Wednesday, June 29, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်


ဗုဒ္ဓဟူး, 29 ဇွန် 2011

ဒီကနေ့အစီအစဉ်မှာ အရင်အကြိမ်တွေတုန်းကလည်း အမြဲလိုမေးလေ့ရှိကြတဲ့ လာဘ်ပေး လာဘ်ယူကိစ္စ၊ NLD အနေနဲ့ ပါတီအသစ်ထောင်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ရှိ-မရှိ၊ အစိုးရအဖွဲ့ ပြောင်းသွားတယ်ဆိုပေမယ့် ဘာမှ ပြောင်းတာ မတွေ့ရသေးတာကြောင့် ပါတီစုံခေတ် အရပ်ဘက် အုပ်ချုပ်ရေးကို ဘယ်လို ရွေးချယ် တာဝန်ပေးတယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လက်နက်စွဲကိုင် တော်လှန်တာ အကြမ်းဖက်မှုမြောက်မမြောက်၊ ဒီမိုကရေစီနိုင်ငံတခုဖြစ်လာဖို့ လုပ်ရမယ့် အဓိကလိုအပ်ချက်၊ မြန်မာနိုင်ငံကို သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်း တိုးတက်လာနိုင်အောင် ဘာတွေ ပြုပြင်ရမလဲ၊ တိုင်းပြည်ထုတ်ကုန်တန်ဖိုး GDP အစစ်အမှန်သိရရေး စတဲ့မေးခွန်းတွေ ပါဝင်ပါတယ်။


ဘူမိဗေဒဘာသာရပ်ကို လေ့လာနေတဲ့ ဒဂုံဆောင်က မစ္စတာ Crab ဆိုတဲ့ နာမည်နဲ့ သောတရှင်ရဲ့မေးခွန်းကတော့ မကြာခဏ မေးလေ့ရှိကြတဲ့ လာဘ်ပေးလာဘ်ယူကိစ္စပဲ ဖြစ်ပါတယ်။

မေး။ ။ ဒေါ်စုခင်ဗျား၊ ယခင်အစိုးရလက်ထက်က လာဘ်စားထားတဲ့အထောက်အထား၊ ဥပမာ - ဆက်သွယ်ရေး တိုင်းဂျာ ဂါရဝကြေး ဆယ်သိန်းဆိုပြီး ကော်မတီဝင်တွေ လက်မှတ်ထိုး ဖြန့်ဝေထားတဲ့ စာရင်းရှိပါတယ်။။ ယခုအစိုးရလက်ထက် တိုင်ကြားမယ်ဆိုရင် ရပါသလား၊ ဘယ်လိုနည်းလမ်း သုံးရမယ်ဆိုတာ လမ်းညွှန်ပေးစေလိုပါတယ် ခင်ဗျား။

ဖြေ။ ။ အခုအစိုးရသစ်က လာဘ်ပေးလာဘ်ယူကင်းရှင်းတဲ့ အစိုးရမျိုးဖြစ်စေရမယ်လို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ပါတယ်ဆိုတာကို မစ္စတာ Crab သိပြီးဖြစ်မယ် ထင်ပါတယ်။ ဒီတော့ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့်အစီအစဉ်ကို အစိုးရက အများသိအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သမ္မတရုံးကို စာရေးပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းလို့ရှိရင် အဖြေရနိုင်မလားလို့ စဉ်းစားမိပါတယ်။

မလေးရှားနိုင်ငံမှာရောက်နေတဲ့ ခန္တီရွာသားလေးဆိုသူ ကိုမျိုးဝင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်ထပ် ပါတီအသစ်ထောင်ဖို့ ရှိ-မရှိ၊ ရွေးကောက်ပွဲ ဝင်-မဝင်ဆိုတာကို မေးခွန်းထုတ်ထားပါတယ်။

မေး။ ။ သားသိတာကတော့ NLD ပါတီဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီလို့ သိရပါတယ်၊၊ ဒါကို အစိုးရက အသိမှတ်မပြုဘဲ အခု ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပေးလိုက်ပါပြီ၊၊ ကျနော်မေးချင်တာကတော့ အမေတို့ NLD ပါတီက ဒီလိုပုံစံနဲ့ပဲနေမလား ဒါမှမဟုတ် ပါတီအသစ်ထောင်ပြီး နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အစီအစဉ်ရော ရှိပါသလားခင်ဗျား။

ဖြေ။ ။ ဒီမေးခွန်းမျိုးကို အမေ အရင်ကလည်း ဖြေခဲ့ပြီးပါပြီ။ နောင် ရွေးကောက်ပွဲတွေဟာ ဘယ်လိုပုံစံနဲ့ ဖြစ်ပေါ်မယ် ဆိုတာကို မသိသေးခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လို ရပ်တည်မယ်ဆိုတာကို မပြောနိုင်သေးပါဘူး။

ရွေးကောက်ပွဲပြီးလို့ အစိုးရအဖွဲ့လည်း ပြောင်းသွားပြီဖြစ်ပေမယ့် ကိုယ့်ရပ်ထဲရွာထဲမှာ ဘာအပြောင်းအလဲမှ မတွေ့ရဘဲ အရင်လူတွေကပဲ အုပ်ချုပ်ရေးပိုင်းကို ဆက်ယူထားတာ တွေ့နေရဆဲဖြစ်တာကြောင့် ပါတီစုံခေတ် အရပ်ဘက် အုပ်ချုပ်ရေးမှာ ဘယ်လို ရွေးချယ်ခန့်ထား တာဝန်ပေးတယ်ဆိုတာကို စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာက မရွှေစင်ကနေ မေးမြန်းထားပါတယ်။

မေး။ ။ အခုဆို ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးလို့ သမ္မတကြီးဦးသိန်းစိန်အစိုးရ တက်လာပါပြီ။ ပါတီစုံ ဒီမိုကရေစီ အစိုးရခေတ်လို့လည်း ပြောကြရဲ့၊ ပြီး ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးဆိုလား သမီး သိပ်တော့ မသိပါဘူး။ စစ်အစိုးရ အုပ်ချုပ်ရေးကနေ စနစ်တခုပြောင်းသွားပေမယ့် သမီးတို့ရွာက ရွာလူကြီးတွေ၊ ဆယ်အိမ်ခေါင်းကအစ ဥက္ကဋ္ဌအထိ ဘာမှ မပြောင်းလဲပါဘူး။ သမီးတို့ ရွာတင်ပဲလားဆိုတော့ စုံစမ်းကြည့်ရ သလောက် ရွှေဘိုမြို့ပေါ်မှာရော တခြားရွာတွေမှာပါ အရင်လူတွေပဲ လူကြီးလုပ်နေကြပါတယ်။ သမီး သိချင် တာက ပါတီစုံခေတ်မှာ အရပ်ဘက် အုပ်ချုပ်ရေး၊ မြို့ပြအုပ်ချုပ်ရေး ဘယ်လိုရွေးချယ်ကြတယ်ဆိုတာ သမီးကို ရှင်းပြပေးပါအမေ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးခါစက ကျင့်သုံးခဲ့တဲ့ ပါလီမန်စနစ်နဲ့ အခုစနစ်က အင်မတန်မှ ကွာခြားပါတယ်။ အရင်တုန်းကဆိုလို့ရှိရင် တချို့မြို့ရွာတွေမှာ မြူနီစပယ်၊ စည်ပင် ရွေးကောက်ပွဲတွေဆိုတာ ကျင်းပပြီး ရွေးချယ်တင်မြှောက်ခံရတဲ့ မြူနီစပယ်လူကြီးတွေက အချို့ ကိစ္စတွေကို ကိုင်တွယ်ပါတယ်။ အရွေးခံ မြူနီစပယ်လူကြီးတွေ မရှိတဲ့နေရာတွေနဲ့ အဲဒီလူကြီးတွေ မကိုင်တွယ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ တော့ သက်ဆိုင်ရာ ဌာန၀န်ထမ်းတွေကပဲ တာဝန်ယူရပါတယ်။ အခုလို တိုင်း၊ ပြည်နယ် အစိုးရရယ်လို့ မရှိပါ ဘူး။ တိုင်းမင်းကြီးလို အုပ်ချုပ်ရေးဆိုင်ရာ အရာရှိကြီးတွေကို ဗဟိုအစိုးရကပဲ ၀န်ထမ်းတွေထဲကမှ ရွေးချယ် ပြီးတော့ ခန့်အပ်ပါတယ်။

ကျေးရွာသူကြီးတွေကိုတော့ တိုင်းမင်းကြီးအောက်က အရေးပိုင်၊ အခုဆိုလို့ရှိရင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တူတာပေါ့ နော်။ အဲဒီအရေးပိုင်တွေက တရားဝင် သူကြီးတွေကို အသိအမှတ်ပြုရပါတယ်။

တိုင်းပြည်ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အပြောင်းအလဲလုပ်တာကသာ လူထုအတွက် ထိခိုက်မှု အနည်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းလို့ သုံးသပ်ပြီး လက်ခံထားတာဟာ တိုင်းပြည်အပေါ်ထားတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စေတနာနဲ့ ဉာဏ်အမြော်အမြင်ကို ထင်းထင်းကြီး ပြသလိုက်တာဖြစ်ပါတယ်လို့ အစချီ ပြောထား ပေမဲ့ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်စွဲကိုင်ရတာမျိုးကို အကြမ်းဖက်နည်းလမ်းလို့ ခေါ်နိုင် မလားဆိုပြီး မေးထားသူက အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်က ကိုထွန်းထွန်းနိုင်ဖြစ်ပါတယ်။

မေး။ ။ တနေ့ထက်တနေ့ မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့အတူ လျော့ကျမသွားတဲ့ စစ်အာဏာရှင်တွေ ရဲ့ ဖိနှိပ်မှုအတွက် နောက်ဆုံးတနေ့မှာ တပ်မတော်သားတွေအပါအ၀င် ပြည်သူတွေဟာ သည်းမခံနိုင်တော့ ဘဲ မိမိတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တို့ကို ကာကွယ်ဖို့အတွက် နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်သလို ရရာလက်နက်ကိုဆွဲကိုင်ပြီး တိုင်းပြည်အပြောင်းအလဲအတွက် တော်လှန်ရေးတရပ်ကို ဆင်နွှဲ မယ်ဆိုရင် အဲဒီလို လက်နက်ဆွဲကိုင်တော်လှန်တာကို အကြမ်းဖက်တဲ့နည်းလို့ ခေါ်ဆိုနိုင်ပါလားခင်ဗျာ။

ဖြေ။ ။ အကြမ်းဖက်မှုကတော့ အကြမ်းဖက်မှုပါပဲ။ လက်နက်ဆွဲကိုင်ပြီး လှုပ်ရှားတယ်ဆိုရင် အကြမ်းဖက် တယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ တရားဥပဒေကတောင် လူတိုင်းလူတိုင်းမှာ မိမိ အသက် အိုးအိမ် စည်းစိမ် ကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ အသိအမှတ်ပြုထားပါတယ်။ ဒီတော့ ကိုထွန်းထွန်းနိုင်ပြောသလို ပြည်သူတွေ က သည်းမခံနိုင်တော့ဘဲ မိမိ အသက် အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့အတွက်ထိ ဖြစ်လာမယ်ဆိုရင် တော့ ဒီလိုဖြစ်လာအောင် ဖန်တည်းတဲ့သူတွေမှာ အဓိကတာဝန်ရှိတယ်လို့ ပြောရမှာပါ။

သောတရှင် မတင်နီလာကတော့ သူသိချင်တာတွေအများကြီးထဲကမှ တခုဆိုတာကို မေးထားပါတယ်။

မေး။ ။ ဒီိမိုကရေစီနိင်ငံတစ်ခု အမြန်ဆုံးအကောင်အထည်ပေါ်ဖို့ လုပ်ဆောင်ကြရမယ့် အဓိက လိုအပ်ချက် တွေကို သိချင်လို့ ပြောပြပေးပါရှင်။

ဖြေ။ ။ အန်တီ့အမြင်ပြောရမယ်ဆိုရင် ဒီမိုကရေစီရရှိဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်ကတော့ တာဝန်သိစိတ်ရှိပြီး ဒီ တာဝန်သိစိတ်အရ လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ကိုင်နိုင်တဲ့ ပြည်သူတွေပါပဲ။ ပြည်သူတွေ ဆိုတာ ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ၊ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ အားလုံးပါဝင်တယ် ဆိုတာတော့ အထူးပြောဖို့ မလိုပါဘူးနော်။

ဗွီအိုအေကို နှစ်ပေါင်းများစွာ နားထောင်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ အစီအစဉ်ကိုလည်း ကြိုက်ပါတယ်ဆိုတဲ့ မိုးမင်းသားက သူ့ဘာသာ မေးရင်း ဖြေရင်း ထပ်မေးရင်း ထပ်ဖြေရင်း မွန်းကျပ်နေလှ ပြီးတော့ အဖြေရှာမတွေ့ဖြစ်နေတဲ့ ပုစ္ဆာတွေအတွက် မေးခွန်းထုတ်ထားပါတယ်။

မေး။ ။ ကျနော်တို့နိုင်ငံ ဘယ်တော့မှ နာလန်ထူနိုင်မလဲ၊ တခြားနိုင်ငံတွေလို တိုးတက်လာဖို့ ဘယ်အချက် တွေကို ပြုပြင်ရမလဲ၊ ဘယ်သူတွေက ပြုပြင်ပေးမှရမလဲ၊ ဘာတွေကို ပြောင်းလဲပစ်ရမလဲ၊ အမေစုရဲ့အတွေး ကို သိချင်ပါတယ်။
 
ဖြေ။ ။ မြန်မာနိုင်ငံ ဘယ်တော့ နာလန်ထူမှာလဲဆိုတာကို ဖြေရမယ်ဆိုရင် လိုအပ်တဲ့ နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်ပေါ်တဲ့အခါမှာလို့ပဲ ပြောရမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေလို မတိုးတက်တာကတော့ တခြား နိုင်ငံတွေမှာလောက် နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ မတိုးတက်လို့ ဖြစ်ပါတယ်။
တိုးတက်မှုတွေဖြစ်လာဖို့တာဝန် ဘယ်သူ့ဆီမှာ ရှိသလဲလို့ဆိုရင်တော့ အစိုးရက အများဆုံး တာဝန်ရှိပြီး နိုင်ငံ တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံသူ နိုင်ငံသားတွေ တယောက်ချင်းကလဲ မိမိတို့ လက်လှမ်းမီရာ လုပ်ဖို့ တာဝန်တွေ ရှိပါတယ်။

ဘာတွေပြောင်းရမလဲ ဆိုတာကတော့ စိတ်ဓာတ်နဲ့ပဲ စရမယ်လို့ ထင်ပါတယ်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တည်း နိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အားလုံးက ကြိုးစားသွားမယ်ဆိုရင် လိုချင်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ် နိုင်ပါတယ်။

အခုအစိုးရအဖွဲ့က အပြောင်းအလဲတွေလုပ်မယ်လို့ ကြွေးကျော်ထားပြီး ဆွေးနွေးပွဲတွေ အမျိုးမျိုး လုပ်နေပေ မဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအပါအ၀င် ဘယ်နေရာမှာမှ အပြောင်းအလဲကို မတွေ့ရသေးလို့ အားမလို အားမရဖြစ်နေတဲ့ လေသံနဲ့အတူ တိုင်းပြည်ရဲ့ GDP ကို အမှန်အတိုင်း သိရအောင် NLD က လုပ်ပေးဖို့ရှိမရှိ မေးထားသူက ကိုမြင့်မြတ်ဖြစ်ပါတယ်။

မေး။ ။ ဒီနေ့အစိုးရသစ်ဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဖိုရမ်တွေ၊ ဥပဒေဆိုင်ရာဖိုရမ်တွေ ၊ Workshop တွေ လှိုင်လှိုင်လုပ်နေပေမဲ့ တကယ်တမ်း လက်တွေ့အားဖြင့် ထိရောက်တဲ့ ပြောင်းလဲမှုတွေ မရှိသေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရင်က အရိုးစွဲနေတဲ့ မရှိတာကို အရှိလုပ်ပြီး လိမ်လည်နေတဲ့ကိစ္စတွေဟာ တော်တော်ကို ဆိုးဝါးလှပါတယ်။

အဓိကအားဖြင့် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအားပြုနိုင်ငံဖြစ်ပြီး ကျေးလက် နေလူထုဟာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ကို တွက်ချက်တဲ့နေရာမှာ အဓိကကျတဲ့ လယ်စိုက်ဧကတွေဟာ မှန်ကန်မှုမရှိသေးပါဘူး။ တကယ်စိုက်တဲ့ ဧကတွေထက် ပိုပြီး စာရင်းပြတာတွေ ရှိပါတယ်။ လက်ရှိ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ဆိုတာဟာလဲ အရင် တိုင်းမှူးတွေကနေ ပြောင်းလဲထား သူတွေပဲဖြစ်လို့ မိမိကိုယ်ကျိုးအတွက်ပဲကြည့်ပြီး တိုင်းပြည်အတွက် မကြည့်တဲ့အတွက် စာရင်း လိမ်တွေနဲ့သာ ဆက်သွားလို့ရှိရင် မြန်မာနိုင်ငံဟာ ဘယ်တော့မှ တိုးတက်ရေးလမ်းကြောင်းပေါ် ကို ရောက်မှာမဟုတ်တဲ့အပြင် ခေတ်နောက်ပြန်ရောက်သွားမယ့် အခြေအနေတွေ ရှိပါတယ်။

ယနေ့ တောင်သူလယ်သမားတွေဆိုရင် အများစုဟာ ဝင်ငွေနိမ့်ပါးဆင်းရဲသူတွေဖြစ်ကြပါတယ်။ ဒီကြားထဲ သဘာဝ ဘေးအန္တရာယ်ခံရတဲ့အခါ တစ်ပူပေါ်နှစ်ပူဆင့်ရတာတွေရှိပါတယ်။ အဲဒီအတွက် ကျနော် အန်တီစုကိုမေးချင်တာက NLD အနေနဲ့ နိုင်ငံသားတွေရဲ့ GDP အစစ်အမှန်ကို သုတေသနပြုစုပြီး တိုင်းပြည်နဲ့ နိုင်ငံတကာကသိအောင် ပြုလုပ်ပေးမယ့် အစီအစဉ် ရှိပါသလားဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ တိုင်းပြည်ရဲ့ GDP တွက်ဆဖို့ လိုအပ်တဲ့ စာရင်းဇယားတွေကို ပြည့်ပြည့်စုံစုံ ပြုစုနိုင်တာ ကတော့ အစိုးရဌာနတွေပဲဖြစ်ပါတယ်။ အစိုးရဌာနတွေက တိကျမှန်ကန်တဲ့ ကိန်းဂဏန်းတွေ မထုတ်ပြန်ဘဲနဲ့ NLD အနေနဲ့ တွက်ချက်ဖို့ဆိုတာကတော့ လက်တွေ့ကျကျ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် နိုင်ငံတကာ စီးပွားရေးသုတေသနအဖွဲ့တွေနဲ့ ပညာရှင်တွေကတော့ အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အခြေပြုပြီး မှန်းဆချက်တွေကိုတော့ ထုတ်တာတွေရှိပါတယ်။ ဥပမာ - IMF တို့၊ Economics Intelligence Unit တို့လို အဖွဲ့တွေရဲ့ ကိန်းဂဏန်းတွေက အကြမ်းဖျဉ်းတော့ မှန်နိုင်မယ်လို့ ထင်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

No comments: