Friday, May 20, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၁ ရက်)

- ဥက္ကဋ္ဌရာထူးအတွက် မြန်မာနိုင်ငံကို အာဆီယံ စောင့်ကြည့်မည်
- ရွှေသာတကယ်ဖြစ်ခဲ့လျှင် မမျှော်လင့်တဲ့ ပြဿနာများ လိုက်ပါလာနိုင်
- ဖိနှိပ်အုပ်ချုပ်မှုများ အလုပ်မဖြစ်တော့ကြောင်း အာရပ်တော်လှန်ရေးက ပြသနေ
- လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသား နည်းပါးမှု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
- လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘဝင်မကျ
- အင်းစိန်ထောင် အမျိုးသမီးဆောင် ဆန္ဒပြဟု AAPP ပြော
- သုံးရောင်ခြယ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတဦး ပြန်လွတ်
- ညောင်ရွှေ ၌ မြေသိမ်းမှုဖြစ်
- ရခိုင်ပြည်နယ်၏ အရေးကြီးသော လဝက ဝန်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း
- ရထား ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ၇ ဦး ဖမ်းဆီးထား
- ဝန်ကြီးများနှင့် စစ်အရာရှိများကြား အကျိုးစီးပွား အားပြိုင်နေ
- ရထား ဗုံးကွဲမှုအပြီး နေပြည်တော်လုံခြုံရေး တင်းကျပ်
- လွင်မိုး ထီထိုးနေသည်

ဥက္ကဋ္ဌရာထူးအတွက် မြန်မာနိုင်ငံကို အာဆီယံ စောင့်ကြည့်မည်
By ကျော်ကျော်သိန်း ကြာသပတေး, 19 မေ 2011 VOA

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူး ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ၀ါရှန်တန်ဒီစီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အတွင်းမှာ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လုပ်ချင်တယ်လို့ ပြောခဲ့ပြီးကတည်းက မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ လုပ်ဖို့ အဆင်သင့် ဖြစ်မဖြစ်၊ သင့်တော် မသင့်တော်ဆိုတဲ့ မေးခွန်းတွေ ထွက်နေခဲ့တာ ဖြစ်သလို ကန့်ကွက် ပြောဆိုတာတွေကလည်း ရှိနေတာပါ။

အလှည့်ကျဥက္ကဋ္ဌဆိုတာ အလိုအလျောက်ဖြစ်တာ မဟုတ်ဘဲ အာဆီယံ ခေါင်းဆောင်တွေက ဆုံးဖြတ်မှာ ဖြစ်ပြီးတော့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေက ဒီကိစ္စကို သေသေချာချာ လေ့လာစူးစမ်းဖို့ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ်ထားတယ်လို့ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ဗွီအိုအေကို ပြောပါတယ်။
“၂၀၁၄ ဆိုတဲ့ ခုနှစ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပိုသိရတဲ့အထိ၊ သူတို့အနေနဲ့ ပိုပြီးတော့ ခိုင်ခိုင်မာမာ စိတ်ချ ယုံကြည်ရတဲ့အထိ ဆုံးဖြတ်ချက်ချဖို့ကို ရွှေ့ဆိုင်းထားသင့်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ မေလ ၇ ရက်၊ ၈ ရက် အစည်းအဝေးအတွင်း ဆုံးဖြတ်ထားပါတယ်။” လို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ အာဆီယံအဖွဲ့ဟာ ကိစ္စရပ် အများအပြားမှာ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရမှာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ထင်မြင်ချက် အမျိုးမျိုး၊ စိတ်ကူးအတွေး အမျိုးမျိုးကို နားထောင်တာဟာ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်ရာ ကျပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လုပ်ဖို့ အချိန်မကျသေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသလို အာဆီယံအနေနဲ့ မြန်မာကို ဥက္ကဋ္ဌလုပ်ခွင့် မပေးသင့်ဘူးလို့ ဗြိတိန်နိုင်ငံကလည်း ပြောထားတာပါ။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natatlegawa) ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို ကိုယ်တိုင်လေ့လာ ကြည့်ရှုပြီး သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံဆီ လာဖို့ရှိပါတယ်။ ဘယ်တော့ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

လာမယ့် နိုဝင်ဘာလကျရင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးရှိပြီး အဲဒီမှာ ဒီကိစ္စကို ဆုံးဖြတ်ချက် ချမယ် မချဘူးဆိုတာ မသေချာသေးပါဘူး။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကနေ ဘယ်လို အချက်အလက်တွေ သိရမယ် ဆိုတာရယ်၊ ဆုံးဖြတ်ချက်ချဖို့ သူတို့အနေနဲ့ အခိုင်အမာ စိတ်ချယုံကြည်မှု ရှိတယ် မရှိဘူး ဆိုတာတွေကို ခေါင်းဆောင်တွေ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဖြစ်ချင် မြင်ချင်သလိုပဲ မြန်မာနိုင်ငံကို ဖြစ်စေချင်ပါတယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာလူထုတွေ ဖြစ်ချင်သလိုပါပဲ၊ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိစေချင်ပါတယ်။ စစ်မှန်တဲ့ ရင်ကြားစေ့ရေး ဖြစ်တာကို မြင်ချင်ပါတယ်။ မြန်မာလူထုအတွက် ပိုပြီး တည်ငြိမ်မှုရှိတဲ့၊ ပိုပြီးတော့ ပွင့်လင်းတဲ့ အခြေအနေဆီ ဦးတည်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းချင်ပါတယ်လို့ မြန်မာနိုင်ငံက ကြေညာထားခဲ့ဖူးတဲ့အတိုင်း လျှောက်လှမ်းတာကို မြင်ချင်ကြပါတယ်။” လို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမယ် ဆိုတာကို မြန်မာနိုင်ငံက ကတိပေးထားပြီး အဲဒါကိုကပဲ အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေအကြား၊ နိုင်ငံတကာ အသိုက်အ၀န်း အကြားမှာ အချေအတင် ပြောစရာကိစ္စ ဖြစ်နေရတာပါလို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို အားကောင်းအောင် လုပ်ဆောင်တဲ့ နည်းလမ်းမှန်သမျှဟာ အာဆီယံ အဖွဲ့အတွက် ဆွေးနွေးဘက် နိုင်ငံတွေနဲ့ ဆက်ဆံတဲ့နေရာမှာ၊ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းတဲ့ နေရာမှာ ထိရောက်ပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဟာ ဒေသတွင်းမှာ ကပ်ရောဂါ ဘေးအန္တရာယ်တွေ၊ သဘာဝ ဘေးအန္တရာယ်တွေ၊ စီးပွားရေး နာလန်ထူရေး ကိစ္စတွေ၊ အလုပ်အကိုင်၊ ရွှေ့ပြောင်းအလုပ်သမား ကိစ္စ၊ ကျန်းမာရေးကိစ္စ စတာတွေကို အတူတကွ ရင်ဆိုင်နေကြရတာပါ။ ဒီကိစ္စတွေ အားလုံးမှာ အဖွဲ့ဝင်အားလုံးရဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ လုပ်ငန်းစဉ်အတိုင်း ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့၊ ပြင်ဆင်ထားပြီးပြီ ဆိုတာနဲ့ ကျနော်တို့ဟာ ဆွေးနွေးဘက် နိုင်ငံတွေဆီကနေ အပြည့်အ၀ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု ရမှာဖြစ်ပြီးတော့ အဲဒါဟာ အာဆီယံအတွက် ပိုကောင်းပါလိမ့်မယ်။” လို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး သေဒဏ်ကျနေသူတွေ တသက်တကျွန်းပြောင်း၊ ကျန်သူတွေ ထောင်ဒဏ် တနှစ်လျော့ဆိုတဲ့ အမိန့်ကြောင့် အကျဉ်းသားပေါင်း ၁၄,၀၀၀ ကျော် လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားက ၄၀ ပတ်ဝန်းကျင်ပဲ ပါပါတယ်။ ဒါပေမဲ့လည်း အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်ကတော့ ဒါကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုလို့ မြင်ပြီး ဆက်ပြီးလုပ်သွားဖို့ အားပေးရမယ်လို့ ပြောခဲ့ပါတယ်။

ရွှေသာတကယ်ဖြစ်ခဲ့လျှင် မမျှော်လင့်တဲ့ ပြဿနာများ လိုက်ပါလာနိုင်
ရေးသားသူ - ကူးဒူ သောကြာနေ့, 20 မေလ 2011 15:32 ကန္တာရ၀တီတိုင်း

ကရင်နီပြည်ထဲမှာ ရေကာတာအသစ်တွေ ထပ်မံတည်ဆောက်ရေးအတွက် အစိုးရခွင့်ပြုချက်ဖြင့် တရုတ် အင်ဂျင်နီယာများက ယခု၂၀၁၁ ခုနှစ်အစောပိုင်းလောက်မှာ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မယ့် ရေကာတာအတွက် အုပ်မြစ်ချရန် မြေတူးဖေါ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။

ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၂ မိုင်အကွာမှာ ဆောက်လုပ်မယ့် သံလွင်ရေကာတာအတွက် အုပ်မြစ်ချရန် မြေများတူးဖေါ်ရာတွင် ရွှေလို့ယူဆရတဲ့ ကျောက်နဲ့ ခဲတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်အင်ဂျင်နီယာများက တူးဖေါ်ရရှိထားတဲ့ မြေကျောက်တွေကို တရုတ်ပြည်သို့ ပြန်လည်စမ်းသပ်ရန် သယ်ယူဖို့စီစဉ်နေကြပါတယ်။

တရုတ်တွေအနေနဲ့ တူးဖေါ်လို့ရတားတဲ့ မြေကျောက်တွေကို တရုတ်ပြည်မှာ ပြန်လည်စမ်းသပ်ရန် သယ်ဆောင်ဖို့ အစီအစဉ်တွေ လုပ်နေတဲ့ကြားမှာဘဲ အနီးအနားက ဒေသခံတွေအတွက် သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကတော့ ရေကာတာအုပ်မြစ်အတွက် တူးဖေါ်နေတဲ့မြေတွင်းမှာ ရွှေတွေထွက်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေဘဲ ဖြစ်ပါတယ်။

“ရွှေ အဲဒါ သူတို့ တူးတူးတဲ့ခါကျတော့ အဲဒီမြေစာလေးတွေ သူတို့ စမ်းသပ်တဲ့ အခါကြတော့ အဲဒါတွေ ပါတယ်၊ ရတယ်။ အဲဒါကြောင့်မို့လို့ အဲဒီတစ်ခု ကောင်းတဲ့ဟာကြတော့ သူတို့ ပြန်ပြန်ယူပြီး အိတ်ထဲထည့်။ ဟိုးဘက်ရောက် ဒါသူတို့ ဒီကနေ သူတို့သယ်သွားတယ်ပေါ့။ ဒါပေမယ့် ဟိုးဘက်တော့ မပြောတတ်ဘူး။ ရွာသစ်ကတော့ သူဟာနဲ့သူ ပါသွားတယ်လေ ကားနဲ့။ သူတို့ ကားတွေနဲ့။ ဒါက ရေအားလျှပ်စစ် ဆောက်မယ့် ဒီသံလွင်ဘေးမှာ။” လို့ ရွာသစ်ဒေသခံတစ်ဦးက ပြောပါတယ်။

တကယ်လို့များ ဒေသခံတွေ ယူဆထားတဲ့အတိုင်း ရွှေထွက်တဲ့နေရာသာဖြစ်ခဲ့မယ်ဆိုလျှင် တားဆီးလို့မရနိုင်မယ့် ပြဿနာတွေ ထပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (ကေဒီအာဂျီ)က ဆိုပါတယ်။

“သူတို့အတွက် ကိုက်မယ်ဆိုရင်တော့ သူတို့စစ်တပ်တွေဘာတွေပို့လာပြီး လာစောင့်ခိုင်းမှာပဲလေ။ ဥပမာ… မိုင်းရှူးမှာပဲကြည့်ပေါ့။ ငါစားမယ် သူစားမယ်ဆိုတဲ့ လူကများလာမယ်လေ။ ပြီးတော့ စစ်တပ်တွေလည်း များများချထားမယ်။ တူးမယ် လုပ်မယ်ဆိုတော့ တောတောင်တွေလည်း ပြိုကျပြီး အလားတူ မိုင်းရှူးလိုပဲဖြစ်သွားမှာပဲ။ နောက်ပြီး မလိုအပ်တဲ့ လူမှုရေး ပြဿနာတွေလည်း ပေါ်လာမှာပဲ။”

ကေဒီအာဂျီ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခူးတော်ရယ်က ပြောပြသွားတာပါ။

ယခု ရေကာတာ အုပ်မြစ်ချရန် တူးဖေါ်နေတဲ့ နေရာအနီးတ၀ိုက်မှာဆိုရင် မြန်မာအစိုးရတပ်ခွဲတစ်ခွဲ အနီးကပ် လုံခြုံရေးယူပေးလျက်ရှိပြီး ရွှေတွေ့တယ်လို့ သတင်းပြန့်ပြီးတဲ့နောက်ပိုင်းမှာ လုံခြုံရေးတပ်များ ပိုမိုချလာမလားဆိုတာကို ဒေသခံတို့အနေနဲ့ စောင့်ကြည့်နေရပါတယ်။

ရွှေတွေ့တယ်လို့ သတင်းပျံ့နှံ့ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ အဲဒီဒေသမှာ စီးပွားရေးလုပ်ငန်းများ အစိုးရ လက်အောက်မှာ အတိုင်းအတာတစ်ခုအထိ ချုပ်ကိုင်ထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး ကလလတ အဖွဲ့မှ ဥက္ကဌထွန်းကျော်ကို နေပြည်တော်သို့ခေါ်သွားခဲ့ကြောင်း သိရပါတယ်။

“အခုလည်း ဦးထွန်းကျော်က နေပြည်တော် သွားတယ်ဆိုတဲ့ သတင်းကြားရတယ်။ မတော်လို့များ ဒီရွှေအကြောင်းနဲ့ သွားပြီးဆွေနွေးနေကြတာလားဆိုတာကို အကဲခတ်နေကြပါတယ်” လို့ ခူးတော်ရယ်က ပြောပါတယ်။

ကရင်နီပြည်မှာ ရွာသစ်ရေကာတာအပြင် ဘောလခဲမြို့နယ်အတွင်းရှိ စောလုံနဲ့ဟောင်ခမ်းကျေးရွာအနီးရှိ ပွန်ချောင်းရေကာတာတစ်ခုနဲ့ လွိုင်ကော်မြို့နယ်မြောက်ဘက် ရှမ်းပြည်နယ်စပ်မှ နမ့်တဘက်ချောင်း ရေကာတာစီမံကိန်းတို့အတွက် မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံတောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation)တို့က ပြီးခဲ့တဲ့ ၂၀၁၀ ဇန်န၀ါရီလမှာ နားလည်မှု စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ရွာသစ်ရေကာတာမှ လျှပ်စစ်ဓါတ်အား (၆၀၀) မီဂါဝပ်၊ ပွန်ချောင်းရေကာတာမှ လျှပ်စစ်ဓါတ်အား ၁၃၀ မီဂါဝပ်နဲ့ နမ့်တဘက်ချောင်းရေကာတာမှ လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါဝပ်ထုတ်လုပ်နိုင်မယ်လို့ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

အခု သံလွင်မြစ်ပေါ်မှာတည်ဆောက်မည့် ရေကာတာတွေကနေ ထွက်လာမယ့် လျှပ်စစ်ဓါတ်အားတွေအပေါ် စစ်အစိုးရက ဘယ်လို အသုံးချမလဲဆိုတာ တရားဝင် ထုတ်ပြန်ကြေညာထားတာ မရှိသေးပေမယ့်လို့ တရုတ် အင်ဂျင်နီယာအဖွဲ့တွေဟာ အဲဒီသံလွင်မြစ်ပေါ်မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ စီမံကိန်းကို (၆)နှစ်ကနေ (၁၀)နှစ်အထိ လျာထားပါတယ်။

ယခုကရင်နီပြည်မှာ ဆောက်လုပ်မယ့် ရေကာတာစီမံကိန်းတွေဟာ ပြည်သူတွေရဲ့ ဖြစ်လာနိုင်မဲ့ အကျိုး၊ အပြစ်တွေ စုံစမ်းစစ်ဆေးပြီး ပြည်သူတွေကို အသိပေး ကြေညာထားတာတွေမရှိပါဘူး။ ဒါ့အပြင် လူထုတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အားလုံး ဆုံးရှုံးမှုဖြစ်နိုင်တဲ့ အခြေအနေတွေနဲ့ အခွင့်အရေး ချိုးဖောက်မခံရလေအောင် ကာကွယ်ပေးနေတဲ့ အနေအထားတွေ မရှိတာကို တွေ့ရပါတယ်။

“ဒီရေကာတာလုပ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီနေရာမှာ ပြောင်းရွှေ့ရတဲ့သူတွေ မိရိုးဖလာနေထိုင်လာကြတဲ့သူတွေ ရိုးရာ အစဉ်အလာ ပျက်စီးကုန်တာတွေ ရှိလာနိုင်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုတွေရဲ့ လူနေမှုဘ၀မြင့်တင်ရေးအတွက် ဘာမှခံစားခွင့်မရတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်” လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီလိုကာလကြာရှည်စွာ ရေကာတာစီမံကိန်းလုပ်ငန်းများကို လုပ်သွားနေစဉ် ရွှေလို့ယူဆထားကြတဲ့ ကရင်နီပြည်က မြေအောက်သယံဇာတတွေကိုပါ တပါတည်းထုတ်ယူသွားမည်ကို စိုးရိမ်ပူပန်နေကြရမည့်သူတွေက အစိုးရမဟုတ်ဘဲ ဒေသခံရွာသားတွေဘဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေဒီအာဂျီက ပြောရေးဆိုခွင့်ရှိတဲ့ ခူးတော်ရယ်က ယခုလိုပြောကြားသွားခဲ့ပါတယ်။


“အင်ဂျီနီယာ အဖွဲ့တွေနဲ့ ရွာသူရွာသားများနဲ့ ကျနော်တို့ အပါအဝင်လည်း ရွှေပဲဖြစ်မယ်လို့ပဲယူဆတယ်။ ဘာဖြစ်လဲဆိုတော့ ဒီတရုတ် အင်ဂျီနီယာတွေက သူတို့အိပ်အသေးလေးတွေနဲ့ စုထည့်ထားပြီး သူတို့ပြည်ကိုယူပြန်ပြီး ရွှေ ဟုတ်မဟုတ်ဆိုတာကို ဓါတ်ခွဲစမ်းသပ်မှုပြုလုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် ရပ်ရွာလူကြီးတစ်ဦးက မယူပြန်ဖို့တော့ ပြောလိုက်တယ်။ တကယ်လို့များ စမ်းသပ်ချင်တယ် ဆိုလို့ရှိရင် ဒီမှာပဲစမ်းသပ်ပြုလုပ်ဖို့ပြောပါတယ်။ ဟိုလူတွေလည်း သူ့ဟာကိုနားထောင်ချင်မှ နားထောင်မှာပေါ့။ သူတို့ပြန်တဲ့အချိန်မှာ သူတို့ကိုလိုက်စစ်ဆေးမှုတွေ ပြုလုပ်တာမှမဟုတ်ပဲ။ အခုရွာသစ်ရွာထဲမှာက သတင်းပျံ့နေတာပေါ့နော်။ ငါတို့ရွာနားမှာ ရွှေမုန့်တွေ တွေ့ရတဲ့အကြောင်းတွေပေါ့။ နောက်တစ်ချက်က တကယ်လို့ ရွှေတကယ် ဖြစ်မယ်ဆိုရင် ရွာသားတွေ လုပ်ကိုင်စားသောက်ခွင့် ရပါ့မလားဆိုတာ စိုးရိမ်နေကြရပါတယ်။”

ဖိနှိပ်အုပ်ချုပ်မှုများ အလုပ်မဖြစ်တော့ကြောင်း အာရပ်တော်လှန်ရေးက ပြသနေ
Friday, 20 May 2011 00:49 Editor
မောက္ခ နိုင်ငံတကာသတင်း

အာရပ်ကမ္ဘာတွင် ဖြစ်ပျက်နေသည့် တော်လှန်ပုန်ကန်မှု များမှာ လူထု၏ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး များကို ရယူလိုစိတ် ရှိနေခြင်းကြောင့် ဖိနှိပ်အုပ်ချုပ်မှုများ အလုပ်မဖြစ်တော့ကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု သမ္မတဘားရက်အိုဘားမားက ပြောဆိုလိုက်သည်။

အယ်ကိုင်ဒါ၏ အစွန်းရောက်ဝါဒမှာလည်း ဂိတ်ဆုံးရောက်သွားပြီဟူ၍ အာရပ်နိုင်ငံများက သိမြင်ကြကြောင်းကို သူက သတိပေးပြောကြားလိုက်သည်။

“လွန်ခဲ့တဲ့ ၆ လ လောက်က အဖြစ်အပျက်များဟာ ဖိနှိပ်အုပ်ချုပ်မှုများနဲ့ မုန်းတီးခြင်း ဗျူဟာတွေဟာ အလုပ်မဖြစ်တော့ဘူးဆိုတာကို ပြသနေပါတယ်။” နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ငြင်းဆိုနေသည့် ရက်စက်လှသော အာဏာရှင် အစိုးရများကို ရှုတ်ချပြောဆိုလိုက်သည်။

ရဲများက သူ၏ ဈေးတွန်းလှည်းကို မတရားသိမ်းပိုက်သည့်အတွက် မိမိကိုယ်ကို မီးရှို့အသေခံ ဆန္ဒပြခဲ့သည့် ဘွဲ့ရ အလုပ်လက်မဲ့ တူနစ်ရှားလူငယ်လေးမှ စတင်ခဲ့သည့် လှုပ်ရှားမှုကို “ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ဇာတ်လမ်း” ဟု သမ္မတက ရည်ညွှန်းလိုက်သည်။

“သာမန် ပြည်သူပြည်သားတွေရဲ့ လုပ်ဆောင်ချက် မီးပွင့်တွေက အပြောင်းအလဲအတွက် တော်လှန် လှုပ်ရှားမှုကြီးကို ဖြစ်ပေါ်စေတဲ့ ကာလတွေ သမိုင်းကြောင်းထဲမှာ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ပေါင်းများစွာ တည်ဆောက်ယူခဲ့ရတဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒတွေကို ဖော်ထုတ် လာကြလို့ပါပဲ။” အိုဘားမားက ပြောခဲ့သည်။

အမေရိကန်သမ္မတက ယခုလစောစောပိုင်းတွင် အယ်ကိုင်ဒါ ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ခြင်း အပေါ်တွင်လည်း ဂုဏ်ပြု ပြောဆိုခဲ့သည်။ အကြမ်းဖက် အစွန်းရောက် ၀ါဒကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် တစ်သီးပုဂ္ဂလ မူလဆင် အခွင့်အရေးများကိုလည်း ငြင်းပယ်ခဲ့ခြင်း၊ တည်ဆောက်ရမည့်အစား ဖျက်ဆီးနိုင်စွမ်းအပေါ် အာရုံစိုက် လုပ်ဆောင်ခြင်းတို့ကြောင့် သုတ်သင်ရသည်ဟု သမ္မတက ပြောကြားခဲ့သည်။

“သူ မသေခင် ကတည်းကပါပဲ။ အယ်ကိုင်ဒါဟာ အင်အားလျော့နည်း လာနေတာဖြစ်တယ်။ လူ အများစုကြီးရဲ့ အမြင်မှာ အပြစ်မဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ သူတို့ဘ၀တွေ ပိုကောင်းဖို့ လုပ်တယ်ဆိုတာကို မဟုတ်ဘူးလို့ သိမြင်လာကြတယ်လေ။”

“ဘင်လာဒင်ကို ကျွန်တော်တို့ ရှာဖွေ တွေ့ပြီး ချိန်မှာတော့ အယ်ကိုင်ဒါရဲ့ အာဂျင်ဒါတွေဟာ နိဂုံးချုပ် နေပြီလို့ လူတွေက သိထားကြတာပါ။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တိုင်းပြည်တွေက ပြည်သူလူထုဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့လက်ထဲမှာ ရှိတယ်လို့ ခံယူထားကြပါတယ်။”

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသား နည်းပါးမှု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
2011-05-20 RFA

သမ္မတဦးသိန်းစိန် အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဦးရေ မဆိုစလောက်ပဲ ပါဝင်တဲ့ အတွက် ဒီအစိုးရသစ်ဟာ ဒီမိုကရေစီ စနစ်ကို တကယ် လိုလားခြင်း ရှိပါရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။

"လွှတ်မဲ့ အကျဉ်းသား တသောင်းကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၄၀ တောင် မပြည့်ဘူးလို့ ကြားရပါတယ်။ အင်းစိန်ထောင်ကနေ အခုအထိ အသေအချာလွတ်လာတဲ့ ၂၀၉၆ ယောက်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားက ၉ ယောက်ဘဲ ပါတယ်လို့ သိရပါတယ်။ ဒါဟာ အန်တီလို့ လိုချင်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် တကယ်လို့ အခု အစိုးရသစ်က တကယ်ဘဲ ဒီမိုကရေစီကို လိုလားမှု ရှိ မရှိကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ထိုးရေး လှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ တိုးပြီး လုပ်ပေးစေချင်ပါတယ်။" RFA က အပတ်စဉ်တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ် အတွက် လန်ဒန်မြို့က သောတရှင် တဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် NLD ပါတီက ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့တာကို ကျောခိုင်းပြီး သီးခြား ပါတီထောင်ခဲ့တဲ့ NDF ပါတီက NLD ရဲ့ ခမောက် တံဆိပ်ကို သူတို့ ပါတီ တံဆိပ်အဖြစ် သုံးစွဲနေတာနဲ့ ပတ်သက်ပြီး တခြားသောတရှင်တဦးက မေးမြန်းရာမှာတော့- အဲဒီလို သုံးစွဲတာဟာ သင့်တော် လျှော်ကန်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

"ဒီမိုကရေစီရဲ့မူအရ လူတိုင်းဟာ ကိုယ့်ဆန္ဒနဲ့ ကိုယ်ရှိတာကို လက်ခံသလို ဒီမိုကရေစီရဲ့ ကျင့်စဉ်အရ အများစုရဲ့ ဆုံးဖြတ်ချက်ကို လူနဲစုက လေးစား လိုက်နာရမယ်လို့ ယုံပါတယ်။ ခမောက်ပုံကို အများပြည်သူက NLD နဲ့ ဆက်စပ်ပြီး မြင်ကြတာမို့ NLD နဲ့ ဆန့်ကျင်တဲ့ လမ်းရွေးပြီး ဒီခမောက်တံဆိပ်ဘဲ သုံးတာကတော့ ပြည်သူကို ဇဝေဇ၀ါ ဖြစ်စေလို့ မသုံးသင့်ဘူးလို့ဘဲ ယူဆပါတယ်။"

လွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ ဘဝင်မကျ
By ဦးဇော်ဝင်းလှိုင် သောကြာ, 20 မေ 2011

မြန်မာနိုင်ငံမှာ မကြာသေးခင်က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာ လျှော့ရက်ကြောင့် နိုင်ငံရေး အကျဉ်းသား အနည်းငယ် လွတ်မြောက်လာတာဟာ ကျေနပ်အားရစရာ မရှိသေးဘူးလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီး (Martin Nesirky) က အခုလို တုံ့ပြန် ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံက ပြန်လာပြီး ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တံခါးပိတ် အစည်းအဝေးအတွင်း သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အတွေ့အကြုံတွေကို တင်ပြခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားရင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နီစားကီးက အခုလို ပြောကြားသွားတာပါ။

အဓိကအားဖြင့်တော့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နီစားကီးက မြန်မာအစိုးရက အကျဉ်းသားတချို့ လွှတ်ပေးခဲ့တာဟာ ကျေနပ်အားရစရာ မရှိဘူးလို့ ပြောကြားလိုက်တာပါ။

“လွတ်ငြိမ်းချမ်းသာခွင့်အရ ပြစ်ဒဏ် ကျခံရက် နည်းနည်းလျှော့ပေးလိုက်လို့ နိုင်ငံရေး အကျဉ်းသားတချို့ လွတ်လာတာဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်တဲ့ ပထမခြေလှမ်းတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ မျှော်လင့်ထားတာထက် အများကြီး လျော့နည်းနေပြီး လုံလောက်မှု မရှိသေးပါဘူး။ မစ္စတာ ဗီဂျေး နမ်ဘီးယားရဲ့ ခရီးစဉ် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုတဲ့အကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

“အခု မြန်မာနိုင်ငံရဲ့ အခင်းအကျင်းသစ်ဟာ အနှစ်သာရရှိတဲ့ ပြောင်းလဲမှုအဖြစ် ရောက်ရှိလာပါ့မလား၊ ဘယ်လောက် လျှင်မြန်စွာ ပြောင်းလဲလာနိုင်မလဲ ဆိုတာတွေဟာ အရေးတကြီး မှတ်သားထားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီအချက်နဲ့ပဲ မြန်မာ့နိုင်ငံရေး အခြေအနေကို မှတ်ကျောက်တင်သွားရမှာ ဖြစ်ပါတယ်။ တခါ ကုလသမဂ္ဂရဲ့ အထွေထွေ အကြံပြုချက်တွေကိုရော မြန်မာအာဏာပိုင်တွေ အနေနဲ့ လာမယ့် လပိုင်းတွေ အတွင်းမှာ ခိုင်ခိုင်မာမာ လိုက်နာ ဆောင်ရွက်ပါ့မလား ဆိုတဲ့ အချက်ကိုလည်း စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးသံတမန်တဦး ထားရှိသွားဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ နမ်ဘီးယားနဲ့ တွေ့ဆုံစဉ် အဆိုပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးတာမှာတော့ ဒီအဆိုပြုချက်ကို အတွင်းရေးမှူးချုပ် အနေနဲ့ မှတ်သားထားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နီစားကီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့ပြီး အစိုးရပိုင်း တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ် အစိုးရသစ် အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ပေးထားတဲ့ ကတိအတိုင်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်ဆောင်သွားဖို့ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၁၄,၆၀၀ ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀ လောက်ပဲ ပါခဲ့တာပါ။

မြန်မာအစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးဘဲ လွတ်ရက်စေ့သူတွေကိုသာ ဟန်ပြ လွှတ်ပေးလိုက်တဲ့ လုပ်ရပ်က လက်ရှိအစိုးရဟာလည်း အရင် စစ်အစိုးရလိုပဲ ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ဖော်ဆောင်လိုစိတ် မရှိဘူးဆိုတာ ပြသလိုက်တာပဲလို့ လေ့လာသူတွေက ဝေဖန် ပြောဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက် ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လေ့လာ စောင့်ကြည့်သူတွေက ယုံကြည်နေကြတာပါ။

အင်းစိန်ထောင် အမျိုးသမီးဆောင် ဆန္ဒပြဟု AAPP ပြော
အောင်မြတ်စိုး | သောကြာနေ့၊ မေလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၁ မိနစ် မဇ္ဈိမ

ဘန်ကောက် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ အမျိုးသမီးဆောင်တွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အမျိုးသမီးအချို့ အစာငတ်ခံဆန္ဒပြနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“ကျနော်တို့သိရသလောက်ကတော့ ၁၇ ရက်နေ့ကတည်းက အင်းစိန်ထောင် အမျိုးသမီးဆောင်မှာ ဆန္ဒပြနေတယ်လို့ သိရပါတယ်။ အဓိကက အစာငတ်ခံ ဆန္ဒပြတာပါ။ ၁၆ ရက်နေ့က ထုတ်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတယ်လို့ သိရပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အကျဉ်းဦးစီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများအရေး ကူညီစောင့်ရှောက်နေသူ ရန်ကုန်မြို့ရှိ တက်ကြွလှုပ်ရှားသူ တဦးကတော့ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်
ပေးဟန်ဆောင်သော ကြေညာမှုအပေါ် ရှုတ်ချသောအနေဖြင့် အဆောင် ၇ မှ အမျိုးသမီးများ ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူအရေအတွက်ကို မပြောနိုင်သော်လည်း မဥမ္မာမြင့်၊ မသန္တာအောင်နှင့် မအေးချမ်းတို့ ပါဝင်သည်ဟု ဆိုသည်။ သောကြာနေ့ ထောင်ဝင်စာတွေ့ရာတွင် မဥမ္မာမြင့်က အစားအသောက်များကို လက်မခံဘဲ
ပြန်ပေးလိုက်သည်ဟု ဆိုသည်။

အကျဉ်းဦးစီးဝန်ထမ်းတဦး အပြောအရ မဥမ္မာမြင့်နှင့် မသန္တာတို့ ကျန်းမာရေးမကောင်းဘဲ ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

သတင်းအမှောင်ချခံထားရသော ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို စိုးရိမ်ပူပန်မှုများ တိုးနေစေတော့သည်။

“ကျနော်လည်း ဒီမနက်ပဲ သိရတယ်။ လူဦးရေတော့ အတိအကျ မသိရသေးဘူးခင်ဗျ” ဟု အဆိုပါအဆောင် ၇ မှ အကျဉ်းကျနေသူ အမျိုသမီးတဦး၏ ခင်ပွန်းက မဇ္ဈိမကို ပြောဆိုသည်။

AAPP ၏ မေလ ၃ ရက် ထုတ်ပြန်သည့် စာရင်းဇယားများအရ အင်းစိန်ထောင်တွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူပေါင်း ၄၂ဝ ရှိပြီး၊ ထိုအထဲတွင် အမျိုးသမီး ၃ဝ ကျော် ပါဝင်သည်။ မြန်မာတနိုင်ငံလုံးတွင်
နိုင်ငံရေးအကျဉ်းသူ ၁၅၆ ဦးနှင့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၆၁ ဦး ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့် အကျဉ်းသားအခွင့်အရေး လျှော့ပေးမူတွင် လွတ်ရက်စေ့သော နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။

သုံးရောင်ခြယ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတဦး ပြန်လွတ်
2011-05-20 RFA

တချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့ကြတဲ့ သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့ဝင် ၈၈ မျိုးဆက်ကျောင်းသား တဦးလည်း ဖြစ်တဲ့ ကိုကျော်ဆန်းဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး မပေါ်ပေါက်ခင် စီတန်းလမ်းလျှောက်မှု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်း လှုပ်ရှားမှုတွေကြောင့် ၂၀၀၇ သြဂုတ်လအတွင်း အဖမ်းဆီးခံရကာ ထောင်ဒဏ် ၄ နှစ်ကျခဲ့ပါတယ်။

ပုဒ်မ ၅၀၅၊ ပုဒ်မ ၁၄၇ စတဲ့ နိုင်ငံတော် အကြီးအကဲတွေကို အကြည်အညိုပျက်အောင် လုပ်ဆောင်မှု ဆူပူအောင် လှုံ့ဆော်မှုတွေနဲ့ သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ စတင် ဖမ်းဆီးချိန်တုန်းက အင်းစိန်ထောင်၊ အဲဒီနောက် ကျိုင်းတုံထောင် အခုနောက်ဆုံး မိုင်းဆတ်ထောင်ကို ပြောင်းရွှေ့ခဲ့ပြီး ထောင်ဒဏ် သက်တမ်းပြည့်ဖို့ ၇ လအလိုမှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

မေလ ၁၇ ရက် ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်က မိုင်းဆတ်ထောင်က ပြန်လွတ်လာတဲ့ ကိုကျော်ဆန်း ရန်ကုန်မြို့ကိုအရောက်မှာ RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ညောင်ရွှေ ၌ မြေသိမ်းမှုဖြစ်
ဧရာဝတီ Friday, 20 May 2011 11:40 သတင်းတိုများ

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ခေါင်တိုင်ရွာသား ၅၀ ခန့်ထံမှ ဟိုပင် ဟိုတယ်က၂၀၀၇ ခုနှစ်တွင် ကိုင်းခြံမြေဧက ၁၈ ဧက ခန့်ကို သိမ်းဆည်းခဲ့ရာ ထိုကိုင်းမြေများ၌ ပြန်လည် စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားထားကြောင်း သိရသည်။

ခေါင်တိုင်ရွာသား ၁၄ ဦး လက်မှတ်ထိုးကာ ယခုလ ၁၇ ရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင် ဆိုသူက ပြောသည်။ ထိုတိုင်ကြားစာကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ် ၀န်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) စသည်တို့ အပြင် စုစုပေါင်း ၁၈ ဌာသို့ မိတ္တူ ပေးပို့ထားသည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်၏ အရေးကြီးသော လဝက ဝန်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း
နိရဉ္ဖရာ သတင်းဌာန ။ 20 မေလ 2011

ရခိုင်ပြည်နယ် အစိုးရ၏ အရေးကြီးသော ၀န်ကြီးဌာနများထဲတွင် တစ်ခု အပါအ၀င် ဖြစ်သော လူဝင်မူ ကြီးကြပ်ရေး (လ၀က) ၀န်ကြီးဌာနကို စစ်တပ် ၀န်ကြီး လက်ထဲသို့ လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" သူ့ကို ရာထူးက ဖယ်ရှားလိုက်တာတော့ မဟုတ်ပါဘူး။ သူကိုင်နေတဲ့ ၀န်ကြီးဌာန (၂) ခုထဲက အရေးကြီးတဲ့ လ၀က ၀န်ကြီးဌာနကို စစ်တပ်က လာတဲ့ ဗိုလ်မှူးကြီး ထိန်လင်း လက်ထဲကို လွဲပြောင်း လိုက်တာ ဖြစ်ပါတယ်။ သူရဲ့ သာသနာရေး ၀န်ကြီးဌာနကတော့ သူလက်ထဲမှာ ကျန်ရှိနေမှာ ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးက ပြောသည်။

ယခု လ၀က ၀န်ကြီးဌာနကို စစ်တပ် ၀န်ကြီးလက်သို့ လွှဲပြောင်းပေးလိုက်သူ ၀န်ကြီးမှာ လ၀ကနှင့် သာသနာရေး ၀န်ကြီးဌာကို ပူးတွဲ ကိုင်ထားခဲ့သူ ဦးလှဟန် ဖြစ်သည်။ ဦးလှဟန်သည် သံတွဲ အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် အမတ် ဖြစ်သည်။

ယခုကဲ့သို့ လ၀က ၀န်ကြီးဌာကို စစ်တပ် ၀န်ကြီးလက်သို့ လွဲပြောင်း လိုက်ရသည့် အကြောင်းအရင်း ကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

" ဒီဌာနက ရခိုင်ပြည်နယ်မှာတော်တော့ကို အရေးကြီးတဲ့ ဌာန ဖြစ်တယ်။ အထူးသဖြင့် ဘူးသီးတောင်နဲ့ မောင်တောဘက်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံသား ဖြစ်ရေး မဖြစ်ရေး စတဲ့ ပြဿနာတွေဟာ လ၀က ၀န်ကြီးဌာနနဲ့ သက်ဆိုင်နေတာမို့ အထူး အရေးကြီးပါတယ်။ ဒီလို ဌာနကို ဦးလှဟန်ထက် စစ်တပ် ၀န်ကြီးက ကိုင်တာဟာ ပိုသင့်တော်တဲ့ အတွက် ၀န်ကြီးဌာနကို ခုလို လွဲပေးလိုက်တာပါ" ဟု သူက ပြောသည်။

ဗိုလ်မှူးကြီး ထိန်လင်းမှာ ယခင် နယ်စပ်ရေးရာ ၀န်ကြီး ဖြစ်ပြီး ယခုအခါ ၀န်ကြီးဌာန (၂) ခုစလုံးကို ပူးတွဲ ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

" ဗိုလ်မှူးကြီး ထိန်လင်းကတော့ မျိုးချစ်စိတ် ရှိသူ တစ်ဦး ဖြစ်ပါတယ်။ လွှတ်တော်မှာလည်း အေးအေးဆေးနဲ့ ပြောဆို ဆွေးနွေးတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် လ၀က ၀န်ကြီး ဖြစ်လာတဲ့ နောက်ပိုင်းမှာ သူ့ကို ဟိုက အစာကျွေးလိုက်ရင် သူ့အနေထားက ပြောင်းလဲ သွားမလား။ ဘယ်လို ဖြစ်လာမလဲ ဆိုတာကတော့ မပြောတတ်ဘူး။ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်" ဟု ပြည်နယ် လွှတ်တော် အမတ် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင် ဘာသာဝင်များကို လက်ရှိ အစိုးရမှလည်း နိုင်ငံသား အဖြစ် အသိအမှတ် မပြုဘဲ ဧည့်နိုင်ငံသား အဖြစ် အသိအမှတ်ပြုထားပြီး လူမျိုးကိုလည်း ဘင်္ဂလီ လူမျိုးအဖြစ် အစိုးရက တရားဝင် ခေါ်ဆိုသုံးနုန်းကြောင်း သိရသည်။

ထိုမွတ်ဆလင်များ၏ နိုင်ငံသား အဖြစ် အသိအမှတ် ပြုရေး မပြုရေးမှာ အထူးအရေးကြီးသဖြင့် ယခုအခါ အရပ်ဝတ်ဖြင့် တိုင်းပြည် အာဏာကို ဆက်လက် ရယူထားသော စစ်အစိုးရ၏ ပြည်နယ် ဆိုင်ရာ စစ်တပ် ၀န်ကြီး တစ်ဦး လက်သို့ ထိုအရေးကို ကိုင်တွယ်နေသည့် လ၀က ၀န်ကြီး ဌာနကို လွဲပြောင်း ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

ရထား ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ၇ ဦး ဖမ်းဆီးထား
စည်သူ Friday, 20 May 2011 15:05 ။ ဧရာဝတီ

နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ် ရွှေမြို့နှင့် ဆင်သေ ဘူတာ အကြား မေလ ၁၈ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် အမြန်လူစီးရထားပေါ်၌ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူ ၇ ဦးကိုဖမ်းဆီးထားကြောင်း သတင်းတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ အသက် ၃၀ နှင့် ၅၀ ကြားရှိသူများဖြစ်ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ရထား၏ တွဲအမှတ် ၃ တွင် လိုက်ပါစီးနင်းလာသူများ ဖြစ်ကြောင်း၊ ၎င်းတို့အား ယနေ့ ညပိုင်း၌ နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နေပြည်တော်တွင် လုံခြုံရေးတိုးမြှင့် တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရထားပေါ်ပါ ခရီးသည် ၂ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာရရှိကြောင်းနှင့် လူနာများအား တပ်ကုန်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်ရှိ ၀န်ထမ်းတဦးက“လုံခြုံရေး တင်းကျပ်နေတယ်။ နေပြည်တော်ထဲက လမ်းတချို့မှာ လုံခြုံရေးတွေ ကင်းပုံးချထား တယ်။ ပျဉ်းမနားကော၊ တပ်ကုန်း ကော၊ လယ်ဝေးကော၊ သီရိငါးမြို့နယ်ပါ လုံခြုံရေး တင်းကျပ်ထားတယ်”ဟု ပြောပြသည်။

နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးခြင်း၊ တပ်ကုန်းမြို့ အ၀င်အထွက် ဂိတ်များတွင် ရှာဖွေစစ် ဆေးခြင်း၊ ရန်ကုန်မှ နေပြည်တော်အ၀င် စီ လမ်းဆုံထိပ်တွင် ရှာဖွေစစ်ဆေးခြင်းများပြုလုပ်လျက် ရှိကြောင်း၊ လယ်ဝေးမြို့ဗောဓိ ကုန်းလမ်းဆုံတွင်လည်း လုံခြုံရေးတပ်ဖွဲ့များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများနှင့်ဆိုင်ကယ်များကို စစ်ဆေး၍ လူအမည်၊ နေရပ်နှင့် မှတ်ပုံတင်နံပါတ်များ တောင်းယူခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“စီ လမ်းဆုံဂိတ်၊ ဗောဓိကုန်းလမ်းဆုံနဲ့ တပ်ကုန်း အင်းသာဂိတ် တွေမှာ မိုင်းရှာကိရိယာတွေသုံးပြီး ကားတွေကို ရှာဖွေနေတယ်”ဟု မန္တလေးမှ နေပြည်တော်သို့လာရောက်သူ ခရီးသည်တဦးက ပြောသည်။

နေပြည်တော်ခရိုင်တခုလုံးရှိ ဟိုတယ်၊ တည်းခိုခန်းများကိုလည်း မသင်္ကာဖွယ်ရာရှိပါက သတင်းပို့ရန်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဧည့်စာရင်း စစ်ဆေးခြင်းများပြုလုပ်ရန် ညွှန်ကြားထားကြောင်း တပ်ကုန်းမြို့ရှိ အမည် မဖော်လိုသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ပြောကြားသည်။

နေပြည်တော် လေဆိပ်တွင်လည်း လုံခြုံရေးများ အပြင် ၀န်ထမ်းတချို့ပါ ကင်းစောင့်ခိုင်းပြီး အထူးအစီအစဉ်များပြုလုပ်ထားကြောင်း လေဆိပ် ၀န်ထမ်းများက ပြောသည်။

ဝန်ကြီးများနှင့် စစ်အရာရှိများကြား အကျိုးစီးပွား အားပြိုင်နေ
ရန်ပိုင် Friday, 20 May 2011 17:04 ဧရာဝတီ

အစိုးရသစ်၏ တိုင်းဒေသကြီး ၀န်ကြီးချုပ် တချို့နှင့် စစ်ဘက်ဆိုင်ရာ တိုင်းမှူးများအကြား စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ သဘောထား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု ဧရာဝတီမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်တိုင်း အတွင်း ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်များကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးက ခေါ်ယူပြီး ဥပဒေနှင့် မညီညွတ်ဟု အကြောင်းပြကာ သတိပေးပြော ဆိုခဲ့သည့် အတွက် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် ၀န်ကြီးချုပ် အကြား မပြေမလည်ဖြစ်ခဲ့ရသည်ဟု မုံရွာမြို့ရှိ ရွှေ တူးဖော်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

“အစည်းအဝေးမှာ သတ္တုတွင်းဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ချပေးတဲ့ သူတွေကို အပြစ်မပြောဘူး၊ တိုင်းမှူးအမိန့်နဲ့ တူးတဲ့သူတွေကို ဦးသာအေး က အပြစ်ရှာကြံပြောပြီး နှိပ်ကွပ်တာကို တိုင်းမှူးက မကြိုက်တာ”ဟု ၎င်းက ဆိုသည်။

တိုင်းဝန်ကြီးချုပ် ဦးသာအေး အနေဖြင့် စစ်ကိုင်းတိုင်းအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာမှ ၀င်ရောက် စွက်ဖက်လာမည်ကို လိုလားပုံမရကြောင်း အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ခန္တီး စသည့် မြို့နယ်များနှင့် ချင်းတွင်းမြစ်ရိုးတလျှောက်တွင်တိုင်းမှူး ခွင့်ပြု ချက်ဖြင့် လည်းကောင်း၊ သတ္တုတွင်း ၀န်ကြီးဌာနခွင့်ပြုချက်ဖြင့်လည်းကောင်း ရွှေ တူးဖော်နေကြခြင်းဖြစ်ပြီး ဦးတေဇပိုင် ထူး ကုမ္ပဏီ၊ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး စသည့် လုပ်ငန်းရှင်များလည်း ၀င်ရောက် လုပ်ကိုင်လျက်ရှိသည်။

ယခုအခါ မုံရွာမြို့ စက်မှုဇုန်နှင့်ကုန်စည်ဒိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် တိုင်းမှူးအပါအ၀င် စစ်ဘက်ဆိုင်ရာအရာရှိကြီးများကို ငွေကြေး အကုန်အကျခံကာ ဂေါက်သီးကစားခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းများ မပြုလုပ်တော့ဘဲ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်သာ ပေါင်းသင်းဆက်ဆံမှုများ ပြုလုပ်တော့သည်ကို တွေ့ရကြောင်း မုံရွာမြို့ရှိ ရွှေ တူးဖော်ရေး လုပ်ငန်းရှင်က ဆက်ပြောပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ အမိန့်ဖြင့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးခဲ့ရာ အလယ် ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ ကားများလည်း ပါဝင်နေ သည့်အတွက် ဗိုလ်မှူးချုပ် ရဲအောင်က ကန့်ကွက်ပြောဆိုမှု ပြုလုပ်ခဲ့သည်ဟု မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦး ကပြော သည်။

“တိုင်းမှူးက နောင် ကားဖမ်းမယ်ဆိုရင် သူ့ကိုလည်းကြိုပြောသင့်တယ်ပြောတော့ ၀န်ကြီးချုပ် ဦးရဲမြင့်က ဘာကိစ္စ မင်းကို ပြောဖို့ လိုသလဲ ဆိုပြီး မာန်မဲတယ်”ဟု ၎င်း က ဆိုသည်။

မန္တလေးတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ သည် ယခင်က တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးများ အဆင့်ဖြင့် စစ်ဆင်ရေး အထူးအဖွဲ့ မှူး(ကစထ) တာဝန်များကို ယူခဲ့ဖူး သူများဖြစ်သည်။

စစ်အစိုးရ လက်ထက်က ဒေသဆိုင်ရာ စစ်ဘက်အရာရှိကြီးများ အနေဖြင့် ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည့် လုပ်ငန်းများကို ၎င်းတို့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်သော်လည်း ယခုအခါ ၎င်းတို့၏ အခန်းကဏ္ဍများ လျော့ကျလာကြောင်း၊ နောင်တွင် တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအကြား အကျိုးစီးပွားနှင့် ပတ်သက်ပြီး ပြိုင်ဆိုင်မှု ပို မို ပြင်းထန်လာလိမ့်မည်ဟု ထင်မြင်ကြောင်း အဆိုပါ မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။

ရထား ဗုံးကွဲမှုအပြီး နေပြည်တော်လုံခြုံရေး တင်းကျပ်
စည်သူ Friday, 20 May 2011 15:05

နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ် ရွှေမြို့နှင့် ဆင်သေ ဘူတာ အကြား မေလ ၁၈ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် အမြန်လူစီးရထားပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေပြည်တော်တွင် လုံခြုံရေးတိုးမြှင့် တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရထားပေါ်ပါ ခရီးသည် ၂ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာရရှိကြောင်းနှင့် လူနာများအား တပ်ကုန်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်ရှိ ၀န်ထမ်းတဦးက“လုံခြုံရေး တင်းကျပ်နေတယ်။ နေပြည်တော်ထဲက လမ်းတချို့မှာ လုံခြုံရေးတွေ ကင်းပုံးချထား တယ်။ ပျဉ်းမနားကော၊ တပ်ကုန်း ကော၊ လယ်ဝေးကော၊ သီရိငါးမြို့နယ်ပါ လုံခြုံရေး တင်းကျပ်ထားတယ်”ဟု ပြောပြသည်။

နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးခြင်း၊ တပ်ကုန်းမြို့ အ၀င်အထွက် ဂိတ်များတွင် ရှာဖွေစစ် ဆေးခြင်း၊ ရန်ကုန်မှ နေပြည်တော်အ၀င် စီ လမ်းဆုံထိပ်တွင် ရှာဖွေစစ်ဆေးခြင်းများပြုလုပ်လျက် ရှိကြောင်း၊ လယ်ဝေးမြို့ဗောဓိ ကုန်းလမ်းဆုံတွင်လည်း လုံခြုံရေးတပ်ဖွဲ့များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများနှင့်ဆိုင်ကယ်များကို စစ်ဆေး၍ လူအမည်၊ နေရပ်နှင့် မှတ်ပုံတင်နံပါတ်များ တောင်းယူခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“စီ လမ်းဆုံဂိတ်၊ ဗောဓိကုန်းလမ်းဆုံနဲ့ တပ်ကုန်း အင်းသာဂိတ် တွေမှာ မိုင်းရှာကိရိယာတွေသုံးပြီး ကားတွေကို ရှာဖွေနေတယ်”ဟု မန္တလေးမှ နေပြည်တော်သို့လာရောက်သူ ခရီးသည်တဦးက ပြောသည်။

နေပြည်တော်ခရိုင်တခုလုံးရှိ ဟိုတယ်၊ တည်းခိုခန်းများကိုလည်း မသင်္ကာဖွယ်ရာရှိပါက သတင်းပို့ရန်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဧည့်စာရင်း စစ်ဆေးခြင်းများပြုလုပ်ရန် ညွှန်ကြားထားကြောင်း တပ်ကုန်းမြို့ရှိ အမည် မဖော်လိုသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ပြောကြားသည်။

နေပြည်တော် လေဆိပ်တွင်လည်း လုံခြုံရေးများ အပြင် ၀န်ထမ်းတချို့ပါ ကင်းစောင့်ခိုင်းပြီး အထူးအစီအစဉ်များပြုလုပ်ထားကြောင်း လေဆိပ် ၀န်ထမ်းများက ပြောသည်။

လွင်မိုး ထီထိုးနေသည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ မေလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ရုပ်ရှင်မင်းသား လွင်မိုးကို လက်ရှိအချိန်တွင် ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မေးမြန်းထားခြင်း ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲ ထည့်ခဲ့သူအနေနဲ့ အခု ရက်ပေါင်း ၁ဝဝ အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရမှု ရှိလား။ ဘယ်လိုမြင်လဲ။

‘‘ကျနော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ စီးပွားရေးသမားတွေ ရှိတယ်။ ဒေါက်တာခင်ရွှေတို့ ယုဇန ဦးဌေးမြင့်တို့လေ။ သူတို့ကလည်း ဝင်ရောက်ပြီးတော့ လှုပ်ရှားမဲဆွယ်စည်းရုံးကြတော့ ကျနော်ကလည်း သူတို့ဘက်ကနေပြီး အကူအညီ ပေးတာပါ။ သူတို့ကတော့ ဖြည်းဖြည်းချင်းတော့ အကောင်အထည် ဖော်နေတာပဲ။ အခုကတော့ လုပ်ပိုင်ခွင့်တွေက အရင်ကထက် ပိုပြီး ကွဲကွဲပြားပြား ဖြစ်လာပါပြီ၊ ရှင်းရှင်းလင်းလင်း ဖြစ်လာတာပေါ့’’

အစိုးရသစ်က သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်အောင် လုပ်မယ်ပြောတယ်။ လာဘ်ပေးလာဘ်ယှု တိုက်ဖျက်ပစ်မယ် ပြောတယ်။ လာဘ်ပေးလာဘ်ယူက အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေတယ် ထင်လား။

‘‘သူတို့က clean government ထူထောင်နေတာဆိုတော့ သူတို့ကလည်း သူတို့လုပ်မယ့်ဟာတွေ အကုန်လုံးကို ကြေညာပြီး လုပ်မယ့် သဘောတွေ ဖြစ်လာတာပေါ့’’

‘‘ဒါတွေကတော့ ကျနော်ထင်တာကတော့ အစိုးရတခုက clean government ဖြစ်အောင် ကြေညာထားတယ်။ သူတို့ကလည်း ဒါကိုလုပ်ဆောင်မယ်ဆိုရင်တော့ ဖြည်းဖြည်းချင်းတော့ လုပ်ဆောင်သွားရမယ့် သဘောရှိပါတယ်ခင်ဗျ။ ကျနော့်အမြင် ပြောတာပါ’’

ဟိုတနေ့က လွတ်လာတဲ့ ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော်က နိုင်ငံရေးဆိုတာ လုပ်သင့်တယ်၊ မြင့်မြတ်တဲ့ အရာလို့ ပြောတယ်၊ ကိုလွင်မိုးကကော။

‘‘ဒါကတော့ ကိုယ့်ယူဆချက်နဲ့ ကိုယ်ပေါ့လေ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်လေ။ အခုကတော့ နိုင်ငံရေး လုပ်တာကို အစိုးရအနေနဲ့ တရားဝင် ကြေညာထားပြီးပြီပဲ။ ဘယ်သူမဆို နိုင်ငံရေးလုပ်ခွင့် ရှိနေပြီပဲ’’

ကိုလွင်မိုးက ဘယ်ဟာကို စိတ်အားအသန်ဆုံးလဲ။ အနုပညာရှင်အဖြစ်လား၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ်လား၊ အမတ်ဝင်ရွေးဖို့လည်း စိတ်ကူးရှိတဲ့သူအတွက် နိုင်ငံရေးလား။

‘‘အခုလောလောဆယ်တော့ ကျနော် စီးပွားရေးပဲ တစိုက်မတ်မတ် လုပ်နေတာပါ။ ဒါပေမဲ့ တကယ်တမ်း နိုင်ငံရေးလုပ်ဖို့ ဆိုတာတော့ ကျနော့်အတွေ့အကြုံ၊ ကျနော့်အယူအဆနဲ့ ဆိုရင်တော့ အများကြီး လိုပါသေးတယ်’’

နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးရင် ကောင်းမလား။

‘‘ဒါကတော့ အစိုးရပေါ်လစီတွေပေါ့၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေပေါ့’’

လတ်တလော ရွှေတူးနေတယ်လို့ ကြားတယ်၊ ဘယ်လိုအခြေအနေ ရှိပါသလဲ။

‘‘Mining ပါ။ ပြီးတော့ မိုင်းထုတ်လုပ်တဲ့ နေရာတွေမှာ စက်ရုံဆောက်တာတို့ ရင်းနှီးမြှုပ်နှံမူတွေ ကြီးပါတယ်ခင်ဗျ။ ကျနော်တို့ သူငယ်ချင်းတွေ စုဖွဲ့ပြီး လုပ်ကြတာပါ။ မြေအောက်မှာ ကြေးနီဆိုလည်း ကြေးနီ၊ ရွှေဆိုလည်း ရွှေပေါ့။ ဒီအပေါ်မှာ ကျနော်တို့ risk ယူပြီး လုပ်ရတာပါ။ Mining လုပ်တယ် ဆိုတာ ထီထိုးသလိုပဲပေါ့’’

No comments: