Monday, March 28, 2011

ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ (လူထုစိန်ဝင်း)

"အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရားဟာ ကျူးဘားလူမျိုးများရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက် ကက်စထရိုနဲ့ လက်တွဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဘော်လစ်ဗီးယား လွတ်မြောက်ရေးအတွက် ဘော်လစ်ဗီးယား လူမျိုးတွေနဲ့ လက်တွဲတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ ယုံကြည်ချက်ချင်း၊ ခံယူချက်နဲ့ ရည်မှန်းချက်ချင်းတူရင် လူမျိုးတူမှ မဟုတ်ဘူး၊ ဆွေမျိုးတော်မှ မဟုတ်ဘူး၊ ဘယ်သူနဲ့မဆို သွေးစည်းနိုင်တယ်။ ချစ်ခင်ရင်းနှီးနိုင်တယ်။ သံယောဇဉ် ဖြစ်နိုင်တယ် ..."

ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီကြပုံများကို ကြားရပြီး ဝမ်းမြောက်ဂုဏ်ယူမိတဲ့ အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ မလေးရှားပြန် လူငယ်တယောက် ရေးတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံအကြောင်းတွေ တွေးပြီး ကြည်နူးပီတိ ဖြစ်ရတယ်။


သွေးမနီးပါဘဲနဲ့ သွေးစည်းကြ

အဲဒီအကြောင်းနှစ်ခုက ဆက်စပ်ပြီး သွေးစည်းမှုနဲ့ သွေးနီးမှု အကြောင်းတွေကို ဆက်တွေးဖြစ်သွားတယ်။ လူမျိုးချင်းတူလို့ ဘာသာအယူဝါဒချင်းတူလို့ သွေးစည်းကြတာမျိုး ရှိသလို၊ လူမျိုးတွေ၊ ဘာသာတွေ မတူပေမယ့်လည်း အတွေးအခေါ် အယူအဆချင်း တူညီလို့ သွေးမနီးပါဘဲနဲ့ သွေးစည်းကြတာမျိုးတွေလည်း တွေ့ရတတ်တယ်။

တခါတလေကျတော့လည်း ကိုယ်နဲ့လူမျိုးချင်း ဘာသာချင်း တူပါလျက်နဲ့ တယောက်နဲ့တယောက် ဘယ်လိုမှ သွေးစည်းလို့ မရနိုင်တာမျိုးရှိသလို၊ လူမျိုးဘာသာ လုံးဝ ကွဲပြားခြားနားနေပါလျက်နဲ့ ဆွေလိုမျိုးလို ရင်းနှီးချစ်ခင်ကြတာမျိုးလည်း ရှိတတ်တယ်။

အကြောင်းရင်းကို သုံးသပ်ကြည့်တော့ အတွေးအခေါ်၊ အယူအဆချင်း ထပ်တူနီးပါး တူညီကြတဲ့အတွက် ဖြစ်တယ်လို့ ကောက်ချက်ချမိတယ်။ အသွေးအရောင် တူညီတဲ့ ငှက်တွေချင်း အုပ်စုဖွဲ့နေကြတယ်။ (Birds of the Same Feather flock together) ဆိုတဲ့ စကားလိုပေါ့။

ဆရာလုပ်ခဲ့လို့

မြန်မာပြည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာလုပ်ခဲ့လေတော့ ကိုယ်က သားလို၊ သမီးလို သဘောထားခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ အများအပြားရှိခဲ့သလို ကိုယ့်ကို အဖေတို့၊ အဖေကြီးတို့ ခေါ်တဲ့ တပည့်တွေလည်း ရှိခဲ့တယ်။ မြန်မာလူမျိုးတွေကြားမှာတော့ ဒီကိစ္စဟာ သိပ်ထူးဆန်းလှတာ မဟုတ်ပါဘူး။ ဆရာသမားကို မိဘနဲ့ တတန်းတည်း ထားလေ့ရှိကြတာကိုး။

ထူးဆန်းတဲ့ အကျိုးပေးဘဝ အကျိုးပေးကပဲ ထူးဆန်းလို့လားတော့ မသိဘူး။ နိုင်ငံခြားသူ၊ နိုင်ငံခြားသားတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်အပေါ် သံယောဇဉ်ဖြစ်ပြီး အဖေလို့ ခေါ်တဲ့သူ၊ အဖေလို သဘောထား ဆက်ဆံသူ လေး၊ ငါးယောက်ထက်မနည်း ရှိခဲ့တယ်။

ဂျပန်လူမျိုး လူငယ် သတင်းထောက်လေးတယောက်က ဆရာလိုတမျိုး၊ အဖေလိုတမျိုး လေးစားချစ်ခင်ပြီး အမြဲမပြတ် ဆက်သွယ်နေလေ့ရှိသလို၊ လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂျပန်မလေးတယောက်ဆိုရင်လည်း သူ့အလုပ်တွေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး လုပ်ရုံတင်မက၊ သူ့ကိုယ်ရေးကိုယ်တာကိစ္စ ရင်ဖွင့်စရာတွေ ရှိရင်လည်း မကွယ်မဝှက် ရင်ဖွင့်လေ့ရှိတယ်။

ငိုစရာရှိရင်လည်း ငိုပြတယ်။ ဘယ်နိုင်ငံရောက်နေရောက်နေ ခြောက်လတကြိမ်တော့ ရောက်အောင်လာ တွေ့တယ်။ တခါတလေ နှစ်လ၊ သုံးလ တခါ ရောက်လာတတ်တယ်။ ပါပါ လို့ ခေါ်ပါရစေလို့ ခွင့်တောင်းပြီး အမြဲတမ်းခေါ်တယ်။ စာရေးရင်၊ အီးမေးလ်ပို့ရင်လည်း ပါပါလို့ပဲ ရေးတယ်။

မတွေ့ဖူးဘဲနဲ့

မြန်မာပြည်မှာ နှစ်အတော်ကြာအောင် အမှုထမ်းခဲ့တဲ့ အနောက်နိုင်ငံသူတယောက်ဆိုရင် အဖေတယောက်ကို ဂရုစိုက်သလိုကို ဂရုစိုက်ခဲ့တယ်။ အခု သူ့နိုင်ငံပြန်သွားတော့လည်း အမြဲမပြတ် အီးမေးလ်ပို့ပြီး ကျန်းမာရေးကို မေးမြန်းတယ်။ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်မှန်သမျှ ပို့ပေးရှာတယ်။ သမီးတယောက်လိုကို စိတ်ထဲမှာ မှတ်ယူထားခဲ့တယ်။

အခုပြောခဲ့သူအားလုံးက လူချင်းတွေ့ဆုံ ရင်းနှီးခဲ့ကြလို့ သံယောဇဉ် ဖြစ်သွားကြတာ။ အခုတယောက်ကျတော့ လူချင်းတွေ့ဖူးတာ မဟုတ်ဘဲနဲ့ သတင်းကြားနဲ့ ရင်းနှီးချစ်ချင်ပြီး အဖေလို့ ခေါ်ခွင့်တောင်းခဲ့တာ ဖြစ်တယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှာ မဟာဘွဲ့တခုအတွက် ကျောင်းတက်နေတဲ့ ကျောင်းသူတယောက်ဆီက သူက သိသွားခဲ့တာပါ။

ကာတွန်းဆရာမ

သူကလည်း ဆစ်ဒနီတက္ကသိုလ်မှာ မဟာဘွဲ့လာတက်တဲ့ သီရိလင်္ကာနိုင်ငံသူ ဖြစ်တယ်။ သူ့နိုင်ငံမှာ အတော်အသင့် နာမည်ကျော်ကြားတဲ့ ကာတွန်းဆရာမတယောက် ဖြစ်ပါတယ်။ သူက သတင်းကြားနဲ့ ခင်မင်ရင်းနှီးနေပြီး အဖေလို့ ခေါ်ခွင့်တောင်းရုံမက မြန်မာလို ဖေဖေ လို့ ရေးတာပါ သင်ယူပြီး သူ့လက်ရေးနဲ့ ဖေဖေ ဆိုပြီး ရေးလိုက်ပါတယ်။ (သူ့လက်ရေး နမူနာနဲ့ သူ့ကာတွန်းလက်ရာကို အကဲခတ်နိုင်အောင် ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်)။

သူက ကာတွန်းဆွဲရုံတင်မက ကဗျာလေးတွေလည်း ရေးပါတယ်။ သူ့ကဗျာလေးတွေနဲ့ ကာတွန်း လက်ရာလေးတွေလည်း ပို့ပေးလိုက်ပါသေးတယ်။ သူ ကျောင်းပြီးသွားရင် လာဖြစ်အောင်လာပြီး တွေ့မယ်လို့လည်းကတိပေးထားပါတယ်။

အသွေးအရောင်တူတဲ့ငှက်

မမြင်ဖူး၊ မတွေ့ဖူးဘဲနဲ့ ရင်းနှီးချစ်ခင်တယ်ဆိုတာ ဖြစ်နိုင်သလား။ လူမျိုးဘာသာမတူ ကွဲပြားခြားနားပါလျက်နဲ့ သွေးသားရင်းချာလို သဘောထားတယ်ဆိုတာ ဖြစ်နိုင်သလား။ အများစုကတော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပဲ။

လောကွတ်အနေနဲ့ ပြောတာပဲဖြစ်လိမ့်မယ်လို့ ယူဆကြမှာ ဖြစ်တယ်။ ဒါပေမယ့် လောကွတ်အနေနဲ့ ပြောစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိုယ်ကလည်း ဘာမှအရေးပါ အရာရောက်တဲ့သူ မဟုတ်တော့ ဟန်လုပ်ပြီး ပြောနေဖို့ မလိုပါဘူး။ တဦးနဲ့တဦး အပြန်အလှန် အကျိုးမျှော်ကိုးစရာလည်း ဘာမှရှိတာ မဟုတ်ဘူး။ ဒီတော့ ဒီလို ချစ်ခင်ရင်းနှီးမှုမျိုး ရှိနိုင်တယ်လို့ ယုံတယ်။ အသွေးအရောင်တူတဲ့ ငှက်တွေချင်း အုပ်ဖွဲ့နေလေ့ရှိတယ်ဆိုတဲ့ စကားအတိုင်းပေါ့။

ရည်မှန်းချက်တူရင်

နိုင်ငံခြားသားတွေ ဖြစ်ပေမယ့် စိတ်ဓာတ်ချင်း၊ စရိုက်ချင်း၊ ယုံကြည်ချက်ချင်း၊ ရည်မှန်းချက်ချင်း တူညီကြသူတွေ ဖြစ်ကြတော့ သွေးမနီးပေမယ့် သွေးစည်းနိုင်ကြတဲ့ သဘောလို့ပဲ ယူဆမိတယ်။ ဒီသွေးစည်းမှုက ကျွမ်းဝင်ရင်းနှီးမှုနဲ့ ချစ်ခင်လေးစားမှုတို့ ပေါ်ထွန်းလာတာ ဖြစ်တယ်။

အဲဒီကတဆင့် သံယောဇဉ်တို့၊ တွယ်တာမှုတို့ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား။ အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရားဟာ ကျူးဘားလူမျိုးများရဲ့ လွတ်မြောက်ရေးတိုက်ပွဲအတွက် ကက်စထရိုနဲ့ လက်တွဲ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဘော်လစ်ဗီးယား လွတ်မြောက်ရေးအတွက် ဘော်လစ်ဗီးယား လူမျိုးတွေနဲ့ လက်တွဲတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။

ယုံကြည်ချက်ချင်း၊ ခံယူချက်နဲ့ ရည်မှန်းချက်ချင်းတူရင် လူမျိုးတူမှ မဟုတ်ဘူး၊ ဆွေမျိုးတော်မှ မဟုတ်ဘူး၊ ဘယ်သူနဲ့မဆို သွေးစည်းနိုင်တယ်။ ချစ်ခင်ရင်းနှီးနိုင်တယ်။ သံယောဇဉ် ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။

ဓမ္မတာပဲ

နိုင်ငံခြားရောက် မြန်မာတွေလည်း သာမန်အချိန်တွေမှာ တယောက်နဲ့တယောက် ဂရုစိုက်ချင်မှ စိုက်နိုင်ကြလိမ့်မယ်။ ဒါပေမယ့် ဂျပန်ငလျင်ကြီးလို အဖြစ်ဆိုးကြီး ကြုံကြရတဲ့အခါကျတော့ အားလုံးဟာ ဘဝတူတွေ ဖြစ်သွားကြတယ်။ ဘဝတူတွေဖြစ်တော့ အလိုလိုနေရင်း သွေးစည်းသွားကြတယ်လေ။

ဘဝချင်းတူရင်၊ ယုံကြည်ချက်ချင်းတူရင်၊ ရည်မှန်းချက်ချင်းတူရင် အားလုံးဟာ အရေးကြီးတဲ့အခါမှာ အလိုလိုနေရင်း သွေးနီးသွားကြတာဟာ ဓမ္မတာပါပဲ။


Photo : Bird.com

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။

 

No comments: