးပြုပြီး ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ အခြေစိုက်စခန်း တခုကို ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

KIO ပြည်သူများအတွက် မှတ်ပုံတင်ကဒ်ပြား လုပ်ပေး
Monday, 06 June 2011 16:46 KNG

မြန်မာပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေမှ ပြည်သူများအား KIO ပြည်သူအသိအမှတ်ပြု "အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ” ပြုလုပ်ပေးနေပါသည်။

ယင်း KIO မှတ်ပုံတင်ကဒ်ပြားကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ကချင်ပြည်နယ်ရှိ ကျေးရွာ ဒေသခံများအတွက် စီစဉ်ပြုလုပ်ပေးနေသည်မှာ ယခု KIO မြို့တော် လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့တို့တွင် ပြီးစီးတော့မည် ဖြစ်ကြောင်း KIO အရာရှိမှ ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်မှ လွတ်လပ်၍ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ၉မြို့နယ်မှ ကျေးရွာပေါင်း (၆၈)ခုနှင့် ၎င်းမြို့နှစ်မြို့တို့တွင် ရွေးကောက်ပွဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ကျေးရွာက လူတွေအတွက် NRC (National Registration Card) အမျိုးသားမှတ်ပုံတင် လုပ်ပေးတာပါ။ ဒါက e-ကဒ် (electronic card) ပေါ့။ ကွန်ပျူတာနဲ့ လုပ်ထားတယ်။ တစ်နေ့ ဝင်ငွေ ဘယ်လောက်ရှိတယ် (GDP) လိုပေါ့။ DNA ပါမယ်။ KIO ဘဏ်ဖွင့်လာရင် ဘဏ် အကောင့် (account) လုပ်ဖို့ ရည်ရွယ်တာပါ။” KIO အရာရှိတစ်ဦးမှ ပြောသည်။

KIO ဗဟို ဌာနချုပ်ရှိ လိုင်ဇာမြို့နှင့် တပ်မဟာ (၃)ရှိ မိုင်ဂျာယန်မြို့နှစ်မြို့တွင် နေထိုင်သည့် လူဦးရေ (၅) သောင်း (ဧည့်သည်များ မပါ) ခန့် ရှိသည့် ဒေသခံများအား မေလ လဆန်းမှ အမျိုးသားမှတ်ပုံတင်ကဒ် ပြုလုပ်နေသည်။

“ကျတော်တို့ လိုင်ဇာမှာက ပြီးနေသလောက်ရှိပြီ။ KIO က အတင်းတိုက်တွန်းတာ မရှိဘူး။ မလုပ်ချင်လဲ ရတယ်။ ကျတော်က လုပ်ချင်လို့ကို လုပ်ထားတာ။” ဟု လိုင်ဇာမြို့ခံ တစ်ဦးမှ ပြောသည်။

KIO လူဝင်မှုကြီးကြပ်ရေးရုံးမှ အသက် ၁၂ အထက် ကလေးမှ စတင်ပြီး "KIO ပြည်သူအသိအမှတ်ပြု မှတ်ပုံတင်ကဒ် (NRC)နှင့် နိုင်ငံခြားသား မှတ်ပုံတင်ကဒ် (Foreign Registration Card, FRC)" ဟု နှစ်မျိုးနှစ်စား ပြုလုပ်ပေးသည်။ KIO ထိန်းချုပ်နယ်မြေမှ ပြည်သူများကို NRC ထုတ်ပေးပြီး နိုင်ငံခြားသားများကို FRC ထုတ်ပေးသည်။

အဆိုပါ မှတ်ပုံတင်ကဒ်တွင် မိမိ ဓါတ်ပုံ၊ အမည်၊ မွေးသက္ကရာဇ်၊ မိဘအမည်နှင့် ကိုယ်ရေးအကျဉ်းပါရှိပြီး ကဒ် တစ်ကဒ်လျင် တရုတ်ငွေ ယွမ် ၃၀ (မြန်မာ ကျပ်ငွေ ၃ထောင်ကျော်) ပေးဆောင်ရသည်။

ယင်းကဒ် ပြုလုပ်ထားခြင်း အားဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း အထိ သွားလာခွင့် ရှိသော်လည်း မြန်မာအစိုးရနယ်မြေ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့ စသည့် မြို့များသို့ ကိုင်ဆောင်ခွင့် မရှိကြောင်း KIO ဗဟိုကော်မတီ ဒုအထွေထွေ အတွင်းရေးမှူး ဒူကဘာထိန်နန်မှ ဆိုသည်။

“ခုနိုင်ငံရေး အခြေအနေမှာတော့ ဒီကဒ်နဲ့ မြို့ထဲဝင်မယ်ဆိုရင် အစိုးရက အပြစ်ရှာဖို့ ဖမ်းဖို့ အဆင်သင့်ပဲ။ တရုတ်ပြည်မှာ ခရီးသွားရခွင့်ရအောင် အစိုးရမှာတော့ ခွင့်ပြုချက်ယူဖို့ ကျတော်တို့ တောင်းဆိုသွားမယ်။ နိုင်ငံရေးတည်ငြိမ်လာရင်တော့ ဒီလက်မှတ်က နေရာတိုင်းမှာ ကိုင်ဆောင်လို့ ရမယ်။ အားလုံးအသိအမှတ်ပြု လာမှာပါ”။

ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ
By မအေးအေးမာ တနင်္လာ, 06 ဇွန် 2011

ပဲခူးတိုင်း ပဲခူးမြို့နယ် ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်ချုပ်စက်ရုံက အလုပ်သမား ၅၅ ယောက်ဟာ ဇွန်လ ၆ ရက်နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၃ ရက်နေ့က သူတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို တိုင်ကြားထားပေမဲ့လည်း စက်ရုံက လိုက်လျောခြင်း မပြုတာကြောင့် အခုလို ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်စက်ရုံက အထည်ချုပ် အလုပ်သမား အမျိုးသမီးတွေဟာ သူတို့စက်ရုံမှာ ကြီးကြပ်နေတဲ့ တာဝန်ခံ အမျိုးသမီး ၂ ဦးက အလုပ်သမားတွေအတွက် မတရားတဲ့ စည်းမျဉ်းတွေ ထုတ်ပြီး ငွေကြေး ဖြတ်တောက်နေတာတွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေ ဖြေရှင်းမပေးတာတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမြို့ အလုပ်သမားရုံးထိ တိုင်ကြားပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရဲ့ တိုင်းဥက္ကဋ္ဌ ကိုအောင်မျိုးဝင်းက အခုလို ရှင်းပြပါတယ်။

“မတရားတဲ့စည်းကမ်း ဆိုတာက ကျန်းမာရေးကိစ္စ ပါမယ်၊ ကျန်းမာရေးကိစ္စ ဆိုတာ သူတို့က မနက် ၈ နာရီက ၁၀ နာရီအတွင်းပဲ အပေါ့အပါး သွားရမယ်၊ အလေးသွားရမယ်။ တကယ်လို့ အဲဒီအချိန် ကျော်ပြီးတော့မှ သွားခဲ့ရင် ခွင့်မပြုဘူး။ သွားခဲ့လို့ တွေ့ရင်လည်း သူတို့က ဒဏ်ငွေရိုက်မယ်၊ ၅၀၀ ပေါ့၊ အဲဒီလိုမျိုး။

“နောက်ပြီးတော့ အလုပ်ကိစ္စကို အလုပ်သမား အချင်းချင်း တခုံနဲ့တခုံ မေးမြန်းတာ၊ ပြောဆိုတာ တွေ့ရင် ၅၀၀ ဖြတ်တယ်။ အဲဒီလို စည်းကမ်းတွေရှိတယ်။ စက်ရုံရဲ့နောက်မှာရှိတဲ့ မိလ္လာကန်ကြီးကလည်း ပွင့်နေတယ်။ အဲတော့ ကျန်းမာရေးအရ ဆိုးရွားတယ်ပေါ့။ နေ့လယ် ထမင်းစား နားချိန်ကို တနာရီအပြည့် ပေးမယ် ဆိုတဲ့နေရာမှာ မပေးဘဲနဲ့ မိနစ် ၄၀ ပဲ ပေးတယ်ပေါ့ဗျာ။ အဲဒီလို အချက်တွေ ပါတယ်။ နောက် ဖယ်ရီကိစ္စတွေ ပါတယ်။ ပြီးတော့ အလုပ်ချိန် တိတိကျကျ လုပ်ပေးဖို့ အချက်တွေ ပါတယ်။ အခြေခံလစာ တိုးဖို့ကိစ္စရယ်၊ အချိန်ပိုကြေး တိုးပေးဖို့ ကိစ္စကတော့ သူတို့ လက်ရှိ မလုပ်ပေးနိုင်သေးဘူးလို့ ပြောတယ်။ ကျန်တဲ့ကိစ္စတွေတော့ လိုက်လျောပေးလိုက်တယ်။

“အဲဒီမှာ တချက်က ဘာပါလဲဆိုတော့ ကလေးတွေက အဓိက သူတို့တိုင်တဲ့ စာထဲမှာ ဒီအမျိုးသမီး ၂ ယောက်ကို အရေးယူ ဆောင်ရွက်ပေးဖို့ အဓိကထားပြီး တိုင်တာပေါ့။”

အလုပ်သမားတွေ စပြီး ဆန္ဒပြခဲ့တာကတော့ သောကြာနေ့က ဖြစ်ခဲ့တာပါ။ တောင်းဆိုချက်တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို သောကြာနေ့က တိုင်ကြားပြီး တောင်းဆိုခဲ့ပေမဲ့လည်း တနင်္လာနေ့အထိ ပြေလည်မှု မရသေးဘူးလို့ ဆိုပါတယ်။ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့ ပဲခူးမြို့က အလုပ်သမားရုံးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ ရုံးဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“အဲဒါ ကျမတို့ ရုံးအဖွဲ့က မသိဘူးရှင့်။ စက်ရုံကို လူကြီးတွေ ကွင်းဆင်းသွားပါတယ်။”
လစာတိုးပေးဖို့ အပါအ၀င် သူတို့ကို ဖိနှိပ်တဲ့ အမျိုးသမီးတွေကို ထုတ်ပယ်ပေးဖို့ ဆိုတဲ့ အချက်တွေကိုတော့ ငြင်းဆိုခဲ့တာကြောင့် အခုထိ စက်ရုံတွင်းမှာ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီစက်ရုံဟာ လူဦးရေ ၃၀၀ ၀န်းကျင်သာရှိပြီး ဒီနေ့မှာတော့ အလုပ်သမား ၅၅ ယောက်က အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့တုန်းကလည်း အခုလိုပဲ အလုပ်သမား ၁၇ ဦး အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ပြီး သူတို့ လိုလားချက်တွေကို တောင်းဆိုခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပဲခူးမြို့ အလုပ်သမားရုံးကပဲ ဖြေရှင်းပေးခဲ့တာကြောင့် ပြေလည်မှုတွေ ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Cap 1 ဦးထုပ်စက်ရုံက မန်နေဂျာကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ တာဝန်ခံ ဖြေကြားမယ့်သူ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများအား ထိန်းချုပ်ရန် ရာဇဝတ်သားများကို အသုံးချ
2011-06-06 RFA

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ် ထိန်းချုပ်ဖို့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အသုံးချနေတယ်လို့ စုံစမ်း သိရှိရပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အရှင်ရေဝတကို ထောင်အာဏာပိုင်တွေ ရှေ့မှာတင် ရာဇဝတ်အကျဉ်းသားတဦးက ရိုက်နှက်ခဲ့တယ်လို့ ဇွန်လ ၅ ရက် မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“လူသတ်မှုနဲ့ ကျလာတဲ့ လူကတဲ့ တယောက်ကို ရိုက်နေလို့မို့ မတရားပါဘူး၊ မရိုက်ပါနဲ့၊ အဲဒီလောက်ကြီး မရိုက်ပါနဲ့လို့ ပြောတာ၊ သူ့ကို ခင်ဗျား ဘာဆိုင်လို့တုန်း ဆိုပြီးတော့ ရိုက်တာတဲ့။ တုတ်နဲ့ ရိုက်တာတဲ့။ သူ့ကို ရိုက်တဲ့နေ့တုန်းကတဲ့ ဝန်ထမ်း ၃ ယောက် ရှိတယ်တဲ့။ အဲဒါ ဝန်ထမ်း ၃ ယောက်ကလည်း ဘာမှ မပြောဘူးတဲ့။ အခု ဟို ထောင်မှူးကို တိုင်တော့ ထောင်မှူးက ဘာမှ အရေးမယူဘူးတဲ့။”

ဦးရေဝတကလည်း သူ့ကို နိုင်ငံရေးအကျဉ်းသား အများစု ထိန်းသိမ်းထားတဲ့ အကျဉ်းတိုက်ခန်းထဲမှာ ထားဖို့ အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစု အထောက်အကူပြု ကွန်ရက်အဖွဲ့တာဝန်ခံ ကိုအောင်ဇော်ထွန်းကလည်း အကျဉ်းဆောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ထိန်းချုပ်ဖို့ ရာဇဝတ်သားတွေကို ထောင်အာဏာပိုင်တွေက တမင်သက်သက် အသုံးချနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်း ဖြတ်သန်းနေရတဲ့ အခြေအနေက ကျွန်တော် ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဘူးပါတယ်။ အဲဒီလို ဖြတ်သန်းခဲ့ဘူးတဲ့ အခြေအနေမှာ ဘာဖြစ်လဲဆိုတော့ အာဏာပိုင်တွေက တခါတခါ ကျရင် သူတို့ရဲ့ လက်နဲ့ ရိုက်မဲ့အစား တခြား သူတို့ ထိန်းချုပ်ထားတဲ့ ရိုးရိုးပုဒ်မ အကျဉ်းသားတွေကို စည်းရုံးပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်တာမျိုးတွေ ရှိတယ်။ အဲဒါ ထောင်ရဲ့ အုပ်ချုပ်ရေး နည်းနာထဲက တခုပေါ့လေ။”

“တခါတခါကျရင် အကျဉ်းသား အချင်းချင်းဆိုတဲ့ အခါမှာလည်း အကျဉ်းသားတွေရဲ့ အလွှာစုံ ရှိနေတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ တချို့ စရိုက်ကြမ်းတဲ့ အကျဉ်းသားတချို့နဲ့ ၅ (ည) တွေကို ပြန်လည်ပြီးတော့ ရိုက်နှက်ခိုင်းတာ၊ ဆဲဆို ကြိမ်းမောင်းပြီးတော့ ဖိနှိပ်ထားတာမျိုးတွေ ရှိပါတယ်။တကယ်တော့ ဒါက အကျဉ်းသား အချင်းချင်း ဖြစ်တဲ့ ပြဿနာ မဟုတ်ဖူး။ ဒီ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ရေး ပေါ်လစီတခုရဲ့ မှားယွင်းမှုပဲ။ အကျဉ်းသားကို အကျဉ်းသားနဲ့ ပြန်အုပ်ချုပ်ခိုင်းတဲ့ ပေါ်လစီပါ။”

အလားတူပဲ ဒီနှစ်ဆန်းပိုင်းလောက်က X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်မှုမှာ ဓာတ်ပုံရိုက်လို့ အဖမ်းခံရတဲ့ ကိုစည်သူဇေယျနဲ့ အခြား နိုင်ငံရေးအကျဉ်းသားတချို့ကို ရာဇဝတ်သားတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပါတယ်။

အာဏာပိုင်ဖိအားပေးမှုကြောင့် လူငယ်ကွန်ရက်အဖွဲ့ သင်တန်း ဖျက်ရ
2011-06-06 RFA

လူငယ်ကွန်ရက်အဖွဲ့က ရန်ကုန်မြို့ ဗေဒါကျောင်းမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းမှာ သင်တန်းပေးမဲ့ ဆရာတွေ ဖြစ်တဲ့ ဒေါက်တာ ကျော်ရင်လှိုင်တို့ အဖွဲ့ကို အာဏာပိုင်တွေက အကြီးအကျယ် ဖိအားပေးတဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်ရတယ်လို့ သိရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗေဒါကျောင်း ဦးဆောင် ကော်မတီဝင်တဦး ဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။

“ဒေါက်တာ ကျော်ရင်လှိုင်နဲ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့ဆီမှာ မသင်ဖို့ အာဏာပိုင်တွေက ဖိအားပေးတာ။ ကျွန်တော်တို့က ဒီ အီးဂရက်စ်မှာ သင်မဲ့ ဆရာ ၁၂ ယောက်က ကျွန်တော်တို့ ဗေဒါမှာ သင်မှာ။ ဆရာ ၁၂ ယောက် သင်မယ် ဆိုပြီးတော့ ကျွန်တော်တို့ agreement ယူထားတယ်။ အဲဒီ agreement ကို ကျွန်တော်တို့ စနေနေ့ကမှ သူတို့ ဖျက်လိုက်တယ်။ ဖျက်လိုက်တယ်ဆိုတာ အာဏာပိုင်တွေက သင်တာ မကြိုက်ဖူးပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ မသင်ဖြစ်တော့ဘူး။”

ဒီနေ့ ဇွန်လ ၆ ရက်ကစပြီး ၂၅ ရက်နေ့အထိ ဘာသာရပ်ပေါင်း ၁၂ ခုကို ဆရာ ၁၂ ယောက်က ပို့ ချဖို့ စီစဉ်ခဲ့တာပါ။ သင်တန်းဆရာတွေဖက်က အစီအစဉ်ကို ဒေါက်တာကျော်ရင်လှိုင်က ဦးဆောင်ပြီး၊ ပို့ချမဲ့ ဆရာတွေထဲမှာ ပါမောက္ခ ရောဘတ်တေလာလို နိုင်ငံခြားသားဆရာ ပါသလို၊ ဆရာ ဦးသီဟန်၊ ဆရာ ဦးတင်မောင်မောင်သန်းတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပို့ချမဲ့ ဘာသာရပ်တွေကတော့ ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံရေး ဘောဂဗေဒ၊ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေများ၊ ကောင်းမွန်တဲ့အစိုးရ၊ လူထုဆိုင်ရာ မူဝါဒတွေကို နှိုင်းယှဉ်လေ့လာခြင်း၊ အရှေ့တောင်အာရှ နိုင်ငံများရဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးစနစ်တွေအကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ၊ နိုင်ငံရေးဘောဂဗေဒ စတဲ့ ဘာသာရပ်တွေ အပါအဝင် ဘာသာရပ် ၁၂ ခုသင်ကြားပေးဖို့ ဖြစ်ပါတယ်။
အာဏာပိုင်တွေ ဖိအားပေးလို့ ပို့ချမဲ့ အစီအစဉ် ဖျက်လိုက်ရတာနဲ့ ပတ်သက်ပြီး ဒေါက်တာ ကျော်ရင်လှိုင်ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါမှာ တစုံတရာ ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာ အီးဂရက်စ်အဖွဲ့က သင်တန်းမှာတော့ ပို့ချခွင့် ရနေပြီး ဒီကနေ့ စမဲ့ လူငယ်ကွန်ရက်အဖွဲ့က အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာပါ။

လာမဲ့ ဇွန်လ ၂၀ ရက်နေ့မှာလည်း ဒေါက်တာ ကျော်ရင်လှိုင်တို့အဖွဲ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ အခုလိုမျိုး သင်တန်းပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီ သင်တန်းဖွင့်ဖြစ်မယ် မဖွင့်ဖြစ်ဘူးဆိုတဲ့ အကြောင်းတော့ မသိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်
လင်းသန့် Monday, 06 June 2011 18:25

မကြာမီ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ကို ကြိုတင် အသိပေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရ ဘယ်ဒေသ၊ ဘယ်အချိန်၊ နေ့၊ ရက်၊ နာရီတွင် သွားမယ် ဆိုတာကိုတော့ လက်ရှိအစိုးရကို အကြောင်းကြားဖို့  ရှိတယ်။ ခွင့်ပြုချက် ယူတာမျိုးလည်း မဟုတ်ဘူး” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ခရီးစဉ်ကို ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အပြီး ရက်ပိုင်း အတွင်း စတင် နိုင်ဖွယ်ရှိသည်ဟုလည်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများ တာဝန်ယူထားသူတဦးဖြစ်သည့် NLD မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကမူ “ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ အများကြီး စောနေသေးတယ်။ လုံခြုံရေးကြောင့် ကျနော်တို့က အသေးစိတ်ကို မပြောသေးပါဘူး” ဟု ဧရာဝတီကို ရှင်းပြသည်။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း၊ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။

အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ်သာ သဘောထားကြောင်း ဂျွန်မက်ကိန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အများအပြားက စိတ်ဝင်တစား စောင့်ကြည့်သွားမည့် ခရီးစဉ်အတွင်း စာနယ်ဇင်းသမားများ လိုက်ပါ သတင်းယူနိုင်လျှင် လုံခြုံရေး ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဤအတောအတွင်း NLD လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက စနစ်ကျသော လုံခြုံရေး အစီအမံများ လုပ်ဆောင်နေကြကြောင်း လူငယ်ကွန်ယက် ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ခရီးစဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ အခု လူငယ်တွေ အနေနဲ့ စနစ်ကျ တဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့ လုံခြုံရေး ယူပေးကြဖို့ စီစဉ်နေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ် ပူပန်ကြသော်လည်း လူထုနှင့် အနီးကပ် တွေ့ဆုံနိုင်မှ လူထုအကျိုးကို ပို၍ ဖော်ဆောင်နိုင်မည်ဟု NLD လူငယ်ခေါင်းဆောင် ကိုရာဇာက မှတ်ချက်ပေး ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ခရီးထွက်ခဲ့သည့် အချိန်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့က ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

နောက်တနေ့တွင် အာဏာပိုင်တို့က ထိုဖြစ်ရပ်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် လူအုပ်၏ အင်အားမှာ အရေအတွက် ၅၀၀၀ ရှိသည်ဟု ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အတွင်းသာ သွားလာခဲ့ပြီး NLD လုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

လစာအပြည့်မရသည့် ကုမ္ပဏီဝန်ထမ်း ၉ ဦး ရန်ကုန်တွင် ဆန္ဒပြ
ဧရာဝတီ Monday, 06 June 2011 12:51 သတင်းတိုများ

လစာ အပြည့်အ၀ မရရှိသောကြောင့် Ever Win ကုမ္ပဏီမှ ၀န်ထမ်း ၉ ဦးသည် ဇွန်လ ၃ ရက် နေ့လယ် ၁၁ နာရီခွဲက ပန်းဆိုးတန်းလမ်းရှိ ကုမ္ပဏီရှေ့တွင် ဆန္ဒြုပခဲ့ပြီး နေ့လယ် ၂ နာရီတွင် NLD ရုံးသို့ သွားကာ ILO သို့ တိုင်ကြားနိုင်ရန် စီစဉ်ခဲ့သည်ဟု သိရသည်။

အလုပ်စတင် ၀င်ရောက်သည့် အချိန်ကတည်းက လစာငွေကို ၃ ရစ်ခွဲကာ နှစ်ချီပေးခဲ့ကြောင်း၊ လက်ရှိ ကုန်ဈေးနှုန်း များကြောင့် ကျပ်တည်းမှု ပိုမိုကြုံလာရသော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း အဆိုပါ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။ Ever Win ကုမ္ပဏီသည် Myanmar News Week၊ ရောင်ခြည်မိုး စသည့် ဂျာနယ်များ ထုတ်ဝေ ဖြန့်ချိနေသည့် ကုမ္ပဏီဖြစ်သည်။

အာဏာပိုင်များ ချယ်လှယ်မှုကြောင့် လက်ဖက်ဈေးကွက်ပျက်
နရီလင်းလက် Monday, 06 June 2011 17:52

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်ဒေသတွင် လက်ဖက် ဈေးကွက်အတွင်း အာဏာပိုင်များက ၀င်ရောက်ခြယ်လှယ် နေသောကြောင့် ဈေး ၂ ဆခန့် ကျဆင်းသွားပြီး စိုက်ပျိုးသူ တောင်သူများ အကျပ်အတည်း ကြုံ တွေ့နေရသည်ဟု တအာင်း (ပလောင်) အလုပ်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ယနေ့ ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် နမ့်ဆန်မြို့ရှိ ဗိုလ်ကြီး သန်းထွန်းသည် တပ်မတော် အချိုခြောက်၊ လက်ဖက် စက်ရုံ (ပလောင်ထိပ်ထား လက်ဖက်ခြောက်) နှင့် နဂါးပျံ လက်ဖက်ခြောက် စက်ရုံတို့အတွက် လက်ဖက်ထွက်ရှိသည့် ရာသီ ရောက်တိုင်း ကုန်သည်များကို ခေါ်ယူကာ ဈေးနှုန်းများကို စိတ်ကြိုက် သတ်မှတ် ပေးသည်ဟု ပါရှိသည်။

ယခင်နှစ်များက နမ့်ဆန်မြို့နယ်၌ လက်ဖက်ခြောက် တပိဿာ ၄၀၀၀ - ၅၀၀၀ ကျပ် ၀န်းကျင်ခန့်ရှိရာမှ ယနေ့ ပေါက်ဈေး တပိဿာ ကျပ် ၂၀၀၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။

“တနိုင်တပိုင် လက်ဖက်ခင်း လုပ်ငန်းရှင်တွေ ဆီကနေ ကုန်သည်အများစုက သိမ်းတာ။ ကုန်သည်တွေက အာဏာပိုင်တွေ ပြောတဲ့ဈေးနဲ့ နှိမ်ဝယ်တော့ လက်ဖက်ခင်း ပိုင်ရှင်တွေကလည်း အရင်းလည်းမကျေ၊ အလုပ်သမားခတွေက အရင်ရှင်းပေး ထားရတာဆိုတော့ အရှုံးပေါ်ကုန်ရော” ဟု နမ့်ဆန်မြို့နေ လက်ဖက်လုပ်ငန်းလုပ်ကိုင်သူ တဦးက ဧရာဝတီကို ပြောသည်။

လက်ဖက်စိုက်ခင်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ အနောက်ဘက်ခြမ်း၊ သီပေါ အနောက်ဘက်ခြမ်း၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့်မြို့နယ်များတွင် ရှိပြီး အဓိကစိုက်ပျိုးသူ ပလောင်တိုင်းရင်းသား ၆ သိန်းခန့် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လက်ဖက်ဈေးနှုန်းများ ကျဆင်းကာ လက်ဖက်ဈေးကွက် ပျက်လာသောကြောင့် လက်ဖက်စိုက် တောင်သူ များသည် နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မှု များပြားလာပြီး မိရိုးဖလာ လက်ဖက် စိုက်ပျိုးသည့် လုပ်ငန်း တိမ်ကောလာသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ဈေးကွက်က ပျက်သလို ဖြစ်နေတော့ အလုပ်သမားတွေကလည်း အလုပ်မရတော့ဘူး။ ရွာတိုင်းမှာ ရှိတဲ့ အဓိက ယောက်ျားလေးတွေဆို တရုတ်ပြည်ဘက် ထွက်ပြီး ပန်းရန်လုပ်တာတို့၊ ခြံခုတ်တာတို့ ခိုင်းသမျှ အကုန် သွားလုပ် နေကြရ တယ်။ ကျမတို့ရွာက ထွက်သွားတဲ့ လူတွေ အများကြီးပဲ” ဟု ရှမ်းပြည် (မြောက်ပိုင်း) မားလန် ကျေးရွာသူ တဦးက ပြောပြသည်။

ယခင်နှစ်က လက်ဖက်ခူးသမား တဦးသည် တနေ့လျှင် ကျပ် ၃၀၀၀ ရရှိသော်လည်း ယခုနှစ် လက်ဖက်ဈေးနှုန်း ကျဆင်းသောကြောင့် လက်ဖက်ခူး သမားတဦး၏ တနေ့ ရရှိငွေမှာ ၁၅၀၀ ကျပ်သာ ရှိတော့ကြောင်း သိရသည်။

မိုးလွတ်ချိန် ရွှေဖီဦး ကာလ ဧပြီနှင့် မေလ ကြားတွင် တကြိမ်၊ ခါးကန်ဦး ကာလ မိုးရာသီ ဇွန်လတွင် တကြိမ် စုစုပေါင်း လက်ဖက်ခူးချိန်သည် တနှစ်လျှင် ၂ ကြိမ်ရှိသည်။

မတ်လ အတွင်းက မြန်မာအစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း တပ်တို့ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ဖက်စိုက် တောင်သူများ လက်ဖက်ခူးချိန် နောက်ကျ၍ လက်ဖက်ခင်းများ ပျက်ဆီးသွားခဲ့သည်ဟု သိရသည်။

“ရွှေဖီဦး ကာလမှာ မိုးဆက်တိုက်ရွာတော့ လက်ဖက်ခင်း နည်းနည်းပျက်တာရယ်၊ တိုက်ပွဲဖြစ်တော့ လက်ဖက်ခူး လို့မရဘဲ လက်ဖက်ခူးချိန် နောက်ကျတာရယ်ကြောင့် လက်ဖက်တွေ ရင့်ကုန်တယ်။ အဲဒါကြောင့်လည်း ဈေးကျတာပါတယ်” ဟု မားလန်း ကျေးရွာသူက ပြောသည်။

လက်ဖက်ခြံ ပိုင်ရှင်များသည် အလုပ်သမား လုံလောက်စွာ မရရှိခြင်း၊ လက်ဖက်ဈေးနှုန်း အဆမတန် ကျဆင်း လာခြင်းတို့ကြောင့် လက်ဖက်ရွက်နု များကို မခူးဘဲ ပစ်ထားရကြောင်း၊ ထို့ကြောင့် လက်ဖက်ရွက်များ ရင့်ရော်ပြီး နောက်ရာသီတွင်ပါ လက်ဖက် အထွက်နှုန်း လျော့ကျလာသည့် ပြဿနာများလည်း ဖြစ်လာကြောင်း ယနေ့ ထုတ်ပြန်လိုက်သည့် တအာင်း (ပလောင်) အလုပ်အဖွဲ့ ကြေညာချက်တွင် ပါရှိသည်။

လက်ဖက်ဈေးနှုန်းများ အဆမတန် နိမ့်ကျနေသော်လည်း ဒေသတွင်း ကုန်ဈေးနှုန်းများသည် ယခင်နှစ်ကထက် ပိုမို မြင့်မားလာသောကြောင့် ပလောင် တိုင်းရင်းသားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဘုရားသုံးဆူ ထောက်လှမ်းရေးရုံး တိုက်ခိုက်ခံရ
သန်းထိုက်ဦး Monday, 06 June 2011 16:23

မျက်နှာဖုံးစွပ် လက်နက်ကိုင် တစုက ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ယမန်နေ့ ညနေပိုင်းတွင် သွားရောက် တိုက်ခိုက်မှုကြောင့် စရဖ တပ်ဖွဲ့ဝင် တဦး နှင့် ကလေးငယ် တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

ဆိုင်ကယ်များဖြင့် ရောက်သွားသော မျက်နှာဖုံးစွပ် ၇ ဦးခန့်က လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စရဖ အဖွဲ့ဝင်မှာ ကိုကျော်ကျော်အောင် ဖြစ်ပြီး၊ အသက် ၉ နှစ် အရွယ် မိန်းကလေး၏ အမည်ကို မသိရှိရသေးပေ။

ဒဏ်ရာရသူများမှာ မွန်ပြည်သစ် ပါတီဝင် ကိုဝင်းစိုး၊ အငှားဆိုင်ကယ် မောင်းသူ ၂ ဦး နှင့် အခြား ၁ ဦးတို့ ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

စရဖ ရုံးမှ တပ်ဖွဲ့ဝင်က ပြန်လည် ခုခံ ခဲ့ကြောင်း၊ ပြန်လည် ဆုတ်ခွာသွားသော မျက်နှာဖုံးစွပ် လက်နက်ကိုင်များကို ထိုဒေသအခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ တပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

စရဖ အဖွဲ့သည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဦးဆောင်သည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်က ဖျက်သိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စရဖရုံးကို တိုက်ခိုက်သွားသူများမှာ မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်များ ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံ အများအပြားက သုံးသပ် ပြောဆိုနေကြသည်။

တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ထိုဒေသတွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ အပစ်ရပ်အဖွဲ့များ ဖြစ်သော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ်ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA အဖွဲ့၊ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့တို့ လှုပ်ရှားနေကြသည်။

မတည်မငြိမ်ဖြစ်နေသည့် ဘုရားသုံးဆူတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ဈေးကြီး အပါအ၀င် ဈေးဆိုင်များနှင့် ရွှေဆိုင်များလည်း ပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

အလုပ်သမားဆန္ဒပြမှု ဖြစ်စေသည့် အလုပ်ရှင်များ အရေးယူခံရမည်
ဧရာဝတီ Monday, 06 June 2011 16:53

စက်ရုံ၊ အလုပ်ရုံများ အတွက် အလုပ်သမား ခေါ်ယူရာတွင် သူ့ထက်ငါ အခွင့်အရေးပိုပေး၍ စည်းရုံး ကြော်ငြာခြင်းဖြင့် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှုဖြင့် လုပ်ငန်းရှင်များကို အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်လိုသူ နည်းပါးလျှက် ရှိရာ အလုပ်ရှင်များက လုပ်ခလစာနှင့် အခွင့်အရေး ပိုပေးမည်ဟု ကြော်ငြာပြီး အလုပ်သမား အပြိုင်အဆိုင် ခေါ်ယူနေကြကြောင်း၊ ထို့ကြောင့် အခွင့်အရေး ပိုမပေးနိုင်သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများက ထိုကြော်ငြာများကို ဖတ်မိပြီး ဆန္ဒပြမှုများ လုပ်ဆောင် လာနိုင်သဖြင့် တည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်း၊ ထိုသို့ထိခိုက်လာလျှင် အခွင့်အရေး ပိုပေးမည်ဟု ကြော်ငြာခြင်းဖြင့် တခြားသော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ ဆန္ဒပြစေရန် လုပ်ဆောင်သည့် လုပ်ငန်းရှင်များကို နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေမှု၊ နိုင်ငံတော် ဆူပူ ဆန္ဒပြမှုများ ဖြစ်စေမှု တို့နှင့် အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူ တဦးက ပြောသည်။

“စက်ရုံထဲမှာ ဆန္ဒပြတာက ကိစ္စမရှိဘူး။ လမ်းမပေါ် ထွက်လာရင် ဆန္ဒပြမှုတွေက အစိုးရ ဆန့်ကျင်ရေးဘက် အချိန်မရွေး ပြောင်းသွားနိုင်တယ်။ အဲဒီလို မဖြစ်ရအောင် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တကယ် မပေးနိုင်ဘဲနဲ့ တခြားစက်ရုံက အလုပ်သမားတွေ ကိုယ့်ဆီရောက်လာဖို့ အခွင့်အရေးတွေ ပေးမယ်ဆိုပြီး ကြော်ငြာ တာမျိုးတွေကို အရေးယူသွားမယ်” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

စက်ရုံ၊ အလုပ်ရုံများတွင် အထွေထွေ အလုပ်သမားတဦး၏ အခြေခံလစာမှာ ကျပ် ၃ သောင်းဖြစ်ပြီး အချိန်ပို ဆင်းရလျှင် တလ ကျပ် ၅ သောင်းကျော် ရရှိကြောင်း၊ သို့သော် အဆိုပါ ငွေကြေးသည် အလုပ်သမား တဦးအတွက်ပင် ဖူလုံမှု မရှိဘဲ အဆိုပါ အလုပ်သမားကို မှီခိုနေရသည့် မိသားစုများမှာ စားဝတ်နေရေး အကျပ်အတည်း ရင်ဆိုင် နေကြရကြောင်း သိရသည်။

စက်မှုဇုန်များတွင် အလုပ်သမား ဆန္ဒပြမှုများကို ဖြေရှင်းနိုင်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှူး၊ မြို့နယ် သမ၀ါယမ ဦးစီးမှူး၊ မြို့နယ် ကျန်းမာရေးမှူးများ ပါဝင်သော မြို့နယ်အဆင့် အလုပ်သမား ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပြီး အလုပ်သမား ၀န်ကြီးဌာနက အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ ဥပဒေသစ် တရပ်ကို ရေးဆွဲနေပြီဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ကိုမူ ပိတ်ပင်မည် ဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အလုပ်သမား သမဂ္ဂ ဖွဲ့စည်းစရာ မလိုတဲ့အထိ အလုပ်သမား ၀န်ကြီးဌာနက အလုပ်သမားတွေဘက်က ရပ်တည် သွားရ မယ်ပေါ့။ သမဂ္ဂ ဖွဲ့စည်းခွင့် ပေးလိုက်ရင် အဲဒီ သမဂ္ဂက နိုင်ငံတော် ဆူပူအောင် လွယ်လွယ်နဲ့ လုပ်နိုင်တဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဖွဲ့စည်းခွင့် ပေးမှာမဟုတ်ဘူး” ဟု နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တဦးက ဆိုသည်။

အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် ချက်ချင်းဖြေရှင်းရန် အောက်ခြေအဆင့် အလုပ်သမား ၀န်ကြီးဌာနနှင့် ဒေသခံ အာဏာပိုင်များကို နေပြည်တော် ဗဟိုအစိုးရက ညွှန်ကြားထားပြီး အလုပ်သမားများ လမ်းမပေါ်ထွက် ဆန္ဒပြလာလျှင် သက်ဆိုင်ရာ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနများနှင့် ပူးပေါင်းဖြိုခွဲ နှိမ်နင်းရမည်ဟု တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သူက ပြောသည်။

အလုပ်သမား ဆန္ဒပြမှုများသည် ကူးစက်မှုမြန်ဆန်ပြီး ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေး သမားများက အလုပ်သမားထုကို အသုံးချပြီး အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများတွင် ဖြစ်ပေါ်နေသကဲ့သို့ လူထု လှုပ်ရှားမှု အသွင် ဖော်ဆောင်လာ နိုင်ကြောင်း၊ ထို့ကြောင့် အလုပ်သမား လူတန်းစားကို ဒေသခံ အာဏာပိုင်များက အဓိကထား စောင့်ကြည့် ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“စက်မှုဇုန်တိုင်းမှာ နယ်မြေခံရဲ၊ အာဏာပိုင်တွေ အချင်းချင်း အလုပ်သမား လူတန်းစားကြားမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ စုံစမ်း ထောက်လှမ်းကြတယ်။ နေ့စဉ် အခြေအနေကို သက်ဆိုင်ရာတိုင်း၊ ခရိုင်အဖွဲ့အစည်းတွေဆီ တင်ပြရတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ ဒေသခံ အာဏာပိုင်တဦးက ဆိုသည်။

ရန်ကုန်မြို့မှ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးကမူ အလုပ်သမားများကို လစာတိုးပေးနိုင်ရန် အလုပ်ရှင်များတွင် ၀င်ငွေတိုးရန် လိုအပ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များရရန် လိုအပ်ကြောင်း၊ အစိုးရပိုင်း ကလည်း ကြန့်ကြာနေသည့် မလိုလားအပ်သော လုပ်ငန်းစဉ်များကို လုပ်ငန်းမြန်ဆန်ရေးအတွက် လျှော့ချပေးသင့်ကြောင်း ပြောသည်။

“အစိုးရဘက်ကလည်း လိုအပ်တဲ့ အစိတ်အပိုင်း တွေမှာ အားတက်သရော ကူညီရမယ်။ အခွန်၊ လိုင်စင်လို ကိစ္စမျိုးတွေ ချက်ချင်း လုပ်ပေးဖို့ လိုတယ်။ အခု အခြေအနေ အတိုင်းက ဘယ်လိုမှ အလုပ်သမားကို လစာတိုးမပေးနိုင်ဘူး။ လစာတိုး မပေးနိုင်လို့ အလုပ်မလုပ်ရဘူး ဆိုရင်လည်း စက်ရုံကို ပိတ်လိုက်ရုံပဲ” ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၄၀၀၀ ကျော်ရှိပြီး အလုပ်သမား စုစုပေါင်း ၂ သိန်းနီးပါး ရှိကြောင်း UMFCCI မှ သိရသည်။

စည်ပင်ရဲများ ဖယ်ရှားရန် မဝံ့
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် စည်ပင်သာယာက လမ်းဘေးဈေးရောင်းမှုများ တားမြစ်ထားသော်လည်း ဈေးရောင်းချမှု ဆက်လက် ရှိနေချိန်တွင် စည်ပင်ရဲများမှာလည်း ဖယ်ရှား ရှင်းလင်းရန် မဝံ့မရဲ ဖြစ်နေကြကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

ပြီးခဲ့သည့် သောကြာနေ့မှစ၍ ရန်ကုန်တိုင်း အတွင်းရှိ လသာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လမ်းမတော် မြို့နယ်များ၌ ဈေးမရောင်းရန် တားမြစ်ထားပြီး မလိုက်နာလျှင် ပစ္စည်းသိမ်းမည့်အပြင် ထောင်ဒဏ် ၃ လ အထိ အရေးယူရန် ထုတ်ပြန်ထားသည်။

“ ကျနော်တို့ ပြဿနာတက်မှာကို စိုးတယ်။ ပြီးတော့ ဈေးသည်တွေနဲ့ကလည်း ရင်းနှီးနေတယ်လေ ” ဟု ရဲတပ်ကြပ်တဦးက မဇ္ဈိမကို ပြောသည်။

ကျောက်တံတားမြို့နယ် ၃၈ လမ်းဈေးမှ ဈေးသည်များကို ဗိုလ်တထောင်မြို့နယ် ချမ်းမြေ့ဈေးသို့ ပြောင်းရွှေ့
ရောင်းချရန် စည်ပင်သာယာက ညွှန်ကြားထားသော် လည်း မအောင်မြင်ဘဲ ဖြစ်နေသည်။

မြန်မာမှ အဆင့်မီလေဆိပ်တခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ်တစီး ညအိပ်ရပ်နားခဲ့ရ
News Date:6/6/2011 နိရဉ္ဖရာ သတင်းဌာန

မြန်မာနိုင်ငံကို အုပ်ချုပ်သူ အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခုအဖြစ် တိုးချဲ့ တည်ဆောက်နေပါသည်ဟု ဆိုသော စစ်တွေ လေဆိပ်တွင် လေယာဉ်ဘီးများကို လေထိုးရန် စက်မရှိသဖြင့် လေယာဉ် တစီး ညအိပ်ရပ်နားခဲ့ရသည်ဟု သိရသည်။

အဆိုပါ လေယာဉ်မှာ မေလ ၂၉ ရက်နေ့က ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များကို တင်ဆောင် ပျံသန်းလာသော အစိုးရပိုင် မြန်မာလေကြောင်းလိုင်း XY- AIB လေယာဉ် ဖြစ်ကြောင်း သိရသည်။

"ညအိပ်ရပ်နားခဲ့ရတာက မှန်ပါတယ်။ နောက်တစ်နေ့ နေ့လည်ပိုင်းမှ ရန်ကုန်ကို ပြန်သွားခဲ့ရပါတယ်။ ဘီးက လေလျော့နေတဲ့ အတွက် ဘီးတစ်လုံး ရန်ကုန်က ရောက်လာပီးမှ ပြန်လဲကာ ထွက်ခွာသွားခဲ့ပါတယ်" ဟု လေဆိပ်တွင် အလုပ် လုပ်ကိုင်နေသူ ကိုထွန်းရွှေက ပြောသည်။

ယခုကဲ့သို့ ဘီးလေလျာ့နေသဖြင့် လေယာဉ်မပျံနိုင်၍ ခရီးသည် တစ်ချို့မှာ ကြောက်ပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး တစ်ချို့ ခရီးသည်များမှာ တခြား လေယာဉ်များဖြင့် ရန်ကုန်သို့ လိုက်ပါ သွားခဲ့ရသည်ဟု သိရသည်။

" လူတွေကတော့ အများစု အိမ်ကို ပြန်သွားကြပါတယ်။ စစ်တွေမှာ လေယာဉ် လက်မှတ် ချက်ချင်းရဖို့ဆိုတာ အစိုးရ အာဏာပိုင်တွေမှ အပ သာမန် လူတွေက သိပ်မလွယ်ပါဘူး။ အများစုကတော့ ခရီးစဉ်ကို ဖျက်လိုက်တာ ရှိပါတယ်။ တစ်ချို့လည်း နောက်နေ့မှာ လိုက်ပါသွားကြပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်တွေနှင့် ရန်ကုန် ခရီးစဉ်တွင် လေကြောင်းလိုင်း ၃ ခုခန့် နေ့စဉ် ပျံသန်းနေပြီး ပုဂ္ဂလိက လေကြာင်းလိုင်းများတွင် လေယာဉ်ခ တစ်ကြောင်းတည်းမှာ ကျပ် ရှစ်သောင်းကျော် ရှိပြီး အစိုးရပိုင် မြန်မာ့ လေကြောင်းလိုင်းမှာ ငါးသောင်း လေးထောင်ကျပ်သာ ယူသည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမူကြောင့် စစ်တွေ လေဆိပ်မှာ ခရီးသည်အသွားအလာများသော လေဆိပ် တစ်ခု ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များက ခေတ်မှီ တိုးတက်အောင် ပြုပြင်ပေးမူ မရှိသဖြင့် လမ်းလျော်ခြင်း၊ လေယာဉ်များ အချိန်နှင့် တပြေးညီ ပျံသန်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခြင်း၊ လေယာဉ် လက်မှတ်များ ရရှိရန် ခက်ခဲ ကြန့်ကြားခြင်းစသည့် အခြေအနေများနှင့် ကြုံတွေ့နေကြရ ကြောင်း သိရသည်။

ဦးသိန်းညွန့်ကို တသီးပုဂ္ဂလအဖြစ် သတ်မှတ်ဟုဆို
မျိုးသန့် | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း သင်္ကန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်လိုက်သည်ဟု သူ၏ ပါတီဟောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDFမှ နိုင်ငံရေး ဦးဆောင်ကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးသိန်းညွန့်ကို NDF မှထုတ်ပယ်ခြင်းကို လက်ခံလိုက်ပြီး တသီးပုဂ္ဂလအဖြစ် အတည်ပြုပေးလိုက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဦးခင်မောင်ဆွေက
ပြောခြင်းဖြစ်သည်။
ကော်မရှင် ဥက္ကဋ္ဌမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မေလ ၃၁ ရက်နေ့ရက်စွဲဖြင့် ပေးပို့ထားသောစာကို ရန်ကုန်တိုင်း
ကော်မရှင်ထံ လိပ်မူထားပြီး ကာယကံရှင်များဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ဦးသိန်းညွန့် တို့ကိုလည်း မိတ္တူ ပေးပို့ထားသည်ဟု ဆိုသည်။

သို့သော်လည်း ယခုသတင်းပေးပို့ချိန်အထိ ကော်မရှင်၏ ဆုံးဖြတ်ချက်စာကို ဦးသိန်းညွန့်အနေဖြင့် လက်ခံရရှိခြင်း မရှိသေးဟုဆိုကာ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်မှုဟု တုံ့ပြန်လိုက်သည်။

“ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ကျနော် နာခံမယ် ဒါပေမယ့် ကျနော့်ဆီတော့ အခုချိန်အထိ ကော်မရှင်က မိတ္တူ မပေးဘူး။ ဒီကိစ္စ ကျနော် ဘာမှမသိဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိအလင်း မကြေညာသေးတဲ့ အချိန်မှာ အခုလို ပြောတာဟာ ကျနော့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”ဟု ဦးသိန်းညွန့်မှ မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်လိုသူများက အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်ကာ NDF ကို တည်ထောင်အပြီး လေးလစွန်းသည့်အခါ ပါတီဘဏ္ဍာရေးကိစ္စကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည်ဆိုသော စွပ်စွဲချက်ဖြင့် ဦးသိန်းညွန့်ကို ဗဟိုကော်မတီက ထုတ်ပယ်မှု ဖြစ်ပွားခဲ့သည်။

ဦးသိန်းညွန့်က လက်မခံဘဲ NDF အမည်ကို ဆက်လက်သုံးကာ ရွေးကောက်ပွဲဝင်ရာ ရွေးချယ်ခံရပြန်သည်။ ပါတီတွင်း အစုကွဲသလို ဖြစ်နေရာက ရွေးကောက်ပွဲ ကော်မရှင်တွင် အဆုံးဖြတ်တောင်းခံခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ဖူးသူ ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ်များ ဖြစ်သည့် ဦးကျော်၊ ဒေါ်စမ်းစမ်းမြင့်နှင့် အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်
ပြည်သူ့လွှတ်တော် အမတ် ဦးကြည့်မြင့်တို့ဖြင့် မဟာမိတ်ဖွဲ့ကာ သင်္ကန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် အဖွဲ့ဟု ဖွဲ့စည်းထားသည်။

No comments: