Sunday, May 22, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၃ ရက်)

- ခေါင်းငုံမခံတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်လည်ရရှိ
- ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား
- ယုံကြည်မှု စတင် တည်ဆောက်ဖို့ အမေရိကန်ကို မြန်မာပြော
- လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဝင်စီးဖို့ အိုဘားမား ညွှန်ကြားမည်
- လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ အကျဉ်းသားမိသားစုတွေ တောင်းဆို
- ကျောင်းဖွင့်ရာသီ ကျောင်းမတက်နိုင်တဲ့ ကလေးသူငယ် များလာ
- ချင်းပြည်နယ် အဓမ္မ လုပ်အားပေးခိုင်းစေမှု ILO ကွင်းဆင်းလေ့လာ
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ အလျင်မပြတ် လှုပ်ရှားနေ
- တိုင်းဒေသကြီးနဲ့ ပြည်နယ် သယံဇာတ အခွန်ကောက်ရေး လက်တွေ့ မလုပ်နိုင်သေး
- ဈေးနှိပ်ဝယ်ယူခြင်းကြောင့် ပဲစိုက်တောင်သူများ အရှုံးပေါ်နေရ

ခေါင်းငုံမခံတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်လည်ရရှိ
2011-05-22 RFA

စက်မှုဇုံ ထူထောင်ဖို့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဇေကမ္ဘာ ကုမ္ပဏီက မတန်တဆ ဈေးနှိမ်ပြီး ဝယ်ယူတာကို မရောင်းဘဲ တင်းခံနေတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေပြန်ရပြီလို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် ဇေကမ္ဘာ ကုမ္ပဏီက ပေးတဲ့ လျော်ကြေးယူထားတဲ့ လယ်မြေဧက ၈ဝဝ ကျော်ထဲက လယ်သမားတွေ နာမည် ပေါက်တဲ့ လယ်ယာမြေတွေကိုလည်း လယ်သမားတွေရဲ့ နာမည်နဲ့ပဲ သီးစား ပြန်တင်ခိုင်းတယ်လို့ သိရပါတယ်။

ပေါင်းကူကျေးရွာနဲ့ ဘားလားကျေးရွာ အကြားက လယ်မြေတွေမှာ လုပ်ကိုင်နေတဲ့ လယ်သမားတွေကို တဧက ငွေ ၃ သိန်း၊ နွေစပါးစိုက်တဲ့ လူတွေကို ငွေ ၄ သိန်း ပေးပြီး ဝယ်ယူတဲ့ သတင်းကို အာအက်ဖ်အေက မတ်လ က ထုတ်လွှင့်ခဲ့ပြီး မေလ မှာတော့ ဒီ လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေးခဲ့တဲ့အပြင် လယ်သမား ၆၄ ယောက်ကို ခေါ်ယူ စစ်ဆေးတာကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။

ဒီနောက် မေလ ဆန်းပိုင်းမှာ လယ်သမားတွေကို လယ်စိုက်ခွင့် ပြန်ပေးလိုက်တဲ့အတွက် တချို့ လယ်သမားတွေ စတင် ထွန်ယက်နေကြပြီလို့ သိရပါတယ်။

လယ်သမား ၁၂ဝ လောက် ထွန်ယက် လုပ်ကိုင်နေတဲ့ လယ်ဧက တထောင်ကျော်ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူပြီး စက်မှုဇုံအဖြစ် အကောင်အထည် ဖော်ရာမှာ မတန်တဆ ဈေးပေးပြီး ဝယ်ယူတာကို လယ်သမား ၁ဝ ယောက် လောက်ကသာ လက်မခံဘဲ တင်းခံခဲ့တာပါ။ အများစုကတော့ အရှိန်အဝါကို ကြောက်လို့ လျော်ကြေး ယူလိုက်ရပေမယ့် ကိုယ့်လယ်မှာ ကိုယ် ထွန်ယက် စိုက်ပျိုးချင်ကြတဲ့အကြောင်း လယ်သမားတွေက ပြောပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီဟာ စက်မှုဇုံ ထူထောင်ဖို့အတွက် လျှပ်စစ်မီးတိုင်တွေ ထူပြီး လမ်းတွေ ခင်းနေပါတယ်။ လယ်သမားတွေက တိုင်ကြားလို့ သက်ဆိုင်ရာက စစ်ဆေးချိန်အထိ မီးတိုင်တွေ ဆက်ထူ၊ လမ်းတွေ ဆက်ခင်း နေပေမယ့် ခုတော့ ဒီလုပ်ငန်းတွေ ရပ်သွားပြီလို့ သိရပါတယ်။

ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား
ဟိန်းသူ Saturday, 21 May 2011 23:07

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ခေါင်တိုင်ရွာမှ ကိုင်းခြံမြေများ အသိမ်းခံခဲ့ရသည့် ရွာသားများက ၎င်းတို့ ကိုင်းမြေများ ပြန်လည်ရရှိရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားကြောင်း သိရသည်။

ခေါင်တိုင်ရွာသား ၅၀ ခန့်ထံမှ ဟူပင် ဟိုတယ်က၂၀၀၇ ခုနှစ်တွင် ကိုင်းခြံမြေဧက ၁၈ ဧကခန့်ကို သိမ်းဆည်းခဲ့ခြင်းနှင့်ပတ်သက်ပြီး မြေပိုင်ရှင် ခေါင်တိုင်ရွာသား ၁၄ ဦး လက်မှတ်ထိုးကာ မေလ ၁၇ ရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ခဲ့ခြင်းဖြစ်သည်ဟု ယင်း အမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင် ဆိုသူက ပြောသည်။

ထိုတိုင်ကြားစာကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ် ၀န်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) စသည်တို့ အပြင် စုစုပေါင်း ၁၈ ဌာသို့ မိတ္တူ ပေးပို့ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်နယ် အာဏာပိုင်များထံ သွားရောက် တိုင်တန်းသည့်နေ့တွင် အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဦးဆောင် တိုင် တန်းသူတချို့နှင့် လိုက်လံ ဆောင်ရွက်ပေးနေသူများအား လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

“အင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ကျနော်တို့ကို တွေ့ခွင့်ပေးတယ်။ ဟိုတယ်လုပ်ငန်းရှင်နဲ့ ညှိနှိုင်းပေးပါ့မယ်လို့ ကတိ တော့ ပေးသွားပါတယ်။ ဘယ်တော့ ညှိနှိုင်းပေးပါ့မယ်ဆိုတဲ့ ရက်ချိန်းကိုတော့ မပေးပါဘူး။ ဘယ်လို ညှိနှိုင်းပေးမယ်လို့လဲ ပြော မသွားဘူး”ဟု ကိုချစ်ဦးမောင်က ပြောပြသည်။

ဟူပင် ဟိုတယ်မှာ၂၀၀၇ ခုနှစ်ကတည်းက ယင်းကိုင်းခြံမြေများကို သိမ်းဆည်းထားသော်လည်း ထိုအချိန်က မည်သည့်နေရာ တိုင် ကြားရမည်ကို မသိဘဲဖြစ်ခဲ့ရသည့်အတွက် ယခုအချိန်မှ တိုင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ရွာသား ၅၀ အနက် ကိုင်းခြံမြေအတွက် နှစ်စဉ် အခွန်အခပြေစာများ လက်ဝယ်ရှိသူတချို့က ဦးဆောင် စုပေါင်းကာ တိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြေတိုင်းဦးစီးဌာန နှင့် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ ညောင်ရွှေမြို့၌ စိုက်ပျိုး လုပ်ကိုင်နေသော ကိုင်းခြံမြေများကို တရားဝင် အမည်ပေါက် လုပ်ကိုင်နိုင်ရန် ၁၉၉၄ ခုနှစ်ကတည်းက ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုဒေသ၌ မြေတဧကလျှင် ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့် ပေါက်ဈေးရှိနေကြောင်း ကိုချစ်ဦးမောင်က ပြောသည်။

သို့သော် ကိုင်းခြံမြေများ ပြန်လည်စိုက်ပျိုးခွင့်ရရှိရန်အတွက်သာ အဓိက မျှော်လင့်ချက်ထားကြောင်း မြေသိမ်းခံရသည့် ရွာသား တဦးက ပြောပြသည်။

“အရင်တုန်းက အာလူးစိုက်တာပါ။ ကိုင်းမြေ အသိမ်းခံလိုက်ရပြီးတဲ့ နောက်ပိုင်း မရပ်တည်နိုင်တော့လို့ ကျနော့်သမီး ကျောင်းထွက် လိုက်ရတယ်။ အဲဒီအချိန်က ၈ တန်းကျောင်းသူပါ”ဟု ၎င်းက ဆိုသည်။

ကိုင်းခြံမြေများ အသိမ်းခံလိုက်ရသည့် ရွာသားများမှာ နောက်ပိုင်းတွင် အခြားမြေပိုင်ရှင်များထံသို့ သွားရောက်ကာ အလုပ်လုပ်ကြ ရကြောင်း သိရသည်။

ယခု ကိုင်းခြံမြေသိမ်းမှုနှင့် ပတ်သက်၍ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်ဆီ ဆက်သွယ်ရာ ရုံးဝန်ထမ်းမှ ခရီးထွက်နေ ကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး ဟူပင် ဟိုတယ်သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ဟူပင် ဟိုတယ် သည် အင်းလေး ခေါင်တိုင် အပြင် ညောင်ရွှေမြို့ပေါ်တွင်လည်း ဆောက်လုပ်ထားပြီး ပိုင်ရှင်မှာ ယခင် နအဖခေတ် စစ်ဗိုလ်ချုပ်များ နှင့် ပတ်သက်သည့် တရုတ်လူမျိုးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

ယုံကြည်မှု စတင် တည်ဆောက်ဖို့ အမေရိကန်ကို မြန်မာပြော
2011-05-22 RFA

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ဆိုရင် ‘Burma’ ဆိုတဲ့ အခေါ်အဝေါ် အစား နိုင်ငံရဲ့ တရားဝင် နာမည်ဖြစ်တဲ့ ‘မြန်မာ’ ကို သုံးစွဲတာမျိုးက အစ ယုံကြည်မှု တည်ဆောက်ကြဖို့ လိုမယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အမေရိကန် အာရှ- ပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန် နဲ့ တွေ့ဆုံရာမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်က ရေးသားလိုက်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်လာရေးမှာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ထားမှုက အကြီးမားဆုံး အဟန့်အတားကြီး ဖြစ်နေကြောင်း၊ နှစ်ဘက်ဆက်ဆံရေးမှာ ကြိုတင် သတ်မှတ်ချက်တွေကို မြန်မာဘက်က လက်ခံမှာ မဟုတ်ကြောင်း၊ ပထမဆုံးအနေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုကြောင်း၊ ဒါမှသာ နှစ်ဦးနှစ်ဘက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံ အပြန်အလှန် လေးစားကြောင်း ပြသဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ တရားဝင်နာမည် ဖြစ်တဲ့ ‘မြန်မာ’ ဆိုတဲ့အမည်ကို သုံးစွဲဖို့လည်း မြန်မာဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အခုလို ပြောပါတယ်။

‘တချို့ကတော့ အရင်တုန်းက ခေါ်တဲ့ ‘Burma’ ကို အမှတ်တမဲ့ သဘောပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် ခေါ်ကြပြောကြတဲ့ သဘောမျိုး ရှိတာပေါ့။ လူတွေ အသက်ကြီးမှ နာမည်ပြောင်းတဲ့ သဘောမျိုးပါပဲ။ ဗမာအစိုးရ အနေနဲ့ကလည်း ဒါက လက်မခံနိုင်ဘူး၊ သို့သော်လည်း အမေရိကန် အစိုးရ အနေနဲ့က ခုနက ပြောတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်လောက်ကို အမြန်ဆုံး လွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက် ရှိနေတော့ ဒီတောင်းဆိုချက်ကို ဘာမှ မဖြစ်စလောက်နဲ့ တနှစ်အောက် သဘောမျိုးသာ လွှတ်တယ်ဆိုတော့ နိုင်ငံရေးသမား မပါသလောက်ပဲ၊ ၂ ထောင်လောက်မှာ လေးဆယ် ငါးဆယ်လောက်ပဲ ပါတယ်။ ဆိုတော့ အမေရိကန်ကလည်း ဆက်ပြီးတော့ လုပ်နေကျအတိုင်းပေါ့ဗျာ၊ အရင်တုန်းက နာမည်ဟောင်းကို ပြန်ပြီး ခေါ်တဲ့သဘောမျိုးပါ’

အမေရိကန် အစိုးရကတော့ မကြာခင်ကပဲ စီးပွားရေးပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ် ထပ်တိုးလိုက်ပြီး၊ မြန်မာနိုင်ငံတွင်း အခြေအနေတွေ တိုးတက် ကောင်းမွန်လာမှသာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လိုအပ်ရင် ဘင်လာဒင်လိုမျိုး နောက်ထပ်ဝင်စီးဖို့ အိုဘားမား ညွှန်ကြားမည်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 22 မေ 2011

အယ်လ်ခိုင်းဒါး (Al Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို သုတ်သင်ခဲ့သလို လိုအပ်ရင် ပါကစ္စတန်နိုင်ငံကို နောက်တကြိမ် ၀င်ပြီး စီးနင်းတိုက်ခိုက်တာတွေ လုပ်ဖို့ အမိန့်ပေးမှာပဲလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ BBC သတင်းဌာနနဲ့ အမေးအဖြေမှာ သမ္မတ အိုဘားမားက ဒီကနေ့ ပြောခဲ့တာပါ။

ပါကစ္စတန်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က လေးစားတယ် ဆိုပေမဲ့ သူ့အစိုးရ အဖွဲ့ရဲ့ အလုပ်က အမေရိကန် ပြည်ထောင်စုကို လုံခြုံအောင် ဆောင်ရွက်ဖို့ပဲလို့ ဆိုပါတယ်။
ကျနော်တို့ရဲ့ ပြည်သူတွေ ဒါမှမဟုတ် ကျနော်တို့ရဲ့ မဟာမိတ်တွေကို သတ်ဖြတ်ဖို့ စီစဉ်နေတဲ့သူတွေ အဲဒီမှာ ရှိနေရင် ပါကစ္စတန်ကို နောက်တကြိမ် ၀င်ပြီး တိုက်ခိုက်ဖို့ ခွင့်ပြုမှာပဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

မေလ ၂ ရက်နေ့တုန်းက အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ ပါကစ္စတန်နိုင်ငံ အဘော့တာဘတ် (Abbottabad) မြို့က အိုစမာ ဘင်လာဒင် ရှိနေတဲ့ အိမ်ကို ၀င်ရောက်စီးနင်းပြီး သုတ်သင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက် နောက်ပိုင်း အမေရိကန်နဲ့ ပါကစ္စတန်အကြား ဆက်ဆံရေးက ခပ်တန်းတန်း ဖြစ်လာခဲ့တာပါ။

အာဖဂန်နစ္စတန်က တိုက်ပွဲတွေ အဆုံးသတ်ရေး ကြိုးပမ်းတဲ့ အနေနဲ့ တာလီဘန်တွေနဲ့ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်၊ ဒါပေမဲ့ တာလီဘန် ခေါင်းဆောင်တွေဘက်က အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်တွေကို အရင်ဖြတ်ရမယ်လို့ သမ္မတ အိုဘားမားက BBC နဲ့ အမေးအဖြေမှာ ပြောခဲ့ပါတယ်။ ဗြိတိန်နိုင်ငံကို မသွားခင် သမ္မတ အိုဘားမား အခုလို ပြောဆိုခဲ့တာပါ။

ဒီကနေ့ နှောင်းပိုင်းမှာ သမ္မတ အိုဘားမား ပြင်သစ်၊ ပိုလန်နဲ့ အိုင်ယာလန်နိုင်ငံတွေ အပါအ၀င် ဥရောပ နိုင်ငံတွေဆီ ခရီးထွက်ပါလိမ့်မယ်။

သမ္မတ ဦးသိန်းစိန် အပြောနဲ့အလုပ် မကိုက်ညီဟု UNA ဝေဖန်
By မသင်းသီရိ တနင်္ဂနွေ, 22 မေ 2011

နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် ထည့်သွင်း စဉ်းစားထားတာ မရှိတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ သမ္မတ ဦးသိန်းစိန် ပထမဆုံး နိုင်ငံတော်ကို ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ လွဲနေတယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) က ဝေဖန် ထောက်ပြလိုက်ပါတယ်။

ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားရပ်နဲ့ ညီအောင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် ပြန်စဉ်းစားစေလိုတဲ့ စာကိုလည်း သမ္မတ ဦးသိန်းစိန်ဆီကို ပေးပို့ထားပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၁၆ ရက်နေ့က သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာဟာ စကားရပ်နဲ့ လွဲနေပြီး ပြစ်ဒဏ်လျှော့ပေးမှုသာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ဝေဖန် ထောက်ပြနေကြတာပါ။ မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့အညီ နိုင်ငံတော်ကို ထူထောင်မယ်လို့ မတ်လ ၃၀ ရက်နေ့က သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုအပြီး ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ ကတိစကားတွေနဲ့ အခု လုပ်ဆောင်ချက်တွေဟာ လွဲချော်နေတယ်လို့ UNA ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့က ထောက်ပြပါတယ်။

နိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်လာဖို့က အဓိကကျတဲ့ အချက်ထဲမှာ ပါတယ်လို့ UNA အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

“နိုင်ငံတော် သမ္မတ ပထမမိန့်ခွန်းထဲမှာ Good Governance တို့၊ Clean Government တို့ပြောတာ အဲဒီဥစ္စာတွေနဲ့ ကွာဟမှု ဖြစ်နေတယ်။ ကျနော်တို့ မျှော်လင့်တဲ့အတိုင်း မဟုတ်ဘူး။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား လိုအပ်တဲ့အတိုင်း ဖြစ်မလာတော့ အဲဒါ ပြန်လည် စဉ်းစားပေးပါ။ ပြည်သူလူထု တောင်းဆိုတဲ့အတိုင်း ဒီဥစ္စာကို တကယ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပီပီသသဖြစ်အောင် ပြန်ပြီးတော့ စဉ်းစားပြီးတော့ လုပ်သင့်တဲ့အကြောင်း၊ တကယ်လို့များ လက်မခံဘူးဆိုရင် ကျနော်တို့ တည်ဆောက်လိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တော်တော်လေး အလှမ်းဝေးတဲ့သဘော ဖြစ်သွားမှာပေါ့လေ။ အဲဒါကို ကျနော်တို့ Statement ထုတ်ပါတယ်။”

နိုင်ငံရေး အကျဉ်းသား အားလုံးအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို သုံးသပ်ရင်း အားလုံး တောင်းဆိုနေတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ပြန်လည်စဉ်းစားဖို့ ဒီ UNA အဖွဲ့က သမ္မတ ဦးသိန်းစိန်ဆီကို ပြီးခဲ့တဲ့ မေလ ၂၀ ရက် သောကြာနေ့က စာပို့ထားပါတယ်။ UNA အဖွဲ့ဟာ ရှမ်း၊ ကချင်၊ မွန်၊ ဇိုမီးနဲ့အတူ ကရင်တိုင်းရင်းသား အဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား အဖွဲ့တခုလည်း ဖြစ်ပါတယ်။

မြန်မာ နှစ်ဆန်းတရက်နေ့က စလို့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ လူထုအခြေပြု လူမှုကွန်ရက်တွေကနေ အစပြုခဲ့တဲ့ ဒီလှုပ်ရှားမှုအတွင်းမှာ NLD လို ပါတီကြီးတွေအပြင် လူမှုရေးအဖွဲ့တွေ၊ တခါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် တိုင်းနဲ့ ပြည်နယ်တွေကပါ ပူးပေါင်းပါဝင်ပြီး သမ္မတဆီကို တောင်းဆို ဆန္ဒပြုတဲ့ လက်မှတ်တွေ ပေးပို့နေတာပါ။

မကြာသေးခင်က မြန်မာနိုင်ငံကို လာသွားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကရော၊ တခါ အမေရိကန် နိုင်ငံခြားရေးဌာနက ဒု-လက်ထောက် ၀န်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) တို့ကပါ အစိုးရကို တိုက်တွန်းချက်တွေထဲ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ကိစ္စ အဓိက ပါပါတယ်။

အထူးသဖြင့်တော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတဲ့ မြန်မာအစိုးရ အနေနဲ့ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ရှိကြောင်း သက်သေပြနိုင်ဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးတာဟာ အခြေခံကျတဲ့ အချက်ထဲမှာ ပါတယ်လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူထဲက တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတရပ် ဖြစ်ဖို့ဆိုရင် ဟန်ပြ ဆောင်ရွက်နေလို့ မရပါဘူး။ အဲဒီ ဟန်ပြ ဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာရပ်တွေကို မပြေလည်နိုင်ပါဘူး။ အဲဒီ ပြည်တွင်းရေး ပြဿနာတွေ မပြေလည်မချင်း မြန်မာနိုင်ငံ အတွင်းမှာ တည်ငြိမ်မှုတွေ မရနိုင်သလို ဒေသတွင်း လုံခြုံမှုကလည်း မဖြစ်နိုင်ပါဘူး။

“ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ရုပ်ပြ ဆောင်ရွက်နေမှုတွေကို နိုင်ငံတကာက ဆက်ပြီး တကယ် စစ်မှန်တဲ့ ဖြစ်ပေါ်မှုတွေ ဖြစ်ဖို့အတွက် တောင်းဆိုသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ရှေ့ဆက်သွားမယ့် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်မှာ အခု မြန်မာအစိုးရက အပေါင်းလက္ခဏာဆောင်တဲ့ သဘော မဟုတ်ဘူးလို့ ကျနော်တို့ကတော့ သုံးသပ်မိပါတယ်။ ဒါကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်မှုမျိုးတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ ဆက်လက် ဖိအားပေး ဆောင်ရွက်သွားမှာပါ။”

ဒီလှုပ်ရှားမှုကို နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတဲ့အထိ ဆက်လက် အရှိန်မြှင့် လှုပ်ရှားသွားမယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ မြန်မာအစိုးရက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ လက်ခံမှုရအောင် ကြိုးစားချင်တဲ့အထဲ အခုလို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးတယ်ဆိုတဲ့ ခြေလှမ်းတွေနဲ့ စတင်သင့်တယ်လို့လည်း ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ အကျဉ်းသားမိသားစုတွေ တောင်းဆို
2011-05-22 RFA

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့တဲ့အတွက် ပြည်တွင်းပြည်ပမှာ ဝေန်ပြောဆိုတာတွေ ရှိနေသလို မကြာခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းကျဆဲ အကျဉ်းသားတွေရဲ့ မိသားစုတွေ ကပါ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုနေကြပါတယ်။

အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။

ပခုက္ကူအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကျင်လှိုင်က နိုင်ငံရေးအကျဉ်းသား အများစုဟာ နှစ်ကြီးသမားတွေ ဖြစ်လို့ မိသားစုလိုက် ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အများကြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။

အလားတူပဲ လက်ရှိ ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးဟာ အပြစ်မရှိဘဲ အကျဉ်းကျနေကြတာ ဖြစ်ကြောင်း၊ မိသားစုတွေရဲ့ သောကကို ကိုယ်ချင်းစာကြည့် စေလိုကြောင်း၊ ရမည်းသင်းထောင်မှာ ထောင်ဒဏ်ကျနေတဲ့ ကိုနေဇာမျိုးဝင်းရဲ့ မိခင် ဒေါ်လှလှဝင်း က ပြောပါတယ်။

“အကုန်လုံး လွှတ်ပေးမယ်လို့ ထင်တာပေါ့နော်။ စစ်အစိုးရလက်ထက်မှာလည်း အဲဒီလိုမျိုး ရှိခဲ့တာ ဆိုတော့၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ အကုန်လုံးကို လွှတ်လိမ့်မယ်လို့ အဲဒီလို တွေးထားတာ။ ရွေးကောက်ပွဲ ပြီးကတည်းက နိုင်ငံရေးသမားတွေနဲ့ အကျဉ်းကျတွေ အားလုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်က တနှစ်ပဲ ပေးတယ်ဆိုတော့ ကိုယ့်သားသမီးတွေနဲ့ နှစ်ကြီးသမားတွေ ပါမလာတဲ့အတွက် အရမ်းကို စိတ်မကောင်း ဖြစ်ကြတယ်။ မျှော်လင့်ပါတယ် အခုပေါ့နော်။ ကိုယ်လည်းပဲ ကိုယ့်သားလေးကို လွတ်စေချင်တယ်၊ အကုန်လုံးကိုလည်း လွှတ်ပါလို့ ပြောချင်ပါတယ်၊ တောင်းဆိုချင်ပါတယ်”

အလားတူပဲ အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ NLD လူငယ် ကိုညီညီအောင်ကလည်း ထောင်ထဲမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ၊ မလွတ်သေးတဲ့ သူတွေအတွက် ဆက်ပြီး နိုင်ငံရေးကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကျောင်းဖွင့်ရာသီ ကျောင်းမတက်နိုင်တဲ့ ကလေးသူငယ် များလာ
2011-05-22 RFA

ဇွန်လ ၁ ရက်နေ့မှာ ဖွင့်မယ့် မြန်မာနိုင်ငံတဝှမ်းက အခြေခံပညာ ကျောင်းတွေမှာ မနေ့က စပြီး ကျောင်းသား လက်ခံနေပေမယ့် ဆင်းရဲချို့တဲ့မှုကြောင့် ကလေးအတော်များများ ကျောင်းမအပ်နိုင်ကြဘူးလို့ စုံစမ်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့- ယူနီဆက်ရဲ့ မြန်မာကလေးများ ပညာရေး အကြောင်း လက်တလော သုံးသပ်ချက်ထဲမှာကတော့ မြန်မာနိုင်ငံမှာ မူလတန်းကျောင်းကို လာအပ်တဲ့ အရေအတွက် များလာပေမယ့် အဲဒီထဲက ကလေးတဝက်လောက်သာ မူလတန်းပညာရေးကို ပြီးမြောက်ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အထက်တန်းပညာရေး မပြီးမြောက်ဘဲ ကျောင်းထွက်တဲ့ ကလေး အရေအတွက်လည်း ပိုများလာတယ်လို့ ဆိုပါတယ်။

ဒီလို မြန်မာကလေးတွေ ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းမနေနိုင်တာဟာ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပြီး ကလေးတွေဟာ မိသားစု စားဝတ်နေရေးကို ကူညီဖြေရှင်းဖို့ စာသင်ခန်းက ထွက်ပြီး အလုပ် လုပ်နေရတယ်လို့ ယူနီဆက်က သုံးသပ်ထားပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ဆင်းရဲလို့ ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်ဆိုတာကို ဝန်ခံ ပြောကြားခဲ့ပြီး အဲဒီကလေးတွေကို စာရင်းကောက်ပြီး ကျောင်းထားပေးမယ်လို့ ပြောပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး ကတော့ ကျောင်းသားတွေ ကျောင်းမတက်နိုင်တာဟာ ကျောင်းလခနဲ့ အပိုကြေးတွေ ကောက်ခံနေတဲ့ ကျောင်းတွေကြောင့်လို့ ပြစ်တင်ပြောဆိုလိုက်ပြီး အပိုကြေးကောက်တဲ့ ကျောင်းတွေကို တိုင်ကြားရင် အရေးယူမယ်လို့ ပြောကြားထားပါတယ်။

ချင်းပြည်နယ် အဓမ္မ လုပ်အားပေးခိုင်းစေမှု ILO ကွင်းဆင်းလေ့လာ
2011-05-22 RFA

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ဟာ ချင်းပြည်နယ်မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး ချင်း ပြည်နယ် အာဏာပိုင်တွေကို မေလ ၁၈ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာကို ကြိုဆို ကြောင်း CHRO ခေါ် ချင်း လူ့အခွင့်အရေး အဖွဲ့က မေ ၂၁ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ပြည်နယ်ရဲ၊ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ စတဲ့ ဒေသခံ အာဏာပိုင် စုစုပေါင်း ၁၆ဝ ကျော်နဲ့ ILO အဖွဲ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ILO က တရားဝင် ထုတ်ပြန်ထားတဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်တွေကို ချင်းပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမယ်လို့ ဒေသခံ အာဏာပိုင်တွေဘက်က အဲဒီ တွေ့ဆုံပွဲမှာ ILO ကို ကတိပေးခဲ့တာ ကြားသိရကြောင်း CHRO အဖွဲ့ရဲ့ ပြောခွင့်ရသူ ဆလိုင်းဘာဝီ လျံမန်းက ပြောပါတယ်။

“ILO အနေနဲ့ ချင်းပြည်နယ်မှာ အတင်းအဓမ္မ ခိုင်းစေမှု အခြေအနေ တော်တော်လေး စိုးရိမ်ရတဲ့ အဆင့်မှာ ရှိတယ်ဆိုတာ သဘောပေါက်တယ်။ အဓိကအားဖြင့် စစ်တပ် မတန်တဆ တိုးချု့မှုကြောင့် ဖြစ်ပေါ်နေတဲ့ ခိုင်းစေမှုတွေက များပါတယ်”

ချင်းပြည်သူ ၉ဝ ရာခိုင်နှုန်းလောက်ဟာ အစိုးရ အာဏာပိုင်တွေရဲ့ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ CHRO အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို အဓမ္မ ခိုင်းစေမှုတွေ ဖြစ်ပွားနေတဲ့ အဓိက အကြောင်းကတော့ ချင်းပြည်နယ်မှာ လုံခြုံရေး အကြောင်းပြပြီး စစ်တပ်စခန်းတွေနဲ့ လမ်းတွေ အဆောက်အဦတွေ ဖောက်လုပ် တည်ဆောက်လာတာကြောင့် ဖြစ်တယ်လို့ CHRO အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ILO အဖွဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က CHRO အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဆလိုင်းဘာဝီလျံမန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ အလျင်မပြတ် လှုပ်ရှားနေ
2011-05-22 RFA

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ရန်ကုန် တောင်ဒဂုံမြို့နယ် အောင်ဘောဂ စေတီမှာ အင်္ဂါ ဝတ်ပြုဆုတောင်း အဖွဲ့က ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပါဝင်သူ အယောက် ၃ဝ လောက် ရှိပြီး သူတို့ ဆုတောင်းနေချိန်မှာ အာဏာပိုင်တွေက ဝိုင်းထားပြီး စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က ဦးသိန်းအောင်က အခုလိုပြောပါတယ်။

“အင်္ဂါမိသားစုက ဦးဆောင်ပြီး အောင်ဘောဂ စေတီမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်တယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မာဇဒါဂျစ်နဲ့ လာပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ (၃)၊ နောက် ပြည်သူ့ စွမ်းအားရှင်လည်း ပါတယ်။ သူတို့ အင်အား ၃ ရာလောက်က ဘုရားပတ်လည်မှာ ဝိုင်းထားတယ်”

ထောက်လှမ်းရေးတွေက ဝတ်ပြု ဆုတောင်းသူတွေကို ဓာတ်ပုံရိုက်ကြတယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။

အင်္ဂါ ဝတ်ပြုဆုတောင်းပွဲ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့ နှစ်တွေတုန်းက ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကို အပတ်စဉ် ပြုလုပ်ခဲ့ကြတာပါ။ အခုလည်း အဲဒီ အဖွဲ့ဝင်တွေကပဲ ဆက်လက် လှုပ်ရှားကြတာလို့ သိရပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၅ဝ ပတ်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့ အသီးသီးက ပြစ်တင် ဝေဖန်နေကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် သယံဇာတ အခွန်ကောက်ရေး လက်တွေ့ မလုပ်နိုင်သေး
By မသိင်္ဂီထိုက် တနင်္ဂနွေ, 22 မေ 2011

မြန်မာနိုင်ငံမှာ အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို သူတို့ ဒေသဆိုင်ရာအလိုက် သဘာဝ အရင်းအမြစ်တွေက ရရှိတဲ့ ၀င်ငွေတွေပေါ်မှာ အခွန်ကောက်ခံတာ အပါအ၀င် အခွန်အခ ၁၉ မျိုးကို ကောက်ခံခွင့် ပေးထားပါတယ်။

ဒါပေမဲ့ အခုချိန်ထိ အခွန်နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွင်း ဆွေးနွေးတာ ပြင်ဆင်နေတာမျိုး မရှိသေးတဲ့အပြင် အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ အပြည့်အ၀ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက သက်ဆိုင်ရာ ဒေသတွင်းမှာ ရှိနေတဲ့ သတ်မှတ်ထားတဲ့ သစ်တောတွေ၊ ကုန်းတွင်းနဲ့ ကမ်းလွန် ငါးဖမ်းလုပ်ကွက်တွေ၊ ရတနာသိုက်တွေက ရတဲ့ အခွန်အခတွေကို ကိုယ်ပိုင် ကောက်ယူခွင့် ရရှိမယ်လို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေ ဖွဲ့စည်းပြီး အခုချိန်ထိအောင် အခွန်နဲ့ ပတ်သက်လို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“အခွန်အခနဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေထဲမှာ တရား ၅ ဆိုတာ ပါတယ်ဗျ၊ အဲဒီ တရား ၅ အတိုင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရက ကောက်ခံခွင့် ရှိတာပေါ့။ နောက်ပိုင်း စပြီးတော့ ဆောင်ရွက်မှာပါ။ ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်ဆိုတော့ ဒါ လုပ်ရမှာပေါ့။ အခုကတော့ နည်းနည်း စောပါသေးတယ်။”

တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက ဒေသတွင်းက စီးပွားရေး လုပ်ငန်းတွေ၊ သဘာဝ အရင်းအမြစ်တွေဆီက ၀င်ငွေတွေကနေ အခွန်အကောက်တွေကို ဥပဒေအရ သုံးစွဲခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခွန်နဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“အခုလောလောဆယ် မရှိသေးပါဘူး။ နောက်ပိုင်းကျရင် ကျနော်ထင်တာ ပြည်နယ်လွှတ်တော်ထဲမှာ ဆွေးနွေးပြီး သတ်မှတ်လို့လည်း ရတာပဲလေ။ ပြည်နယ်လုပ်ပိုင်ခွင့်ဆိုတော့ ပြည်နယ်လွှတ်တော်က လုပ်လို့ရတာပဲလေ။”

တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေက ကောက်ခံခွင့်ရမယ့် အခွန်တွေမှာ မြေယာခွန်၊ ယစ်မျိုးခွန်၊ သတ်မှတ်ထားတဲ့ ဆည်၊ တာတမံခွန်၊ ရေအားလျှပ်စစ် သုံးစွဲခ၊ လမ်းတံတား ဖြတ်သန်းခ၊ ငါးဖမ်းလုပ်ငန်းခွန်၊ ဒေသတွင်း ၀န်ဆောင်မှု လုပ်ငန်းခွန်၊ သစ်တောခွန်၊ ရတနာသိုက်တို့မှ ကောက်ယူရရှိမယ့် အခွန် အပါအ၀င် အခွန်အခ ၁၉ မျိုး ကောက်ယူခွင့် သတ်မှတ်ထားပေမဲ့ အခုချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် မပေးသေးတာ ဖြစ်တယ်လို့ အစိုးရ အဖွဲ့ဝင်တွေက ပြောနေကြပါတယ်။

ဈေးနှိပ်ဝယ်ယူခြင်းကြောင့် ပဲစိုက်တောင်သူများ အရှုံးပေါ်နေရ
ရိုးမ 3 ။ ၂၂ ရက် မေလ 20111

ကုန်သည်များ ဈေးနှိပ်ဝယ်နေခြင်းနှင့် မိုးကျစောခြင်းတို့ကြောင့် ပဲစိုက်တောင်သူများ အရှုံးပေါ်ကာ ဒုက္ခရောက်နေရကြောင်း ဒေသခံ တောင်သူတဦးက ပြောသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ပဲစိုက်တောင်သူများမှာ မတ်ပဲများ မိုးမိသဖြင့် ကုန်သည်များက ဈေးနှိပ်ဝယ်ယူမှုကြောင့် ယခုကဲ့သို့ ဒုက္ခရောက်နေရခြင်း ဖြစ်သည်။
“မတ်ပဲဈေးက မနှစ်က တတင်းကို သုံးသောင်းရှစ်ထောင်ငါးရာ၊ သုံးတင်းဈေး တသိန်းခုနှစ်ထောင်၊ အခု သုံးတင်းဈေး ခြောက်သောင်း၊ အဲဒါနည်းနည်းပြန်တက်လာတာ၊ အဆင်မပြေကြဘူး၊ အခုပဲတွေက ရေစိုတာရော ဘာရောနဲ့ တတင်းကို တသောင်းရှစ်ထောင်လောက်ဘဲ ဝယ်တယ်၊ နောက်ဆုံး တောင်သူဘဲ ခံရတာ” ဟု ပြောသည်။

အချို့နေရာများတွင် ကုန်သည်များက မတ်ပဲ တတင်းလျှင် (၈) ထောင်ကျပ်နှုန်းသာပေးပြီး မယူသည့် ဒိုင်များလည်းရှိကြောင်း ၎င်းတောင်သူက ဆက်ပြောသည်။

“မတ်ပဲ စောတဲ့သူတွေတော့ နည်းနည်းရလိုက်တယ်၊ နောက်ကျတဲ့သူတွေက ရှုံးတယ်၊ အကုန်မိုးမိတယ်၊ အခုက မိုးမိပဲတွေကို တတင်း ရှစ်ထောင်လောက်တောင် မဝယ်တာတွေရှိတယ်၊ ဟင်္သာတ၊ ဇလွန်တော်တော်ဆိုးတယ်၊ ပဲခူး သနပ်ပင် ဘက်မှာဆိုရင် ပဲဝယ်ဒိုင် ကိုယ်တိုင်က မဝယ်တာ” ဟု ပြောသည်။

ထို့အပြင် ခရမ်းမြို့နယ်၊ ကဝမြိ့နယ်၊ သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်၊ သုံးခွမြို့နယ်နှင့် သံလျင်မြို့နယ်များမှ ပဲတီစိမ်း စိုက်တောင်သူများလည်း ပဲဈေးထိုးကျသွားသည့်အတွက် ဒုက္ခရောက်နေရကြောင်း ဒေသခံ တောင်သူတဦး ပြောသည်။

“ပဲတီစိမ်းဈေးက စဖွင့်တော့ တတင်းကို (၄၂,၀၀၀) အထိဖြစ်တယ်ဗျာ။ ကုန်သည်တွေ ညစ်ပတ်လာတဲ့အခါကြတော့ ပဲတီစိမ်းဈေးက အခု (၂၂,၀၀၀) ထိ ကျသွားတယ်ဗျာ။ လယ်သမားတွေမှာ အကြွေးတွေ မရှင်းနိုင် အတိုးတွေကတက် ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

သာယာဝတီမြို့နယ်အတွင်း လယ်စိုက်ဧက တသိန်းခန့်ရှိပြီး ခြောက်သောင်းခန့်မှ ပဲစိုက်ပျိုးပြီး ကျန်လေးသောင်းမှာ နွေစပါး စိုက်ပျိုးလျှက်ရှိကာ ပဲနှင့် စပါးနှစ်မျိုးစလုံး အရှုံးပေါ်နေကြောင်းဒေသခံ တောင်သူတဦးက ပြောသည်။

“နွေစပါးဆိုတာ သုံးသိန်းခွဲလောက် ရောင်းရမှာ အခု စက်ချွေတောင် နှစ်သိန်းခွဲဘဲ ရောင်းရတယ်၊ မတ်ပဲလည်း ရှုံးတဲ့အပြင် မိုးစပါးကလည်း ရှုံးတယ်၊ ကောက်စောမှာ သုံးသိန်းရှစ်သောင်းလောက်ရှိပေမဲ့ ရောင်းတော့ သုံးသိန်းဘဲရခဲ့တယ်” ဟုပြောသည်။

တောင်သူများအနေဖြင့် လောင်စာဆီဈေးနှုန်း၊ မျိုးစရိတ်ဈေးနှုန်းများ ဝယ်ယူစဉ်က ဈေးနှုန်းများမြင့်မားပြီး ယခုကဲ့သို့ သီးနှံပေါ်သည့်အချိန်တွင် ဈေးနှိပ်ဝယ်ယူခြင်းနှင့် ရာသီဥတို့ကြောင့် ဆုံးရှုံးမှုများ ဆက်တိုက် ကြုံတွေ့နေရလျှက်ရှိသည်။

No comments: