Tuesday, June 21, 2011

မောဟတခုကို ဖယ်ခွာလိုက်နိုင်ခြင်း (ရွှေဇီးကွက်)

ဗုဒ္ဓဘာသာမိဘနှစ်ပါးမှ ပေါက်ဖွားဆင်းသက်လာသူပီပီ ကံကံ၏အကျိုးကို ငယ်ငယ်လေးကတည်းက ကျွန်မ ယုံကြည်လက်ခံခဲ့ပါတယ်။
အဘိဓမ္မာသင်တန်းတွေကို တက်ရောက်ခဲ့တဲ့နောက်မှာ ကံရယ်လို့ဖြစ်လာမယ့် စေတနာ၊ သင်္ခါရတို့ရဲ့အကြောင်းတွေ၊ ကံရဲ့အကျိုးပေးပုံတွေ၊ ကမ္မနိယာမတွေကို ပိုပြီး အသေးစိတ် နားလည်လာခဲ့ပါတယ်။

ကံအကြောင်းကို အသေးစိတ် အကျယ်တဝင့် ဟောဖော်ညွှန်ကြားနိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးမားပုံကိုလည်း အံသြကျေးဇူးတင်ပြီး ရှိခိုးပူဇော်လို့ မဝနိုင်ဖြစ်နေရပါတယ်။
ကျွန်မတို့အားလုံး အလွယ်တကူနားလည်ထားကြတဲ့ ကုသိုလ်၊ အကုသိုလ်၊ စေတနာ၊ ကံ (ကမ္မ)ကို -


(၁) လုပ်ငန်းဆောင်ရွက်ပုံ (ကိစ္စ) အားလျော်စွာရှိနေတဲ့ ကံ (၄)မျိုး၊
(၂) အကျိုးပေးပုံ အလှည့်အကြိမ် အားလျော်စွာရှိနေတဲ့ ကံ (၄)မျိုး၊
(၃) အကျိုးပေးရာ အချိန်ကာလအားလျော်စွာရှိနေတဲ့ ကံ (၄)မျိုး၊
(၄) အကျိုးပေးရာ ဘုံဋ္ဌာနအားလျော်စွာရှိနေတဲ့ ကံ (၄)မျိုး တို့အကြောင်းကို သင်ကြားရပြီးတဲ့အနောက်မှာ အကုသိုလ်ကံဖြစ်စေမယ့် လောဘ၊ ဒေါသ၊ မောဟတွေကို ပိုပြီး ထိန်းချုပ်ဖြစ်ခဲ့ပါတယ်။

ကိုယ့်ဘဝကိုယ်လည်း ပိုပြီးကျေနပ်ဖြေသိမ့်လာနိုင်ခဲ့ပါတယ်။ အကုသိုလ်ကံတွေကို ကျူးလွန်ရမှာ ကြောက်လာသလို ကုသိုလ်ကံတွေကို ကြိုးစားပြီး လုပ်ဆောင်လာဖြစ်ပါတယ်။

(၁) ပဋိသန္ဓေနေတဲ့အခါမှာရော၊ အသက်ရှင်နေစဉ် တဘဝလုံးမှာရော ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး အများဆုံးအကျိုးပေးနေတဲ့ ဇနကကံဆိုတဲ့ ကုသိုလ် (သို့) အကုသိုလ်စေတနာကံ။

(၂) အဲဒီ ဇနကကံကို အကျိုးပေးခွင့်ရစေဖို့၊ အကျိုးပေးခွင့်ရပြန်ရင်လည်း အကျိုးပေးထက်သန်စေဖို့နဲ့ အဲဒီအကျိုးတွေကိုလည်း ကြာရှည်ဖွံ့ဖြိုးစေဖို့ အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘကကံဆိုတဲ့ ကုသိုလ် (သို့) အကုသိုလ် စေတနာကံ။

(၃) ဇနကကံကို အကျိုးပေးခွင့်မရစေဖို့၊ တကယ်လို့ အကျိုးပေးခွင့်ရရင်လည်း အကျိုးပေး မထက်သန်စေဖို့နဲ့ ပေးနေတဲ့အကျိုးတွေကိုလည်း ကြာရှည်မဖွံ့ဖြိုးစေဖို့ ကပ်ပြီး ဖျက်ဆီးနှိပ်စက်တတ်တဲ့ ဥပပီဠကကံ ဆိုတဲ့ ကုသိုလ် (သို့) အကုသိုလ် စေတနာကံ။

(၄) ကပ်ဖျက်ဆီးနှိပ်စက်ရုံမက ဇနကကံကို လုံးဝအကျိုးပေးခွင့်မရစေဖို့နဲ့ ပေးလက်စရှိနေတဲ့ အကျိုးတွေကိုလည်း ယတိပြတ် ပြတ်သွားအောင် သတ်ဖြတ်ပစ်လိုက်တတ်တဲ့ ဥပစ္ဆေကကံဆိုတဲ့ ကုသိုလ် (သို့) အကုသိုလ် စေတနာကံ … တွေရဲ့အကြောင်းကို သိလာရတဲ့နောက်မှာ လုပ်တိုင်းမဖြစ်၊ မလုပ်ဘဲနဲ့လည်း ဖြစ်နေတတ်တဲ့၊ လိုတာမရ ရတာမလိုဖြစ်နေတတ်တဲ့ ကံအကျိုးပေးတွေကို ကျေကျေနပ်နပ် လက်ခံလာနိုင်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ သတ္တဝါတွေ သေဆုံးခါနီးမှာ နောက်ဘဝတခု ထပ်မံဖြစ်တည်လာရဖို့အတွက် ကံတွေရဲ့ အကျိုးပေးခွင့်ရမှု အလှည့်အကြိမ်ကျပုံ (၄)မျိုးကို သိရတဲ့နောက်မှာလည်း ကျွန်မ အကုသိုလ်ကံတွေကို ပြုလုပ်ဖို့ပိုပြီး တွန့်ဆုတ်လာသလို ကုသိုလ်ကံတွေ ပြုလုပ်ဖို့ ပိုပြီးစိတ်အားထက်သန်လာခဲ့ရပါတယ်။

(၁) ဂရုကံ ဆိုတဲ့ အကုသိုလ်အရာမှာ အားအကြီးလေးဆုံး၊ အဆိုးဆုံးဖြစ်တဲ့ -

(က) အမိကိုသတ်မှု
(ခ) အဖကိုသတ်မှု
(ဂ) ရဟန္တာကိုသတ်မှု
(ဃ) ဘုရားရှင်ကို သွေးစိမ်းတည်စေမှု
(င) သံဃာကိုသင်းခွဲမှုဆိုတဲ့ ပဉ္စနန္တိယကံ တွေ ကျူးလွန်ထားခြင်းမရှိသလို ကုသိုလ်ကံအရာမှာလည်း အမြင့်ဆုံး အမြတ်ဆုံးဖြစ်တဲ့ မင်္ဂဖိုလ်တို့ ဈာန်တို့ကိုလည်း ရယူပိုင်ဆိုင်ထားနိုင်ခြင်းမရှိသေးတဲ့ ကျွန်မဟာ အကုသိုလ် ဂရုကံအတွက် လုံးဝစိုးရိမ်စရာမရှိသလို ကုသိုလ် ဂရုကံကိုလည်း လုံးဝအားကိုးလို့မရသေးတာ ကျွန်မကိုယ်ကျွန်မ အသိဆုံးပါ။

ဒီတော့...

(၂) ကျွန်မသေဆုံးခါနီးမှ ပြုလုပ်ဖြစ်လိုက်မိမယ့် ဒါမှမဟုတ် အရင်ကပြုလုပ်ခဲ့ဖူးပြီး သေဆုံးခါနီးမှ အမှတ်ရလာမယ့် အာသန်နကံဆိုတဲ့ ကုသိုလ် (သို့) အကုသိုလ် စေတနာကံရယ်

(၃) နေ့ရှည် ရက်ရှည် စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့ဖူးတဲ့ ဒါမှမဟုတ် တကြိမ်လောက်သာ ပြုလုပ်ခဲ့မိပြီး အမြဲမပျက် အောက်မေ့သတိရနေမိတဲ့ အာစိဏ္ဏကံဆိုတဲ့ ကုသိုလ် (သို့) အကုသိုလ် စေတနာကံရယ်

(၄) သံသရာတလျှောက်လုံးနဲ့ ယခုဘဝမှာ ရံဖန်ရံခါ ပြုလုပ်မိခဲ့၊ ပြုလုပ်နေခဲ့တဲ့ ကဋတ္တာကံ ဆိုတဲ့ သာမညံကုသိုလ် (သို့) အကုသိုလ် စေတနာကံ (၃) မျိုးထဲက တမျိုးမျိုးသောကံက ကျွန်မ စုတိစိတ်ကျချိန်မှာ အကျိုးပေးလှည့်ကြုံမယ်ဆိုတာကို သေချာပေါက်သိနေမှတော့ ကျွန်မအတွက် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရယူပိုင်ဆိုင်ခွင့်ရတဲ့ ကုသိုလ် ဂရုကံကို မပြုလုပ်နိုင်သေးသမျှ ကျန်တဲ့ အာသန်နကံ အာစိဏ္ဏကံ၊ ကဋတ္တာကံတွေမှာ အကုသိုလ်ကံကင်းရှင်းနေပြီး ကုသိုလ်ကံတွေ ပြည့်ဝနေစေဖို့ ကြိုးစားရမှာက ကျွန်မတဦးတည်းရဲ့တာဝန်ဆိုတာ လုံးဝ နားလည်ထားပါတယ်။

ကံတွေရဲ့ အကျိုးပေးရာ အချိန်ကာလ အကျိုးပေးရာ ဘုံဋ္ဌာနတွေအကြောင်းကိုပါ သင်ကြားခဲ့ရလို့ ကျွန်မကံရဲ့အကြောင်းကို တော်တော်လေး နားလည်နေပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီလောက် ကံအကြောင်းကို နားလည်ထားပါလျှက်နဲ့ ကျွန်မ ပုထုဇဉ်ပီပီ မောဟဖုံးလွှမ်းခဲ့ဖူးပါတယ်။

လူသားထဲက လူသားတဦးဖြစ်တဲ့ ကျွန်မမှာ လူတိုင်း မရှောင်လွဲနိုင်တဲ့ လောကဓံတရား ၈ ပါးထဲက အဆိုးလောကဓံ ၄ ပါးနဲ့ ကြုံတွေ့ရတဲ့အချိန်တွေမှာ … နာရေးကူညီမှုအလုပ်တွေ လုပ်နေတဲ့ ကျွန်မတို့ကို တချို့သောလူတွေက “အမင်္ဂလာ အလုပ်တွေ လုပ်တာကိုး ခံရမှာပေါ့၊ ဆုံးရှုံးမှာပေါ့” ဆိုပြီး အပြစ်တင် ကဲ့ရဲ့ခဲ့ကြပါတယ်။ ကျွန်မလည်း ပုထုဇဉ်ပီပီ ဟုတ်များဟုတ်နေမလားလို့ သံသယပွားခဲ့မိပါတယ်။ အားငယ်မိခဲ့ဖူးပါတယ်။

တချိန်မှာတော့ ကိုကျော်သူရဲ့အမ အင်္ဂလန်မှာနေတဲ့ ဒေါက်တာချိုချိုအေး ရန်ကုန်ကို အလည်ရောက်နေတဲ့အချိန်မှာ အကြားအမြင်ရနေတဲ့ ဆရာတယောက်နဲ့ ကျွန်မတို့ ဆုံတွေ့ခဲ့ကြပါတယ်။

အဲဒီဆရာကလည်း နိုင်ငံခြားကလာတာဆိုတော့ သူ့မှာ ခေတ်မီတဲ့ အတွေးအခေါ်ရှိမှာပဲဆိုတဲ့ အားကိုးနဲ့ ကျွန်မရဲ့ သံသယတွေကိုချေဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ “ဆရာ ကျွန်မတို့ကို လူတချို့က နာရေးကူညီမှု အလုပ်တွေလုပ်ရင် ဘုန်းကံနိမ့်မယ်လို့ ပြောကြာပါတယ်။ မဟုတ်ဘူး မဟုတ်လား” လို့ မေးမိတော့ သူက

“ကောင်းတဲ့အလုပ်လုပ်တာပဲ ကောင်းပါတယ်။ ဒါပေမယ့် အလောင်းတွေကို ထိမိရင်တော့ ဘာလုပ်ပါ ညာလုပ်ပါ” (ကျွန်မလည်း အသေအချာ မမှတ်မိတော့ပါဘူး) လို့ ပြောနေတုန်း ကိုကျော်သူ့ အမက ကျွန်မရော အဲဒါတွေ လုပ်စရာလိုလားလို့ ဝင်မေးပါတယ်။ ပထမတော့ သူဟာ နာရေးကူညီမှုအလုပ်နဲ့ ဘယ်လိုမှ မပတ်သက်တဲ့သူဆိုတော့ သူနဲ့ဘာဆိုင်လဲလို့ တွေးမိကြတာပေါ့။ ဒါပေမယ့် သူက “ကျွန်မက ဆရာဝန်ဆိုတော့ လူနာတွေသေဆုံးသွားရင် သေဆုံးတာ ဟုတ် မဟုတ် သေချာအောင် အမြဲတမ်း စစ်ဆေးနေရလို့ပါ” ဆိုမှ ကျွန်မလည်း တခါတည်း ဉာဏ်အလင်းရလိုက်ပါတော့တယ်။

အဲဒီအချိန်ကစပြီး ကျွန်မရဲ့စိတ်သန္တာန်မှာ ခိုကပ်နေတဲ့ နာရေးကူညီမှုလုပ်ငန်းနဲ့ပတ်သက်တဲ့ သံသယတွေကို အပြီးတိုင်ပယ်ဖျောက်နိုင်ခဲ့ပြီး ကံကံ၏အကျိုးကို ဘုရားဟောအတိုင်း ပြည့်ပြည့်ဝဝ ယုံကြည်လက်ခံနိုင်ပါတော့တယ်။

(ဗဟန်းမြို့နယ်ရှိ ဓမ္မဗျူဟာသာသနမာမကအဖွဲ့၏ အဘိဓမ္မာသင်တန်းမှ ဆရာမ (သူငယ်ချင်း) ဒေါ်ခင်လှတင် အား ရိုသေလေးစားစွာ ဂါရဝပြုလျက်)

(၂၄. ၄. ၂၀၀၃ မဟာ သတင်းဂျာနယ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးအား အနည်းငယ်တည်းဖြတ်၍ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)



 

No comments: