Monday, May 30, 2011

စပွန်ဆာဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာပဲ (လူထုစိန်ဝင်း)

“တချို့က လက်ဝဲသမား ယောင်ယောင် တော်လှန်ရေးသမား ယောင်ယောင်နဲ့ တောခိုတမ်း ကစားရာကနေပြီး နောက်တော့ ‘နှောင်ကြိုးမဲ့ကမ္ဘာ’ အကောင်းဆုံးလို့ အော်ပြီး ဖဆပလ အစိုးရက ဆုချတဲ့ ရာထူးလေးတခုနဲ့ ငြိမ့်နေတယ်။ သိပ်မကြာခင် မြန်မာ့ဆိုရှယ်လစ်ခေတ် ဆိုတာ ရောက်လာပြန်တော့ ဗုဒ္ဓအလိုကျ အညမညဟာ အမှန်ဆုံးပဲလို့ ကြွေးကြော်ပြီး ရာထူးတခု ရပြန်တယ်။ ဒီလူတွေပဲ ခုကျတော့ ဒီမိုကရေစီ ဂုရုကြီးတွေ ဖြစ်နေကြပြန်ပြီ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခါကမှ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိခဲ့ဘူး။ မရှိရုံသာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့အလုပ်လို့တောင် နှာခေါင်းရှုံ့ကြသေးတာ ...”

နေမကောင်း ဖြစ်နေတာကို လာမေးရင်းနဲ့ ဂျာနယ်သမား လူငယ်တယောက်က နိုင်ငံရေးပါတီတွေနဲ့ လူတွေအကြောင်း သိချင်တာလေးတွေကို နေကောင်းတဲ့အခါ လာမေးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဘယ်သူတွေရဲ့ နောက်ကြောင်းက ဘယ်လိုမှန်းမသိတော့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ပါလို့ အကြောင်းပြတယ်။


ပွဲစားတွေလား

စကားပြောတာ ဖြစ်ဖြစ် ထမင်းဝါးတာ ဖြစ်ဖြစ် အင်နာဂျီ သုံးရတယ်။ လူကောင်းတွေလို ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် အလျံပယ် ရှိနေတာ မဟုတ်တော့ အင်နာဂျီသုံးပြီး တခုခု လုပ်လိုက်တာနဲ့ အောက်စီဂျင် ကုန်သွားတယ်။ ချက်ချင်း ဟောဟဲ ဟောဟဲ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မလှုပ်ရှားမိအောင် သတိထားနေရတယ်။

ရောက်ကတည်းက သူပြောတာကိုသာ နားထောင်နေခဲ့ပေမယ့် နောက်ဆုံး ပြောလိုက်တဲ့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ ဆိုတဲ့ သူ့စကားကို ကြားလိုက်ရတော့ မနေနိုင်တော့ဘူး။ ချက်ချင်း တုံ့ပြန်ပြောလိုက်မိတယ်။ တင်ပေးရအောင် ဂျာနယ်သမားတွေက ပွဲစားတွေလားလို့ မေးလိုက်တယ်။

ဆက်ဆံရေးဗျူဟာ ဒီခေတ် စာနယ်ဇင်းတွေထဲမှာ ‘တင်ပေးတယ်’ ဆိုတဲ့ စကား သိပ်အသုံးများတယ်။

“သမီးတို့ ဒီလို ဖြစ်လာတာ စာနယ်ဇင်းတွေက တင်ပေးလို့ပါ”

“စာနယ်ဇင်းဆိုတာ အနုပညာသမားတွေအတွက် ပေါင်းကူးတံတားပါ”

“စာနယ်ဇင်းတွေက မြှောက်စားလို့ ဒီနေရာ ရောက်လာတာပါ”

ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော်၊ မော်ဒယ်လ် စတဲ့ ဖျော်ဖြေရေးနယ်က လူတွေက လူထုဆက်ဆံရေး ဗျူဟာအနေနဲ့ ပြောတဲ့စကားတွေကို အဟုတ်မှတ်ပြီး မီဒီယာသမားတွေ ကိုယ်တိုင်က ဂုဏ်ယူနေကြတယ်။ ငါ တင်ပေးလိုက်တာပေါ့ ဆိုပြီး လူထူထူရှိရင် ကြွားတတ်တယ်။

တကယ်တော့ ဒီစကားတခွန်းက သတင်းမီဒီယာသမားကို ပီအာသမား လိုလို၊ ကြော်ငြာသမား လိုလို၊ အေးဂျင့် လိုလို အဆင့်မျိုးရောက်အောင် ဆွဲချပစ်လိုက်တယ်ဆိုတာကိုတော့ မသိရှာကြဘူး။

ကြားပွဲစား မဟုတ်

သတင်းသမားဆိုတာ သတင်းပေးဖို့ကလွဲပြီး တခြား ဘာတာဝန်မှ မရှိဘူး။ အဖြစ်မှန် အချက်အလက် အမှန်ကို မိတ်ကပ် မလိမ်းဘဲ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးသား တင်ပြပေးဖို့သာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ တင်ပေးဖို့ တာဝန် မရှိဘူး။ ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမှ ပေါင်းကူး ဆက်သွယ်ပေးစရာလည်း မလိုဘူး။ သတင်းသမားဆိုတာ ဖျန်ဖြေရေးသမား (mediator) မဟုတ်သလို စေ့စပ်ရေးသမား (negotiator) လည်း မဟုတ်ဘူး။ ကြားပွဲစားလည်း မဟုတ်ဘူး။

ဖျန်ဖြေရေးသမား၊ စေ့စပ်ရေးသမားဖြစ်ဖို့က အထူးကျွမ်းကျင်မှု လိုအပ်တဲ့အလုပ်မျိုး ဖြစ်တယ်။ နိုင်ငံရေးကို ခြေခြေမြစ်မြစ် တတ်သိနားလည်ဖို့ လိုအပ်သလို၊ သံခင်းတမန်ခင်း (Diplomacy) ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရှိဖို့လိုတယ်။ လူတိုင်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။

တတ်ယောင်ကားတွေရဲ့အန္တရာယ်

အလုပ်ဆိုတာ ကျွမ်းကျင်ရာလိမ္မာ ဆိုတဲ့ စကားအတိုင်း ကိုယ်ကျွမ်းကျင်ရာကို လုပ်မှ ဖြစ်မြောက်တယ်။ ငါတို့လည်း စာဖတ်တတ်တာပဲ။ စာဖတ်ပြီးလုပ်ရင် ဘာကြောင့် မဖြစ်ရမှာလဲလို့ သဘောထားလို့ မရဘူး။ ဆေးကျောင်းတက်ပြီး စနစ်တကျ ဆေးပညာ မသင်ယူဘဲ ဆေးစာအုပ်တွေဖတ်ပြီး ဆရာဝန် လုပ်လို့မရဘူး။ ဇွတ်လုပ်ရင် ဆရာဝန် မဖြစ်ဘဲ လူသတ်သမားပဲ ဖြစ်လိမ့်မယ်။

ဒီခေတ်က အင်တာနက်ခေတ် ဆိုတော့ ဘာမဆို အလွယ်တကူ ရှာလို့ရတာကြောင့် အထူး ဆင်ခြင်သတိထားဖို့ လိုတယ်။ တတ်ယောင်ကားသမားတွေရဲ့ အန္တရာယ် သိပ်ကြီးတယ်။ မြန်မာနိုင်ငံမှာက ဒီမိုကရေစီတို့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားတွေကို ကျယ်ကျယ် မပြောဝံ့တဲ့ အခြေအနေက နေပြီး ရုတ်တရက် အထိုက်အလျောက် ပြောလို့ရတဲ့ အခြေအနေကို ရောက်လာတော့ ခေတ်ပေါ် ဒီမိုကရေစီ ဂုရုတွေ နေရာပေါင်းစုံက ပေါ်ထွက်လာပြီး ဒီမိုကရေစီတရားတွေ ဟောကြားနေကြတာ ခုတလော နေရာတကာမှာ တွေ့နေရတယ်။

သားကောင်း၊ လင်ကောင်း၊ ဖခင်ကောင်း

ဒီလို ဂုရုတွေထဲမှာ လူမျိုးစုံပါတယ်။ တချို့က လက်ဝဲသမား ယောင်ယောင် တော်လှန်ရေးသမား ယောင်ယောင်နဲ့ တောခိုတမ်း ကစားရာကနေပြီး နောက်တော့ ‘နှောင်ကြိုးမဲ့ကမ္ဘာ’ အကောင်းဆုံးလို့ အော်ပြီး ဖဆပလ အစိုးရက ဆုချတဲ့ ရာထူးလေးတခုနဲ့ ငြိမ့်နေတယ်။ သိပ်မကြာခင် မြန်မာ့ဆိုရှယ်လစ်ခေတ် ဆိုတာ ရောက်လာပြန်တော့ ဗုဒ္ဓအလိုကျ အညမညဟာ အမှန်ဆုံးပဲလို့ ကြွေးကြော်ပြီး ရာထူးတခု ရပြန်တယ်။

ဒီလူတွေပဲ ခုကျတော့ ဒီမိုကရေစီ ဂုရုကြီးတွေ ဖြစ်နေကြပြန်ပြီ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခါကမှ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိခဲ့ဘူး။ မရှိရုံသာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့အလုပ်လို့တောင် နှာခေါင်းရှုံ့ကြသေးတာ။ ငယ်စဉ်ဘဝ တလျှောက်လုံး သားလိမ္မာလေးအဖြစ် ကြီးပြင်းလာခဲ့ပြီး အရွယ်ရောက်တော့လည်း လင်ကောင်း၊ သားကောင်း၊ ဖခင်ကောင်း တယောက် ဖြစ်အောင် စီးပွားရေးပဲ ကုန်းရုန်းပြီး လုပ်ခဲ့တယ်။

စီးပွားရေး ဂုရုကြီးတွေ

စီးပွားရေး လုပ်ရာမှာလည်း သူတို့က အင်မတန် လိမ္မာကြတယ်။ လူတိုင်းနဲ့ တည့်အောင်ပေါင်းပြီး လိုချင်တာ ရအောင် ယူတတ်တယ်။ လိုင်စင်ခေတ်မှာ လိုင်စင်ရအောင် ယူနိုင်စွမ်း ရှိသလို၊ ပါမစ်ခေတ်မှာလည်း ပါမစ်မျိုးစုံရအောင် ယူနိုင်တယ်။ အခု ခေတ်ရောက်တော့ ‘တို့ခေတ်ရောက်ပြီဟေ့’ လို့ လက်ခမောင်းခတ် ကြွေးကြော်ပြီး ‘စီးပွားရေးဂုရု’ ကြီးတွေ လုပ်နေကြတော့တယ်။

စီးပွားရေးသမားက စီးပွားရေးလုပ်တာ သဘာဝကျတယ်။ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် စီးပွားရေးကို ရိုးရိုးသားသား မလုပ်ဘဲ ‘ဂုရု’ ကြီးလုပ်ပြီး ‘ဖရီးမားကတ်’ တို့ ‘လစ်ဘရယ်လိုက်ဇေးရှင်း’ တို့ ‘ဒီမိုကရက်တိုက်ဇေးရှင်း’ တို့ လျှောက်ပြောနေတာကတော့ နားကြားပြင်းကပ်လှတယ်။

ကိုယ့်အလုပ် ကိုယ်လုပ်

စီးပွားရေးသမားက စီးပွားရေး လုပ်ပါ။ ဒါဟာ တိုင်းပြည် ကြီးပွားရာ ကြီးပွားကြောင်း တဖက်တလမ်းက ပါဝင် လုပ်ဆောင်တာပဲ။ ကျောင်းဆရာက စာသင်ပါ။ ဆရာဝန်က ဆေးကုပါ။ ကားဆရာက ကားမောင်းပါ။ ဆံသဆရာက ဆံပင်ညှပ်ပါ။ ကျွမ်းကျင်ရာ လိမ္မာကြတာပဲ။ အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရင် ပြီးရောပေါ့။ ဆိုက်ကား နင်းတတ်တာနဲ့ မော်တော်ကား တက်မောင်းလို့တော့ ဘယ်ဖြစ်မှာလဲ။

အလားတူပဲ ကျွန်တော်တို့ သတင်းသမားတွေလည်း သတင်း အလုပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ လုပ်ဖို့လိုတယ် ဆိုတာ သတိထားသင့်ကြတယ်။ သတင်းသမားရဲ့ အလုပ်က သတင်းရေးဖို့နဲ့ တချို့သတင်းတွေကို ရှင်းသထက်ရှင်းအောင် ပိုင်းခြားစိတ်ဖြာ လုပ်ပေးဖို့ပဲ ဖြစ်တယ်။

အားတော့မရှိလှဘူး

သတင်းအလုပ်ကို ‘လူထုဆက်သွယ်ရေး လုပ်ငန်း’ တို့၊ ကြော်ငြာလုပ်ငန်းတို့၊ အေဂျင်စီလုပ်ငန်းတို့ ကုမ္ပဏီကြီးတွေနဲ့ ပါတီ အဖွဲ့အစည်းတွေရဲ့ ပြန်ကြားရေးအရာရှိ လုပ်ငန်းတို့နဲ့ ရောထွေး မပစ်သင့်ဘူး။ ပြောသာပြောရတာ။ အားတော့ မရှိလှဘူး။

နိုင်ငံတကာက သတင်းစာ ပညာသင်ကြားတဲ့ တက္ကသိုလ်ကြီးတွေ အတော်များများမှာ သတင်းစာပညာ ဘာသာရပ်ဟာ ‘လူထုဆက်သွယ်ရေး လုပ်ငန်း’ ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ သင်ကြားနေကြတော့တယ်လို့ သတင်းစာပညာ သင်ကြားတဲ့ ဆရာတွေ ကိုယ်တိုင်က စိတ်ပျက်လက်ပျက် ညည်းညူသံတွေ တနေ့တခြား ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားနေရလို့ ဖြစ်တယ်။

စပွန်ဆာဆိုတာ လာဘ်ပေးတာ

မြန်မာ မီဒီယာလောကမှာ တွင်ကျယ်နေတဲ့ ‘တင်ပေးတယ်’ ဆိုတဲ့ စကားက ‘လူထုဆက်သွယ်ရေး လုပ်ငန်း’ က လာတဲ့စကား ဖြစ်တယ်။ သတင်းလောက စကား မဟုတ်ဘူး။ သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ်သူ မြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး။

ဒီခေတ်စကားနဲ့ လိုတိုရှင်းပြောရရင် ကိုယ်က ဘယ်သူ့ကိုမှ ‘စပွန်ဆာ’ မလုပ်ရသလို သူများက ကိုယ့်ကို ‘စပွန်ဆာ’ လုပ်တာလည်း ဘယ်တော့မှ လက်မခံရဘူး။ သတင်းသမားအဖို့ ‘စပွန်ဆာ’ လက်ခံတယ် ဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာနဲ့ အတူတူပဲ။ သတင်းသမားဟာ ‘စပွန်ဆာ’ ကို ‘ပါဏုပေတံ’ အသက်ထက်ဆုံး ‘ဝေရာမဏိ’ ရှောင်ကြဉ်ရတယ်။

ရှက်လည်း ရှက်တယ်

ဒီအကြောင်းရေးတာ အပ်ကြောင်းထပ်နေပြီ။ ဒါပေမယ့် သတင်းအလုပ်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတာမျိုးတွေက လျော့သွားတယ် မရှိဘူး။ ဒီဘက်ပိုင်းမှာ ပိုတောင် ဆိုးလာတယ်။

လုပ်ပိုင်ခွင့်ရှိသူတွေနားကပ်ပြီး ‘အနားပြာ’ လုပ်ရင်းနဲ့ ရသမျှအခွင့်အရေး 'ပိုက်စိပ်တိုက်' ရအောင်ယူသူနဲ့ နိုင်ငံရေးသမား လက်သစ်တွေကို တင်ပေးသလိုလို မြှောက်စားသလိုလိုလုပ်ပြီး အသုံးချဖို့ကြိုးစားသူနဲ့ သံရုံးတကာ ဝင်ထွက်သွားလာပြီး “ကျွန်တော့်ကို ဖိတ်ပါ” လို့ မျက်နှာပြောင်တိုက် ပြောတဲ့သူနဲ့၊ စီးပွားရေးသမားတွေအတွက် ခဏခဏ ကြော်ငြာရေးပေးပြီး ကြော်ငြာခနဲ့တန်အောင် စပွန်ဆာကြေး ကောင်းကောင်း ပြန်ယူသူနဲ့ မကြားချင်အဆုံး၊ မမြင်ချင်အဆုံး ဖြစ်နေတယ်။

ဒါကြောင့် ထပ်ခါထပ်ခါ ရေးနေရတာ ဖြစ်တယ်။ စာဖတ် ပရိသတ်ကို အားလည်းနာတယ်။ ရှက်လည်း ရှက်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေရလို့။

စောင့်မျှော်ပေးပါ

ခုချိန်မှာ အိုစမာဘင်လာဒင် ကိစ္စ၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင် ကိစ္စ၊ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး ကိစ္စ၊ အာဖဂန်နစ္စတန်နိုင်ငံကို အိန္ဒိယသမ္မတ သွားရောက်တဲ့ ကိစ္စ၊ အစ္စရေးနိုင်ငံအနေနဲ့ ၁၉၆၇ ခုနှစ် စစ်ပွဲမတိုင်မီက နယ်နိမိတ်အထိ ပြန်ဆုတ်ပေးဖို့ အိုဘားမားကပြောလိုက်တဲ့ ကိစ္စ စတဲ့ ကိစ္စပေါင်းများစွာ ကမ္ဘာ့ထိပ်တန်းသတင်းကြီးများအဖြစ် လူတိုင်း စိတ်ဝင်စားနေကြချိန်မှာ ဒီအကြောင်းတွေကို ခွဲခြားစိတ်ဖြာပြရမယ့်အစား ရေးပြီးသားအကြောင်းအရာကိုပဲ ထပ်ပြီးရေးမိတဲ့အတွက် စာဖတ်သူများကို တောင်းပန်ပါတယ်။ စာဖတ်သူများ စိတ်ဝင်စားတဲ့အကြောင်းတွေကို ကြိုးစားရေးသားသွားဖို့ စိတ်ထဲမှာ အမြဲတမ်း ရှိပါတယ်။ စိတ်ရှည်ရှည်ထား စောင့်မျှော်ပေးကြပါ။

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။
 
 
 
 

No comments: