Tuesday, May 24, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၅ ရက်)

- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း
- ရှမ်းတပ်မတော်မှ မြန်မာအစိုးရအပေါ်ထားသည့် စစ်ရေးသဘောထား
- အဖမ်းခံရသူမှာ KIA အဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို
- အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့
- တိုင်းရင်းသားများအတွက် ဥရောပ အမတ်များ တိုက်တွန်း
- မြန်မာအစိုးရကို ဖိအားပေးဖို့ USCB နှိုးဆော်
- တောင်ဒဂုံ လေပြင်းတိုက်
- အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို
- ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝင်းကျင် ပျက်စီးဟု NLD သတိပေး
- SSA နှစ်ဖွဲ့ပေါင်းလိုက်သည့်အပေါ် ကချင်ပြည်နယ်က အဖွဲ့အစည်းတချို့က ထောက်ခံ
- အမျိုးသမီးများကို NLD အတိုးမဲ့ ငွေချေး
- NLD လူငယ်နှစ်ဦး ရဲခေါ်စစ်
- မဟာမုနိ ဂေါပက လုပ်ပိုင်ခွင့် စစ်တပ်က ထိန်းချုပ်ထား

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း
By ဦးသားညွန့်ဦး အင်္ဂါ, 24 မေ 2011

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူ့အဖွဲ့အစည်းတရပ်ကို ခွဲခြားပစ်လိုက်တာပဲလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို ထောက်ပြပြီး ပြောသွားပါတယ်။ ကနေဒါနိုင်ငံ ကွေးဗက်မြို့မှာ ပြုလုပ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီ နိုင်ငံတကာ ညီလာခံကို ကမ္ဘာအ၀ှမ်းက ပညာရှင်တွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ တက်ရောက်နေပြီး ဖွင့်ပွဲ အစနေ့မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီဒီယိုမိန့်ခွန်းကို ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလိုဖြစ်ရပ် တခုချင်းဟာ လူ့အဖွဲ့အစည်းကို ခွဲခြားပစ်လိုက်တာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ နေထိုင်လိုသူတွေ၊ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လိုလားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုနေပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာပါ။ တိုင်းရင်းသား လူမျိုးစုတွေကို ခြိမ်းခြောက် အကျပ်ကိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဒါကို စစ်လက်နက်သဖွယ် အသုံးပြုပါတယ်။

“ကျမ ယူဆတာကတော့ အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တခုတိုင်းဟာ ကျမတို့ တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ခွဲခြားပစ်လိုက်ပါတယ်။ ဒါကြောင့် ဒါတွေကို လုံးဝ အဆုံးသတ်ပစ်ဖို့ ကျမတို့ လုပ်နိုင်သလောက် လုပ်ကြရပါလိမ့်မယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့ နေရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာမျိုး၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အဆိုးဆုံး ဖြစ်ပေမဲ့ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုဟာလည်း အကြမ်းဖက်မှု မြောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။


“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နေတာပါ။ ဒီလို အကြမ်းဖက်တဲ့ နေရာမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်တာမျိုး သက်သက် မဟုတ်ပါဘူး၊ အမျိုးသမီးတွေ စိတ်ဓာတ် ဖိစီးလာအောင် လုပ်တာမျိုး၊ အမျိုးသမီးတွေရဲ့ အသိဉာဏ်ကို ချိုးနှိမ် စော်ကားတာမျိုး၊ အမျိုးသမီးတွေကို ခွဲခြားတတ်တဲ့ လူမှုအသိုင်းအ၀ိုင်း တခုလုံးရဲ့ အကြမ်းဖက်မှုမျိုးတွေ ရှိပါတယ်။”

အမျိုးသမီးတွေရဲ့ ယုံကြည်ချက် စိတ်ဓာတ်ကို ချိုးနှိမ်တယ်ဆိုတဲ့ နေရာမှာတော့ မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကိုပါ ထည့်သွင်း ပြောသွားပါတယ်။ ရာနဲ့ချီတဲ့ ဒီအမျိုးသမီးတွေဟာ မိမိတို့ ယုံကြည်ချက်ကို ဆုပ်ကိုင်မိလို့ အခုလို အကျဉ်းချခံနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“သူတို့အားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုအတိုင်း ဆောင်ရွက်နေကြသူတွေပါ။ ဒီအမျိုးသမီးတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ အားလုံး တတ်စွမ်းသမျှ လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျမတို့ဟာ မြန်မာပြည်ကြီး ငြိမ်းချမ်းစေချင်ပါတယ်။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းစေချင်ပါတယ်။”

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို စဉ်းစားတဲ့ အခါမှာ ကျူးလွန်တဲ့လူရော နစ်နာခံစားရသူ အမျိုးသမီးများပါ တကယ်တော့ သားကောင်တွေ ဖြစ်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအတွက်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေကိုတင် မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာပေးရေး လုပ်ရမယ်လို့ ပြောပါတယ်။

“အမျိုးသားတွေကို မှန်မှန်ကန်ကန် ပညာပေးမယ်၊ အမျိုးသမီးတွေကိုလည်း မှန်မှန်ကန်ကန် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်လာအောင် အရည်အသွေး မြှင့်တင်ပေးမယ်ဆိုရင် လူ့အဖွဲ့အစည်း တရပ်မှာ တကယ့်ကို လက်တွဲဘက်တွေ ဖြစ်လာပြီး ကမ္ဘာကြီးဟာလည်း မှန်ကန်တဲ့ဘက်ကို ရောက်လာပါလိမ့်မယ်။”

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံကို Nobel Women Initiative အဖွဲ့ကြီးက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ဒါဟာ တတိယအကြိမ်မြောက်လို့ သိရပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွင်း အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ အခြေအနေကို အဓိက မီးမောင်းထိုး ဆွေးနွေးကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

ရှမ်းတပ်မတော်မှ မြန်မာအစိုးရအပေါ်ထားသည့် စစ်ရေးသဘောထား
ရေးသားသူ - နှောင်းလှိုင် အင်္ဂါနေ့, 24 မေလ 2011 14:17

သျှမ်းပြည်တပ်မတော် SSA-S သည် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကဲ့သို့ မြန်မာစစ်အစိုးရ အဆက်ဆက်ကို စစ်ရေးအရ တော်လှန်တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။

ယနေ့မြန်မာပြည်တွင် အစိုးရသစ်တရပ် ပေါ်ပေါက်လာပြီဖြစ်သော်လည်း ထိုအဖွဲ့တို့၏ စစ်ရေးရပ်တည်မှုမှာ ပြောင်းလဲမှုမရှိဘဲ ဆက်လက် တော်လှန်တိုက်ခိုက်နေလျက်ရှိသည်။
ရှေ့ဆက်အနာဂတ်မှာ မြန်မာအစိုးရတပ်များနှင့် ရှမ်းတပ်မတော်တို့အကြား ဖြစ်ပေါ်လာမည့် စစ်ရေးအခြေအနေတို့သည်လည်း အစိုးရအပေါ်၌သာမူနေပါကြောင်း ရှမ်းပြည်တပ်မတော်ကဆိုသည်။

“ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲ ဆိုတာ ဗမာအစိုးရအပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ပဲ ဆိုင်တာ မဟုတ်ဘူး။ အကယ်၍ ဗမာတွေက ကျနော်တို့ကို လာတိုက်ခိုက်မယ်ဆိုရင် ကျနော်တို့လည်း ကိုယ့်လူမျိုးအတွက် ဆက်ပြီး ကာကွယ်ပြီး တိုက်ခိုက်သွားရမှာပဲ” ဟု မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ ကြိမ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် ဗိုလ်ချုပ်ကြီး စ၀်ယွက်စစ်က ပြောသည်။

၅၃ ကြိမ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် သျှမ်းပြည်တပ်မတော်တွင် SSA-S နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N သည် စစ်ရေးအရ ပူးပေါင်း၍ တိုက်ပွဲဝင်သွားရန် သဘောတူခဲ့ကြပြီး တခြားသော လက်နက်ကိုင်မဟာမိတ်များမှလည်း ပါဝင်ပူးပေါင်းလာရန် ကြိုးစားသွားမည်ဟု SSA-S မှ ဒု-ဗိုလ်ချုပ်ကြီး စ၀်ယွက်စစ်က ပြောသည်။

SSA-N မြောက်ပိုင်းသည် ၁၉၈၉ ခုနှစ်ခန့်က နိုင်ငံရေး နည်းလမ်းအရ အဖြေရှာရန် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့သော်လည်း အစိုးရက နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းအရ ဖြေရှင်းမှုကို လက်မခံသည့်အပြင် စစ်ရေးအရ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံခဲ့ဘဲ ယခုလို SSA-S နှင့် ပူးပေါင်းလိုက်သည်။

“တခြားသော တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနဲ့ တပ်ပေါင်းစု အလံတော်အောက်မှာ အမျိုးသားလွတ်မြောက်ရေး ပန်းတိုင်ဆီကို အရောက်လှမ်းပြီး တိုးတက်လာတဲ့ သျှမ်းပြည်နေ့ဆီကို တည်ဆောက်နိုင်ကြပါစေ” ဟု ရှမ်းပြည်တပ်မတော်နေ့သို့ ပေးပို့သော KNPP မှ သ၀ဏ်လွှာကဆိုသည်။

သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားတွင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ( PNLO)၊ (၀) အမျိုးသား အဖွဲ့ချုပ် (WNO)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ KNU၊ KNPP နှင့် မဟာမိတ်များ တက်ရောက်ကြပါသည်။

၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ ကြိမ်မြောက် ရှမ်းပြည်တပ်တော်နေ့ကို SSA-S ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပပြုလုပ်သည်။ SSA-S သည် အင်အား ၇ ထောင်ကျော် ရှိသည်ဟု စစ်ရေးလေ့လာသူတို့၏ ခန့်မှန်းထားချက်အရ သိရသည်။

အဖမ်းခံရသူမှာ KIA အဖွဲ့ဝင် မဟုတ်ဟု ငြင်းဆို
ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ က ဖမ်းဆီးခဲ့သည့် ၅၆ နှစ်အရွယ် ဦးဇော်အောင်မှာ ၎င်းတို့၏ ပြည်သူ့စစ်အဖွဲ့ဝင် မဟုတ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အရာရှိ ဦးလနန်က ငြင်းဆိုလိုက်သည်။

ယခုလ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် ယုဇနမြိုင်ရွာ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ မပခ လက်အောက်ခံတပ်ဖွဲ့တဖွဲ့က ဝင်ရောက်ရှင်းလင်းရာ ဖောက်ခွဲရေးပစ္စည်းများနှင့် အတူ KIO ၏ စစ်တပ်ဖြစ်သော KIA မှ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဇော်အောင်ကို ဖမ်းဆီးရမိကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားမှုကို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းများမှာ ပီပီစီပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားသော အရှည် ၄ လက်မ၊ အချင်း ၂ လက်မရှိဒေသန္တရ ပလတ်စတစ်မိုင်း အလုံး ၃ဝ၊ ပေ ၁၁ဝ အရှည်ရှိ နှစ်ပင်လိမ် ဝိုင်ယာကြိုးတခွေ၊ နင်းခလုတ် ၅ ခုနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သတင်းစာတွင် ပါရှိသည်။

“ဒီပုဂ္ဂိုလ်က အဲဒီတဲအိမ်မှာနေတဲ့ ရိုးရိုးသားသား ယာသမားပါ။ ကျနော်တို့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီပစ္စည်းကတော့ ကျနော်တို့ရဲ့ တပ်ရင်း ၁၁ ဧရိယာတဝိုက်မှာဆိုတော့ ကျနော်တို့ပစ္စည်းတွေ အရေးပေါ်အတွက်နေရာတကာမှာ ချထားတာ ရှိတာကော၊ အဲဒီမှာသွားရင်း မိသွားတာ နေမှာပါ။ တကယ်ဆို သူက ခြံလုပ်နေတဲ့ ယာသမားပါ။ ဦးဇော်အောင်ဆိုတာက ကျနော်တို့တပ်ဖွဲ့ဝင် လုံးဝ မဟုတ်ပါဘူး” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

“စစ်အစိုးရက ကျနော်တို့ကို အဖျက်သမား၊ သောင်းကျမ်းသူအဖွဲ့ဆိုပြီးတော့ ဖော်ညွှန်းချင်တဲ့ သဘော ဖြစ်ပါလိမ့်မယ်” ဟုလည်း သူက ထင်ကြေးပေးသည်။

KIO လက်အောက်၌ ပြည်သူ့စစ်အဖွဲ့ဝင်များ ရှိသော်လည်း ဦးဇော်အောင်ကဲ့သို့ အသက်အရွယ်များအထိ မပါဝင်ဘဲ၊ အများစုမှာ လူငယ်များသာ ဖြစ်သည်ဟု ဆိုသည်။

ဦးဇော်အောင်သည် မြစ်ကြီးနားမြို့နယ် နိုင်ကလူ(ကချင်လိုဒယ်ကလူ) ကျေးရွာမှဖြစ်ပြီး တောင်ယာလုပ်ကိုင်သူ
ဖြစ်သည်။

သို့သော် KIO ၏ တပ်ရင်း ၁၁ နယ်မြေအတွင်း ဖြစ်ပွားခဲ့သဖြင့် ခဲယမ်းမီးကျောက်များမှာမူ KIA ပိုင်ပစ္စည်း ဟုတ်မဟုတ်ကို အတိအကျ မပြောနိုင်ဟု ဦးလနန်က ပြောသည်။

ဦးဇော်အောင်ကို မပခ သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက KIO ထံ အကြောင်းကြားလာသဖြင့် သိရှိခဲ့ရခြင်း ဖြစ်သည်။

“ သူ့ကို စစ်ယူနီဖောင်း ဝတ်ခိုင်းတယ်၊ နောက်တော့ ဝက်ချည်သလိုချည်ပြီး၊ ဖမ်းချုပ်ပြီးတော့ ထော်လာဂျီမှာ ပစ်တင်ပြီးတော့ တပ်ထဲ ခေါ်သွားတယ်လို့ ပြောတယ်” ဟု ဒေသခံများ ပြောဆိုချက်ကို ဦးလနန်က မဇ္ဈိမကို ပြန်ပြောပြသည်။

မေလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားအနောက်ဘက် KIO တပ်ရင်း ၁၁ နယ်မြေအတွင်း မပခ လက်အောက်ခံ ခလရ ၁၂၁ တပ်ဖွဲ့သည် KIO ချထားသည့် မိုင်းကို နင်းမိခဲ့ရာ၊ အထိတ်တလန့်ဖြင့် သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့သည်။

ထို့နောက် မပခ လက်အောက်ခံ ခလရ ၂၉၊ ၃၇ နှင့် ၁၂၁ တို့၏ တပ်သား ၂ဝဝ ခန့်သည် KIO တပ်ရင်း ၁၁ နယ်မြေအတွင်း မိုင်းရှင်းလင်းရေးအတွက် သွားလာနေကြောင်းနှင့် KIO တပ်များ လှုပ်ရှားမှုကို တင်းကျပ်လိုကြောင်း ဦးလနန်က ပြောသည်။

နှစ်ဖက်တင်းမာရာမှ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ခံများက ပစ္စည်းများကို တရုတ်ဘက်သို့ ပို့ဆောင်နေကြသည်ဟု လိုင်ဇာမြို့ခံ တဦးက ဆိုသည်။

နယ်ခြားစောင့်တပ် လက်မခံသော KIO ကို ၂ဝ၁ဝ ခုနှစ် အောက်တိုဘာမှစ၍ သောင်းကျမ်းသူဟု စစ်အစိုးရကခေါ်ဝေါ်သုံးစွဲကာ သတင်းစာများတွင် ဖော်ပြလာခဲ့သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အကြမ်းဖက် သောင်းကျန်းသူများသည် မွန်ပြည်နယ် ရေး-သံဖြူဇရပ် ကားလမ်းမှ ခရီးသည်တင် မှန်လုံကား ၅ စီးကို ပစ်ခတ်ရပ်တန့်စေ၍ ဆက်ကြေးကောက်ခံခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဖမ်းဆီးသွားသည်ဟု အင်္ဂါနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုစွပ်စွဲချက်သည် လက်တွေ့ကြုံတွေ့ခဲ့ရသည့် ဒေသခံများ၏ ယုံကြည်လောက်သည့် သက်သေအထောက်အထားများ မရှိသဖြင့် တဖက်သတ် စွပ်စွဲချက်ဟု KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ပြောသည်။

“ကျနော်တို့ တပ်မဟာ ၆ နယ်မြေမှာ အရင်ကျိုင်းတုံတို့မှာ စစ်ရေးလုပ်ရှားမှု လုပ်ထားတဲ့အပေါ် ရန်သူ (အစိုးရ) ကတော့ ကျနော်တို့ ဝင်လာနိုင်မယ့်လမ်းကို ပိတ်ထားတယ်ဆိုတော့ ဒီကားလမ်းကြီးပေါ်မှာ ဓားပြလို့ စွပ်စွဲတဲ့ အချက်က ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ တဖက်သတ်စွပ်စွဲချက်ပဲ။ အဓိကတော့ တခြား ယုံကြည်လောက်တဲ့ လူထုဆီက သတင်းမရတော့ ဘာမှ မသိရဘူး။ ဒါပေမဲ့ ကျနော်တို့ ပေါ်လစီထဲမှာ ဒီလို ညွှန်ကြားချက်တွေ လုပ်ဖို့တော့ မရှိဘူး” ဟု သူက ဆိုသည်။

အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့
By မအေးအေးမာ အင်္ဂါ, 24 မေ 2011

အင်းစိန်ထောင်ထဲမှာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆ ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်ပြီလို့ နိုင်ငံရေး အကျဉ်းသား အကျိုးဆောင် ကွန်ရက်အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မေလ ၂၁ ရက်နေ့ကစပြီး အင်းစိန်ထောင် အမျိုးသားဆောင်က နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေ ရပိုင်ခွင့် အခွင့်အရေး ၆ ချက်ကို တောင်းဆိုပြီး မေလ ၂၂ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။ အခုအခါမှာတော့ နိုင်ငံရေး အကျဉ်းသားတွေထဲက ဦးဆောင်သူလို့ ယူဆရသူ ၆ ဦးကို စစ်ခွေးတိုက်ကို ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားများ အကျိုးဆောင် ကွန်ရက်အဖွဲ့က ကိုအောင်ထွန်းဇော်က အခုလို ပြောပြပါတယ်။

“ဒီနေ့ ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာတဲ့ မိသားစုတစု ပြောတာက ကိုညီညီထွန်း အပါအ၀င် ကိုဉာဏ်ထွန်းလင်းတို့နဲ့ စုစုပေါင်း ၆ ယောက်လောက် စစ်ခွေးတိုက်ကို မနေ့ ညနေက ပို့လိုက်တယ်လို့ ကြားတယ်။ ၂၃ ရက်နေ့ ညနေပိုင်းမှာ သူတို့ကို စစ်ခွေးတိုက် ပို့လိုက်တယ်တဲ့။ ကျန်ခဲ့တဲ့သူတွေက အဆောင်မှာ ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြတယ်။ ၆ ယောက်ကိုတော့ ခွဲပြီးတော့ စစ်ခွေးတိုက်ကို ပို့လိုက်ပြီ။ အခြေအနေကတော့ တောင်းဆိုထားတဲ့ဟာတွေ ဘာမှ မပြန်ကြားသေးဘူးတဲ့၊ အာဏာပိုင်ဘက်က။ အဲဒါ ဒီမနက် ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာတဲ့ အုပ်စုက ထွက်လာတဲ့ သတင်းပေါ့။

“ပြီးတော့ လောလောဆယ် အဲဒီ အစာငတ်ခံ တိုက်ပွဲဝင်နေတဲ့ လူဦးရေထဲမှာ ပါတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အိမ်တွေက ထောင်ဝင်စာနဲ့ အစားအစာ ပေးခွင့်ကို ပိတ်ပင်လိုက်တယ်။ အမျိုးသမီးဆောင်က ၇ ယောက် ဆက်ပြီးတော့ လုပ်နေတယ်။ အမျိုးသမီးဆောင် မိသားစုတွေလည်း တွေ့ခွင့်မရဘူး။ နိုင်ငံရေး အကျဉ်းသူက ၄ ယောက်၊ ရိုးရိုး အကျဉ်းသူက ၃ ယောက်၊ အဲဒါ ၇ ဆောင်မှာ လုပ်နေတဲ့လူတွေ။”

အကျဉ်းကျနေစဉ် စာပေလေ့လာခြင်း၊ ဘာသာစကား လေ့လာခြင်းတွေကို အထောက်အကူ ပြုစေရန် စာရေးကိရိယာတွေကို ခွင့်ပြုဖို့၊ စာအုပ်တွေကို လွယ်ကူစွာ ဖတ်ရှုခွင့် ရဖို့နဲ့ မိသားစုနဲ့ လွတ်လပ်စွာ တွေ့ခွင့်ရဖို့ အပါအ၀င် အချက် ၆ ချက်ကို နိုင်ငံရေး အကျဉ်းသားတွေက တောင်းဆိုခဲ့တာပါ။

အင်းစိန်ထောင် အဆောင် ၂၊ ၃၊ ၄၊ ၅ မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ကိုညီညီထွန်း၊ ကိုဇော်ထွန်းနိုင်၊ ဦးရေ၀တ၊ ကိုရဲမြတ်ဟိန်း၊ ဦးဝိလာသ၊ ကိုဇင်မင်းရှိန်၊ ကိုမျိုးမင်းသူ၊ ကိုသက်နိုင်ဦး၊ ကိုသော်ဇင်၊ ကိုကောင်းမြတ်လှိုင်၊ ကိုကိုအောင်၊ ကိုဉာဏ်ထွန်းလင်း၊ စောအယ်ထူး၊ စောနိုဘယ် အပါအ၀င် ၂၂ ဦးတို့ဟာ မေလ ၂၁ ရက်နေ့ကစပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အကျဉ်းသားတွေကို အခုလို စစ်ခွေးတိုက် ပို့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကတော့ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်မှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိကြောင်း အခုလို ပြောသွားပါတယ်။

“ဆန္ဒပြနေတဲ့သူတွေထဲက တချို့ကို စစ်ခွေးတိုက်ကို ပြောင်းတယ်လို့ ကျနော်တို့လည်း ကြားသိရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့ တော်တော်စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ခွေးတိုက် ဆိုတာက အကျဉ်းသားတွေကို နှိပ်စက်တဲ့နေရာ ဖြစ်နေတယ်။ ဒါကြောင့် ဒီလူတွေကို သူတို့တောင်းဆိုချက် မလိုက်လျောဘဲနဲ့ သူတို့ကို ပြစ်ဒဏ်ပေးမှာ၊ နှိပ်စက်မှာကို ကျနော်တို့ အတော်လေး စိုးရိမ်မိပါတယ်။

“သူတို့ရဲ့ တောင်းဆိုချက်တွေက အာဏာပိုင်တွေကိုရော၊ လက်ရှိ အုပ်ချုပ်နေတဲ့ သူတွေကိုရော ထိခိုက်တဲ့ တောင်းဆိုချက်တွေ တခုမှ မပါပါဘူး။ သူတို့အတွက် အဓိက လိုအပ်တဲ့ စားရေး သောက်ရေးတို့၊ ကျန်းမာရေးနဲ့ ပတ်သက်တာ၊ အသိပညာနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေက အကျဉ်းထောင် အာဏာပိုင်က လွယ်လွယ်ကူကူနဲ့ လိုက်လျော ဖြေရှင်းလို့ ရနိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကို လွယ်လွယ်ကူကူနဲ့ လိုက်လျော ဖြေရှင်းတာ မဟုတ်ဘဲနဲ့ ဒီလိုမျိုး စစ်ခွေးတိုက်ကိုပို့တယ်၊ နောက် ပြစ်ဒဏ်ပေးမယ် ဆိုရင်တော့ ဒါ အကျဉ်းထောင် အာဏာပိုင်တွေဘက်က တော်တော် မတရားတဲ့လုပ်ရပ် ဖြစ်ပါတယ်။”

အလားတူ US Campaign for Burma ခေါ် အမေရိကန် အခြေစိုက် မြန်မာ့အရေး လုပ်နေတဲ့ အဖွဲ့ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာက နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ပြီး အကျဉ်းသားပေါင်း ၁၄,၆၀၀ ကို ပြန်လွှတ်ရာမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော်သာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသူ ၄ ဦး အပါအ၀င် အမျိုးသမီး ၇ ဦးက အစာငတ်ခံ ဆန္ဒပြမှုကို လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ရှိပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

မြန်မာအစိုးရရဲ့ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့သဘော မတွေ့ရဘူးဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း ပြောဆိုထားပါတယ်။

တိုင်းရင်းသားများအတွက် ဥရောပ အမတ်များ တိုက်တွန်း
2011-05-24 RFA

မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်နဲ့ တခြား တိုင်းရင်းသားတွေမှာ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေတွေကို အီးယူဥရောပ ခေါင်းဆောင်တွေအနေနဲ့ လျစ်လျူရှုမနေပဲ လူသိရှင်ကြား ဆောင်ရွက်ပေးဖို့ ဥရောပ ပါလီမန်အမတ်တွေက မေလ ၂၃ ရက် မနေ့က တိုက်တွန်း လိုက်ကြပါတယ်။


နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ အီးယူ ဥရောပသမဂ္ဂအတွင်း မြန်မာနိုင်ငံအရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ EPCB အီးယူ ပါလီမန်အမတ်များအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥရောပသမဂ္ဂအနေနဲ့ နှုတ်ဆိတ်မနေပဲ လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့နဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တိုက်တွန်းတောင်းဆိုပေးဖို့ EPCB အဖွဲ့ဝင် အမတ်တွေက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအသီးသီးက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့တကွ အီးယူ နိုင်ငံခြားရေး ဆိုင်ရာ အကြီးအကဲ Baroness Ashton တို့ကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ Mark Farmaner က ပြောသွားပါတယ်။

ဒါ့ပြင် ရှမ်းပြည်နယ်မှာ SSA မြောက်ပိုင်းတပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားပြီး နောက်ပိုင်း မြန်မာစစ်တပ်က ရှမ်းတိုင်းရင်းသူတွေအပေါ်အဓမ္မပြုကျင့်မှု၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်မှု၊ လုယက်မှု အခြေအနေတွေကို အထူး စိုးရိမ်ပူပန်မိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လိုက်တဲ့ မြန်မာအာဏာရှင်အစိုးရနဲ့တကွ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှုတ်ဆိတ်နေကြတဲ့ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ အစိုးရတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း EPCB မြန်မာ့အရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အီးယူ ပါလီမန်အမတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရကို ဖိအားပေးဖို့ USCB နှိုးဆော်
2011-05-24 RFA

ရန်ကုန် အင်းစိန်ထောင်တွင်းက အကျဉ်းသား ရပိုင်ခွင့်အတွက် တောင်းဆိုနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဆန္ဒပြမှုကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ သိရှိပြီး နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာအစိုးရကို ဖိအားပေး တိုက်တွန်းကြဖို့ USCB လို့ ခေါ်တဲ့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က မေလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အကျဉ်းထောင်အတွင်းက ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက ပိုပြီး ဖိနှိပ်ချုပ်ချယ်မှာကို စိုးရိမ်ပူပန်တဲ့အတွက် ဒီအကျဉ်းသားတွေရဲ့ အရေးကို နိုင်ငံတကာက ဝိုင်းဝန်း ကူညီ ဖြေရှင်းပေးကြဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း USCB ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“ဒီအင်းစိန်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အခုလိုမျိုး အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်နေကြပြီ။ သူတို့ တောင်းဆိုတာကလည်း သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်တယ်။ ဒီပေါ်မှာ နိုင်ငံတကာ အစိုးရတွေကနေပြီးတော့ မျက်ခြေမပြတ် စောင့်ကြည့်ပြီး မြန်မာစစ်အစိုးရအပေါ်မှာ မတရားမှုတွေ ဆက်ပြီး မကျူးလွန်ဖို့ ဝိုင်းဝန်း ဖိအားပေးဖို့ ကျွန်တော်တို့ တောင်းဆိုသွားတာ။ အဲဒီ တောင်းဆိုတာကိုလည်း ဒီကနေ့ပဲ အမေရိကန် အစိုးရကိုရော၊ ဒီ နိုင်ငံတကာ အစိုးရတွေကိုရော၊ ကုလသမဂ္ဂ အဖွဲ့အစည်း အားလုံးကိုပါ ကျွန်တော်တို့ ပေးပို့ပါတယ်။”

အင်းစိန်အကျဉ်းထောင်တွင်းက အကျဉ်းသား သံဃာ ၃ ပါးနဲ့ အမျိုးသမီး ၇ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်က အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး မေလ ၁၇ ရက်နေ့က စတင် ဆန္ဒပြခဲ့ကြပါတယ်။

ထောင်ကကျွေးတဲ့ အစားအစာတွေကို သတ်မှတ်ချက်အတိုင်း ပြည့်ပြည့်စုံစုံ ကျွေးဖို့ ၊ လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ အဝတ်အစား၊ စောင်၊ အိပ်ယာခင်းတွေကို ၆ လ တကြိမ် လဲလှယ်ပေးဖို့ ၊ အခန်းကျဉ်းအတွင်း သတ်မှတ်ဦးရေထက် ပိုပြီးမထားဖို့နဲ့ ကြွက်၊ ခြင်၊ ယင် စတဲ့ ပိုးမွှားတွေ ရှင်းလင်းပေးဖို့၊ တခြား အကျဉ်းသားတွေနဲ့ နည်းတူ လျှော့ရက် ခံစားခွင့်နဲ့ စာရေးစာဖတ်ခွင့် ပေးဖို့၊ ထောင်ဝင်စာ လွတ်လွတ်လပ်လပ် တွေ့ခွင့်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့ သီးသန့်ခွဲထားဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေကြတာကို နိုင်ငံတကာက စာနာနားလည်ပြီး အကူအညီတွေ ပေးကြဖို့ တောင်းဆိုရတာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်ဒဂုံ လေပြင်းတိုက်
အောင်မြတ်စိုး | အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၄ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂၄ ရပ်ကွက်နှင့် စက်မှုဇုန်၌ အင်္ဂါနေ့ ညနေ ၄ နာရီခန့်တွင် လေပြင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

“ကျနော် အခုပဲ ပတ်ကြည့်ပြီး ပြန်လာတာ။ အပင်သေးတွေ ၄-၅ ပင်လောက် နည်းနည်းလဲတယ်။ အပင်ကြီးတွေ ကိုင်းကျိုးတယ်။ တချို့ဆိုင်တွေက သွပ်တွေ နည်းနည်းလန်တယ်။ ၂၄ ရပ်ကွက်နဲ့ စက်မှုဇုန်ဘက်က ဖုန်းကြိုးတွေ ပြတ်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

၅ မိနစ်ခန့် လေပြင်းနှင့်အတူ မိုးသည်းထန်ကာ မိုးကြိုးပစ်မှုများလည်း ရှိခဲ့ပြီး၊ လမ်းဘေးဆိုင်အချို့ ပြိုကျသည်များ ရှိခဲ့သည်။

အခြားတဦးကလည်း “ အထည်ချုပ် စက်ရုံတရုံ သွပ်တွေ ၁ဝ ချပ်လောက် လန်သွားတယ်။ အနီးဝန်းကျင်
ဈေးဆိုင်ခန်းတွေ၊ သစ်သီးဆိုင်တန်းတွေက သွပ်အမိုးတွေ အကုန်လန်ထွက်ကုန်တာ။ ဒဏ်ရာရတာတို့ ပျက်စီးဆုံးရှုံးမှုတော့မရှိဘူး” ဟု ပြောသည်။

ယခုအချိန်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည်။

အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို
မေ ၂၄ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက်ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သတင်းစာတွင် ယနေ့ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ကေအဲန်ယူက တုန့်ပြန်ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မလိုက်တောင်းဖို့အတွက် ပေါ်လစီမရှိဘူး။”ဟု တန့်ပြန်ပြောဆိုသည်။

ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြသည်။

ပြီးခဲ့သည့် မေလ ၂၃ရပ်နေ့ မနက် ၇နာရီခွဲခန့်တွင် ရေးမှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသော ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်း၊ ရာဇာမင်းယာဉ်လိုင်းများမှ ခရီးသည်တင် မှန်လုံယာဉ် ၅ စီး အနက် ရှေ့ဆုံးမှ မောင်းနှင်လာသော ရွှေမြင်းပျံခရီးသည်တင်ယာဉ်၏ ဘီးအား အင်အား ၃၀ခန့်ရှိ KNU တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖော်ခွဲ၍ ယာဉ်တန်းကို ရပ်တန့်စေပြီး ဆက်ကြေး ကောက်ခံခဲ့ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU တပ်ဖွဲ့ဝင်များက ထားဝယ်-ရန်ကုန် မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၁၀ သိန်းနှင့် ထားဝယ်-မော်လမြိုင်မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၃သိန်းဖြင့် ဆက်ကြေး အဖြစ်ကောက်ခံခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်မြေခံ အစိုးရစစ်ကြောင်း၏ လိုက်လံရှင်းလင်းမှု ကြောင့် ဖမ်းဆီးခံရသူများအနက် ၄ဦးသည် ထွက်ပြေးလွှတ် မြောက်လာခဲ့ပြီး ၂ဦးသာကျန်ရှိသည်ဟု ဖော်ပြသည်။


KNU တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ဆန်စပါးအပါအ၀င် ရိက္ခာ များအဓမ္မတောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် လျှက်ရှိ သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံ့ရှာလျှက် ရှိသည်ဟု ရေးသားဖော်ပြချက်သည် သတင်းဖြစ်စဉ်မဟုတ်ဘဲ အစိုးရ၏ အာဘော်သာဖြစ်သည်ဟု KNU က တုန့်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ခုနှစ်မှစ၍ ယနေ့အချိန်ထိ မြန်မာအစိုးရ အဆက် ဆက်ကို ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝင်းကျင် ပျက်စီးဟု NLD သတိပေး
ခင်ဦးသာ Tuesday, 24 May 2011 19:23

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းသည် ခရီးသွား လုပ်ငန်းများကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) က မေလ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရသည် ခရီးသွားလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို လျစ်လျူရှုထားခြင်း၊ အဓိက လုပ်ဆောင်ရမည့် အရာများကို အစိုးရက လုပ်ဆောင်မှု မရှိခြင်းတို့ကြောင့် ပျက်စီး နေရကြောင်း ကြေညာချက်၌ ဝေဖန်ထောက်ပြထားသည်။

“အစိုးရ အနေနဲ့ တာဝန်ယူမှုရှိရမယ်၊ ကျင့်ဝတ်ရှိရမယ်၊ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုရင် ကျနော်တို့က ပါဝင်ကူညီဖို့ အဆင်သင့်ပါ” ဟု စာတမ်းပြုစု ရေးသားသူတဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးစိုးဝင်းက ဧရာဝတီကို ပြောသည်။

မြန်မာအစိုးရသစ်၏ သဘာဝပတ်ဝန်းကျင်ထိန်းရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း သည် မြန်မာနိုင်ငံတွင်းရှိ NGO အဖွဲ့အစည်း ၁၅ ခုခန့်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် တွေ့ဆုံကာ သဘာဝပတ်ဝင်းကျင်ဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့၌ မနေ့က လုပ်ဆောင်ခဲ့သည်။

“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့်ကိစ္စတွေ ပြောတာတော့အများကြီးပါ။ ဒါပေမယ့် ဘယ်လိုမျိုး လုပ်ဆောင်သွားမယ် ဆိုတာတော့ သေချာ မပြောသေးပါဘူး။ ဒီနှစ်အတွင်း သစ်ပင်အရေအတွက် သန်း ၃၀ စိုက်မယ် ဆိုတာတော့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မင်္ဂလာမြန်မာ အဖွဲ့၏ ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်းက ဧရာဝတီကိုပြောသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို စနစ်တကျ ပြဌာန်းပေးရန် အရေးကြီးကြောင်း၊ ခိုင်မာသော ဥပဒေ မရှိပါက ထိန်းသိမ်းရေးကိစ္စများကို လုပ်ဆောင်ရာ၌ ထိရောက်မှု နည်းပါးမည်ဖြစ်ကြောင်း သစ်တောရေးရာ ကျွမ်းကျင်သူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။

“သဘာဝ ပတ်ဝန်းကျင်နှင့်ဆိုင်တဲ့ အရာတခုခုကို ပျက်စီးစေတယ်၊ ဖျက် လိုက်တယ်ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရမယ်၊ ဘယ်လို လူမျိုးကိုမဆိုပေါ့” ဟု ဦးအုန်းက ဧရာဝတီကို ရှင်းပြသည်။

၎င်းက ဆက်လက်ပြီး ဆွေးနွေးပွဲတွင် ပြောသွားသည့် အချက်များက အမှန်တကယ် ကောင်းမွန်ကြောင်း၊ သို့ရာတွင် လက်တွေ့ လုပ် မလုပ်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဥပဒေကြမ်း တရပ်ကို ၁၉၉၄ ခုနှစ်တွင် ရေးဆွဲခဲ့သော်လည်း အတည်ပြုခြင်း၊ လက်တွေ့ကျင့်သုံးခြင်း မရှိသေးဟု သိရသည်။

မနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသည် လွတ်လပ်စွာ ပြောဆိုဆွေးနွေး၊ ဝေဖန်၊ အကြံပြုနိုင်သော အခမ်းအနားဖြစ်၍ ကြိုဆိုပါကြောင်း၊ အစိုးရသစ် အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု ကိစ္စကို အလေးထား လုပ်ဆောင်လိုသည့် ဆန္ဒရှိပုံပေါ်ကြောင်း ဦးအုန်းက ပြောသည်။

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နေရာများမှာ တိမ်ကောနေပြီဖြစ်သော အင်းလေးကန်၊ ဧရာဝတီမြစ် အပါအ၀င် နေရာဒေသ အများအပြားရှိနေ၍ ထိရောက်မြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ အရေးကြီးကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ သစ်တောအများစုမှာ ပြုန်းတီးနေပြီ ဖြစ်ပြီး မီးရထားလမ်း၊ ကားလမ်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ် စသည့် အဆောက်အအုံ များကြောင့် ပတ်ဝန်းကျင်ဧရိယာများ ပျက်စီးသွားသည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ
တည်ဆောက်ရာ လမ်းကြောင်း တလျောက် ပတ်ဝန်းကျင်ဒေသများ၏ ပျက်စီးမှု ပမာဏ ကြီးမားနေခြင်းတို့ကို ဆွေးနွေး ခဲ့ကြကြောင်း ပါဝင် ဆွေးနွေးခဲ့သူများ ထံမှ သိရသည်။

ထိုသို့ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားနေသော်လည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အာဏာပိုင်များကမူ
ပြုပြင်ထိန်းသိမ်းရေးများကို ထိရောက်စွာ လုပ်ဆောင်ခြင်း မတွေ့ရဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆာင်နေ သူများက ဆိုသည်။

မြန်မာ အစိုးရသစ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စကို အလေးထားပြီး ခရီးသွား အေဂျင်စီများ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး
လုပ်ငန်းများအား ပညာပေးသည့် ကိစ္စများကို အလေးထား လုပ်ဆောင်၍ ခရီးသွားလုပ်ငန်းကို မြှင့်တင်သင့်ကြောင်း ဧည့်လမ်းညွှန် တဦးက ပြောသည်။

“ခရီးသွားလုပ်ငန်းကြောင့် ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးတာ အများကြီးပါ။ ဥပမာ - အင်းလေးကန် ဆိုရင် ဟိုတယ်တွေ များလာတယ်၊ လူနေ ထူထပ်လာတယ်၊ မျိုးစိတ်တွေ ပျက်စီးလာတယ်၊ နောင်ဆိုရင် အင်းလေးကန် တိမ်ကောသွားတော့မယ့် အနေအထားပါ” ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍သူက “ခရီးသွားလုပ်ငန်းကြောင့် ကောင်းတာတခုကတော့ နိုင်ငံခြားသားတွေ၊ ခရီးသွားသူတွေဆီက ပိုက်ဆံတွေဟာ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်တဲ့အတွက် ကောင်းတယ် ပြောရမှာပါ” ဟု ဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများ၏ ခရီးသွားလုပ်ငန်း များနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး အနေအထား၌ ရှိနေကြောင်း NLD ကဆိုသည်။

အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၏ ခရီးသွားအရေအတွက်သည် နှစ်စဉ် ၁၄ သန်း ၀န်းကျင်ရှိပြီး၊ ဗီယက်နမ်နိုင်ငံသည်
၎ သန်းဝန်းကျင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် နှစ်စဉ် ၂ သန်းကျော်ရှိနေကာ မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှု အရေအတွက်မှာ ၂၀၀၉ - ၂၀၁၀ တွင် ၂ သိန်းနီးပါးသာ ရှိကြောင်း NLD ကြေညာချက်၌ ပါရှိသည်။

အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များကောင်းမွန်နေ၍ ခရီးသွား လုပ်ငန်းများ တွင်ကျယ်လာနေပြီဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာရန် ၀န်ဆောင်မှု လုပ်ငန်းများ ကောင်းမွန်ရန် အရေးကြီးကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုသည် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှု ပြယုဂ်ဖြစ်ကြောင်း ရေးသားထားသည်။

SSA နှစ်ဖွဲ့ပေါင်းလိုက်သည့်အပေါ် ကချင်ပြည်နယ်က အဖွဲ့အစည်းတချို့က ထောက်ခံ
Tuesday, 24 May 2011 21:14 KNG

သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းအဖွဲ့နှင့် မြောက်ပိုင်းအဖွဲ့တို့ တဖွဲ့တည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းအပေါ် ကချင်ပြည်နယ်မှ အဖွဲ့အစည်းတချို့ ကလည်း ထောက်ခံကြိုဆိုလိုက်သည်။

မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် သျှမ်းတပ်မတော် နှစ်ဖွဲ့ ပူးပေါင်းလိုက်ကြပြီဖြစ်ကြောင်း SSA တောင်ပိုင်းအဖွဲ့ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရောဆပ်က ကြေညာခဲ့ခြင်းအပေါ် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာကြခြင်း ဖြစ်သည်။

ကချင်အမျိုးသားအစည်းအရုံး KNO ဗဟိုကော်မတီ ဒုအထွေထွေ အတွင်းရေးမှူး ဒူကဘာလနန်က ယခုလို သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းအပေါ် နိုင်ငံရေးအရ အကျိုးအမြတ် တခုအဖြစ် သုံးသပ်သည်။

သူက ဆက်လက်ပြီး “SSA တို့ ကျနော်တို့ လုပ်နေတဲ့ တော်လှန်ရေးက စစ်ရေးသက်သက်ကို ဦးတည်နေတာ မဟုတ်ဘူး။ ခုလို သူတို့နှစ်ဖွဲ့ တဖွဲ့ထဲ အဖြစ် ပေါင်းလိုက်တော့ ဘုံရန်သူကို ရင်ဆိုင်ရာမှာ အင်အားကြီး လာမှာ ဖြစ်တယ်။ နိုင်ငံရေးမှာ ပြောဖို့ဆိုဖို့ ပိုပြီး အခွင့်အလမ်း ရှိလာမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းကြောင့် သျှမ်းတိုင်းရင်းသားများသည် သျှမ်းပြည်တပ်မတော်အပေါ် ပိုမိုယုံကြည် အားကိုးလာမည်ဟုလည်း မျှော်လင့်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) အဖွဲ့မှ ဦးစိုင်းမောင်အေးကလည်း “ခုလို ပေါင်းလိုက်တော့ ကောင်းတာပေါ့ဗျာ။ သူတို့ပေါင်းသွားတာက အားအင် တစ်ခုပေါ့။ အနာခံ လုပ်ကြမယ် ဆိုရင်တော့ တချိန်ချိန်တော့ အကောင်းဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

သို့သော် ယခုလို နှစ်ဖွဲ့ ပူးပေါင်းလိုက်သည့်အတွက် သျှမ်းပြည်တပ်မတော် အင်အားကြီးလာမည့်အချက်အပေါ် မြန်မာအစိုးရက စိုးရိမ်ပူပန်ပြီး ဒေသခံ သျှမ်းတိုင်းရင်းသားများ နယ်မြေတွင် ထိမ်းချုပ်မှု၊ ဖိအားပေးမှုများ ပြုလုပ်လာလျှင် ဒေသခံများအတွက် စိုးရိမ်စရာ ရှိလာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။

တိုင်းရင်းသားအဖွဲ့အစည်းအများအပြား မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ကြချိန်တွင် SSA မြောက်ပိုင်းတပ်ဖွဲ့ ပါဝင်သွားခဲ့သော်လည်း SSA တောင်ပိုင်းကမူ ငြိမ်းချမ်းရေး မယူပဲ မြန်မာအစိုးရကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကို တော်လှန်ရေးတပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲရန် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ဖိအားပေးလာခဲ့သည်။ ယင်းအချက်ကို SSA မြောက်ပိုင်း တပ်မဟာ ၁ က လက်မခံခဲ့သည့်အတွက် အစိုးရက ၂၀၁၀ခုနှစ် မတ်လတွင် တပ်မဟာ ၁ ကို စတင် တိုက်ခိုက်လာရာမှ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တပ်မဟာ ၁ က SSPP / SSA မြောက်ပိုင်းအဖွဲ့အမည်ကို ဆက်လက် ခံယူခဲ့သည်။

ယင်းနောက်ပိုင်းမှာ ယခုကဲ့သို့ SSA တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းလာခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးစိန်ကြည်က ပြောသည်။

အမျိုးသမီးများကို NLD အတိုးမဲ့ ငွေချေး
မိုးယံ Tuesday, 24 May 2011 11:20

အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ် (NLD) အမျိုးသမီးလုပ်ငန်း အထောက်အကူပြု အဖွဲ့နှင့် တောင်ဥက္ကလာပ လူငယ် ကွန်ရက် အဖွဲ့တို့ ပူးပေါင်းပြီး ဈေးသည် အမျိုးသမီးများကို ဇွန် ၁ ရက်နေ့မှ စတင်၍ အတိုးမဲ့ ငွေချေးမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ပထမဆုံး ငွေ ၁၀ သိန်းနဲ့ လူ ၅၀ ကို တယောက် ကျပ် ၂ သောင်းနှုန်းပဲ ချေးပေးနိုင်ပါတယ်။ ငွေချေးချင်လို့ လျှောက်လွှာတင်တဲ့သူ ၁၅၀ ကျော်နေပြီ။ ကျနော်တို့ တောင်ဥက္ကလာပက လူတွေ ငွေတော်တော် လိုနေကြတာပဲလို့ တွေးမိတယ်” ဟု တောင်ဥက္ကလာပ လူငယ်ကွန်ရက်ကို ဦးဆောင် ဖွဲ့စည်းသူ တသီးပုဂ္ဂလ အမတ် ဒေါက်တာစောနိုင်က ပြောသည်။

တောင်ဥက္ကလာပ မြို့နယ်ရှိ လက်လုပ်လက်စား အမျိုးသမီးများအား အဓိကထား ချေးပေးမည်ဖြစ်ကြောင်း NLD အမျိုးသမီးလုပ်ငန်း အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

“လူမှုရေးလုပ်ငန်းတွေ ဒီထက်လုပ်သွားမှာပါ။ ငွေလည်း ထပ်ပြီး တိုးချေးဖို့ ကျမတို့ တိုင်ပင်ထားပါတယ်” ဟု သူက ပြောသည်။

ယင်း အတိုးမဲ့ချေးငွေ ကျပ် ၂ သောင်းယူထားသူများ အနေနှင့် တနေ့လျှင် ၇၀၀ ကျပ်နှုန်း ပြန်လည် ပေးသွင်း ရမည် ဖြစ်ကြောင်း၊ ကြားခံလူများမှ တဆင့် ငွေချေးခြင်း မပြုလုပ်ဘဲ ကိုယ်တိုင်လာရောက် လျှောက်ထားသည့် စနစ်ဖြင့် ငွေထုတ် ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပ မြို့နယ်ရှိ ဈေးသည် အမျိုးသမီးတဦးက “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပိုက်ဆံချေးတာရှိတယ်။ သူတို့ဆီက ပိုက်ဆံချေးဖို့က လျှောက်လွှာ ၀ယ်ရတယ်။ တဆင့်ခံတွေနဲ့ ချေးရတော့ ကြားမှာ အတိုးတွေ ပိုပေးရတယ်” ဟု ဆိုသည်။

“စာရေးဆရာ သော်တာဆွေက သူစာအုပ်ထုတ်လို့ရတဲ့ ပိုက်ဆံနဲ့ ဈေးသည်တွေကို တနေ့ ၁၀ ဆယ်ကျပ် ချေးတယ်၊ ညနေ ဈေးသိမ်းရင် ၁၀ ဆယ် ပြန်ပေး၊ နောက်နေ့ ထပ်ယူ လုပ်ပေးတယ်။ အဲဒီလို လုပ်ပေးတော့ တနေ့လုပ် တနေ့စားတွေ အဆင်ပြေတာပေါ့” ဟု NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

တောင်ဥက္ကလာပ လူငယ်ကွန်ရက်ကို ရွေးကောက်ပွဲ အပြီးကာလတွင် ဒေါက်တာစောနိုင်က ဦးဆောင် ဖွဲ့စည်းခဲ့ပြီး လူမှုရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ ကွန်ရက်သည် NLD နှင့် ပူးပေါင်း၍ ငွေချေးခြင်း လုပ်ငန်း မလုပ်ဆောင်မီကလည်း တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ကလေးငယ် ၂၃ ဦးကို ကျောင်း အသုံးဆောင်ပစ္စည်းများ ပေးအပ်ခဲ့သေးသည်။

NLD လူငယ်နှစ်ဦး ရဲခေါ်စစ်
အောင်မြတ်စိုး | အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၉ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။ ။ သမ္မတကို ဆဲဆိုထားသည့် ဆေးနီပက်ဖျန်းမှုများ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း လမ်းမများ၌ တနင်္လာညတွင် ဖြစ်ပွားခဲ့ပြီးနောက် အင်္ဂါမနက်တွင် တောင်ဒဂုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်နှစ်ဦးကို ရဲက ခေါ်ယူမေးမြန်းမှုအချို့ ပြုလုပ်ခဲ့သည်။

မြို့နယ်တွင်း ၅၄၊ ၅၃၊ ၁၈ နှင့် ၁၉ ရပ်ကွက်၌ ယမန်နေ့ညဦးပိုင်းတွင် ဆေးနီများဖြင့် ဆဲရေးတိုင်းထွာစာများအား ကွန်ကရစ်ခင်း လမ်းမတလျှောက် ပက်ဖျန်းမှုအပြီး၊ ရဲက လုံခြုံရေးအကြောင်းပြချက်ဖြင့် တောင်ဒဂုံ အမှတ် ၅၃ ရပ်ကွက်မှ ကိုဇေယျနှင့် ကိုဖိုးဇော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ညက မင်းတို့ ထိန်ဝင်းနဲ့ အတူရှိလားပေါ့၊ တောင်ဒဂုံစခန်းက နယ်ထိန်းတာဝန်ခံက မေးတယ်တဲ့။ ... ရဲက ဆေးမှုတ်တဲ့ ကိစ္စနဲ့တော့ မဆိုင်ပါဘူး၊ ရန်ကုန်ကို ဖောက်ခွဲရေးသမားတွေ အယောက် ၅ဝ လောက် ရောက်နေတယ်၊ တောင်ဒဂုံမှာ တယောက်ရှိတယ်ဆိုလို့ ဧည့်စာရင်း စစ်တာပါလို့ ပြောတယ်” ဟု တောင်ဒဂုံ NLD မြို့နယ်လူငယ်တာဝန်ခံ ကိုထိန်ဝင်းက မဇ္ဈိမကို ပြောသည်။

လူငယ်နှစ်ဦး မိနစ်ပိုင်းအကြာ စစ်ဆေးခံရခြင်းနှင့် ပတ်သက်၍ ကိုထိန်ဝင်း၊ မြို့နယ်စည်းရုံးရေးအဖွဲ့မှ ဦးကြည်လင်းနှင့် လူငယ်အချို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်စုံစမ်းရာမှ သိခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့က ဆေးဖျန်းပက်မှု၊ ဖောက်ခွဲမှုများနှင့် မသက်ဆိုင်သလို၊ NLD အနေဖြင့် ထိုလုပ်ရပ်မျိုး မလုပ်ဆောင်ကြောင်း အာဏာပိုင်များကို ပြန်လည် ပြောကြားခဲ့သေးသည်။

ဆေးဖျန်းခံရသည့် နေရာများအား ဒေသအာဏာပိုင်များက ယခုအခါ ဘိလပ်မြေဖြင့် ဖုံးအုပ်ခဲ့ပြီးဖြစ်သည်။

“၅၄ ရပ်ကွက်က ဇေယျာမြိုင်လမ်းမှာ ရှိတယ်ဗျာ၊ ကျွန်းရွှေမြိုင်လမ်းမှာ ရှိတယ်ဗျာ။ ကျနော်တွေ့တာတော့ ၃ နေရာ ရှိတယ်ဗျ။ နောက်ပြီးတော့ တချို့တွေက တွေ့တာကတော့ ၄-၅ နေရာလောက် ရှိမယ်လို့ ဆိုတယ်။ လမ်းတွေက ကွန်ကရစ်လမ်းတွေဆိုတော့ သူတို့ အဲဒါတွေကို ဘိလပ်မြေနဲ့ အပေါ်ကနေ ထပ်မံလိုက်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မဟာမုနိ ဂေါပက လုပ်ပိုင်ခွင့် စစ်တပ်က ထိန်းချုပ်ထား
News Date:5/23/2011 နိရဉ္ဇရာ

ရခိုင်ပြည်နယ်မှ နာမည်ကြီး ဘုရားတစ်ဆူ ဖြစ်သော မဟာမုနိ ဂေါပက အဖွဲ့၏ လုပ်ပိုင်ခွင့်ကို စစ်တပ်မှ ထိန်းချုပ်ထားပြီး ဘုရားဂေါပကမှာ အမည်ခံသက်သက် ဖြစ်နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

မဟာမုနိ ဘုရားမှာ ကျောက်တော်မြို့နယ် သရက်တပင် အပိုင် ဓည၀တီ မြို့တော်ဟောင်း အနီး တည်ရှိပြီး ရခိုင်ပြည်နယ်တွင် ထင်ရှားကျော်ကြားဆုံး ဘုရား တစ်ဆူ ဖြစ်သည်။

ရခိုင် တစ်မျိုးသားလုံး အထွတ်အမြတ်ထားရာ ကျောက်တော် မဟာမုနိ သိမ်ကျောင်းတော်ကိုလည်း စစ်တပ်က ထိန်းချုပ်ထားသည်။

" အခုက ဘုရားဂေါပ တစ်ခုလုံးကို စကခ (၉) တပ်မမှူးက ကိုင်ထားပြီး ဘုရားဂေါပက အဖွဲ့မှာ ဘယ်အာဏာမှ မရှိဘူး။ နေ့တိုင်း အလှူရတဲ့ ငွေတွေကို တပ်မမှူးကို အပ်ရတယ်။ ဂေါပက ဥက္ကဌကိုလည်း သုံးလ တစ်ကြိမ်စီ စစ်တပ်က အလှည့်ကျ ခန့်ထားတယ်။ မဟာမုနိ ဘုရားနဲ့ ပတ်သက်ပြီး အကုန်လုံးကို စစ်တပ်က ထိန်းချုပ်ထားပါတယ်" ဟု ကျောင်းဆရာ တစ်ဦးက ပြောသည်။

မဟာမုနိ ဘုရားတွင် ဂေါပက လူကြီး ( ၆) ဦးရှိပြီး အဆိုပါ ဂေါပက အဖွဲ့မှာ ဒေသခံများက ရွှေးချယ် တင်မြှောက်ထားသူများ မဟုတ်ဘဲ စစ်တပ်မှ ခန့်ထားသူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘုရားဂေါပကများမှာ ဦးညိုသာလှ (သရက်တပင်)၊ ဦးသာလှအောင် (သရက်တပင်)၊ ဦးမောင်ကျော် (သရက်တပင်)၊ ဦးသိန်းတန် (သရက်တပင်)၊ ဦးစံလှဖေါ် (စဖိုသားရွာ)နှင့် ဦးမောင်ကျော်မြ( ကျောက်တလုံးရွာ) တို့ ဖြစ်ကြသည်။

" အခု နယ်ခံ ပြည်သူတွေက ဘုရားဂေါပကကို လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့ချင်တယ်။ ဖွဲ့ဖို့ အတွက်လည်း တောင်းဆိုထားကြတယ်။ ဒါပေမယ့် တပ်မမှူးက ခွင့်မပြုတဲ့ အတွက် မဖွဲ့ရဘဲ ဖြစ်နေတယ်။ မဟာမုနိ ဘုရားဟာ ရခိုင်တစ်မျိုးသားလုံး အထွတ်အမြတ်ထားတဲ့ ဘုရား ဖြစ်တယ်။ အခုတော့ စစ်တပ်ကဘဲ ကြိုးကိုင်ပြီး လုပ်ချင်တာကို လုပ်နေတာကို တွေ့ရပါတယ်" ဟု သူက ပြောသည်။

မဟာမုနိ ဘုရားမှာ ရခိုင်ပြည်က ဘုရားဖူးများသာမက ဗမာပြည် အပါအ၀င် တစ်ခြားဒေသများမှ ဘုရားဖူးများ နေ့စဉ်လာရောက်ကြသဖြင့် နေ့ည မပြတ် စည်ကားနေပြီး နေ့စဉ် အလှူငွေ သိန်းချီ ရနေကြောင်း သိရသည်။

" မဟာမုနိ ဘုရားက ရတဲ့ ငွေကို စကခ (၉) တပ်မမှူးကို ဂေါပက အဖွဲ့ နေ့တိုင်းသွားအပ်ရတယ်။ ဘုရားအတွက် နေ့တဓူဝ လုပ်မယ့် လုပ်ငန်းတွေကို တပ်မမှူးက ဂေါပက အဖွဲ့ကို ညွှန်ကြားတယ်။ အခု ဖြစ်နေတာက မဟာမုနိ ဂေါပက အဖွဲ့တစ်ခုလုံးဟာ တပ်မမှူးရဲ့ အခိုင်းအစေ သဘောမျိုး ဖြစ်နေပါတယ်" ဟု သူက ဆက်ပြောသည်။

မဟာမုနိ ဘုရား ပွဲတော်ကျင်းပခြင်း၊ ၀တ်ရုံတော် လဲခြင်း၊ ဆွမ်း ဆီးမီး ပန်းကပ်ခြင်းမှ အစ မဟာမုနိ ဘုရားနှင့် ပတ်သက်ပြီး တပ်မမှူးက ကြိုးကိုင်ထားသဖြင့် ဘုရား ပုရ၀ုဏ် အတွင်းရှိ ရှေးဟောင်း အမွေအနှစ်များ ထပ်မံ ပျောက်ဆုံးမည်ကိုလည်း လူအများ စိုးရိမ်နေကြကြောင်း သိရသည်။

ယခု မဟာမုနိ ဘုရားတန်ဆောင်းမှာ မန္တလေးတွင် ရှိသော မဟာမုနိ ရုပ်ရှင် တော်မြတ် ကိန်းအောင်းရာသိမ် တော် ဖြစ်ပြီး ရခိုင်အား စစ်နိုင်ပြီးနောက် ဗမာ ဘုရင်က ၁၇၈၅ ခုနှစ်တွင် မဟာမုနိ ဘုရားကို အဆိုပါ သိမ်တော်မှ မန္တလေးသို့ ပင့်ဆောင်ယူသွားခဲ့သည်ဟု သိရသည်။ လက်ရှိ မဟာမုနိ သိမ်တော်တွင် မဟာမုနိ ရှင်တော် တစ်ပါး ကိန်းဝပ်စံပယ်လျှက် ရှိသည်။

No comments: