Monday, March 28, 2011

ငလျင်ဒဏ်ခံရသူတွေ အကူအညီ မလုံလောက်သေး


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးညက လှုပ်ခဲ့တဲ့ မြေငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်က တာလေ၊ မိုင်းလင်းဒေသတွေမှာ ငလျင်ဒဏ်ခံရသူတွေကို စစ်အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ပြည်လည် နေရာချထားရေး ဦးစီးဌာန၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ World Vision အပါအဝင် အစိုးရအဖွဲ့မဟုတ်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေက ကယ်ဆယ်ရေးပစ္စည်းနဲ့ ကူညီပံ့ပိုးမှုတွေ လုပ်နေပေမယ့် အခုအချိန်ထိ အကူအညီတွေ လုံလုံလောက်လောက် မရရှိသေးဘူးလို့ သိရပါတယ်။


မတ်လ ၂၇၊ ၂၈ ရက်နေ့များက တွေ့ရတဲ့ မိုင်းလား နှင့်

 
 
 
 
 
ငလျင်ဒဏ်ခံရသူတွေကို တာချီလိတ်ဒေသခံတွေ၊ နီးစပ်ရာ ဆွေမျိုးသားချင်းတွေက မားမားခေါက်ဆွဲတို့၊ ရေတို့ စတဲ့ အဓိက စားသောက်စရာတွေ ကူညီပေးဝေနေကြသလို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ UNICEF ၊ World Vision အဖွဲ့တွေကလည်း ဒုက္ခသည်တွေအတွက် ရွက်ဖျင်တဲထိုးဖို့ တာပေါ်လင်စတွေ၊ ခြင်ထောင်၊ ဖျာ၊ အိုးခွက် ပန်းကန် စတာတွေ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

တာလေ က အခြေအနေတချို့

 
 
 
 
ဒါပေမယ့် တချို့ဒုက္ခသည်တွေဟာ ဒီကနေ့ထိ အကူအညီ အထောက်အပံ့မရရှိကြသေးဘူးလို့ ပြောကြပါတယ်။
 
  
  
 
 
 
 
 
အဲဒါကြောင့် အခုထိ ဒုက္ခသည်တော်တော်များများဟာ သူတို့အိမ်ရှေ့လမ်းမပေါ်မှာ လုပ်ထားတဲ့ ရွက်ဖျင်တဲတွေမှာပဲ မိုးဒဏ်လေဒဏ်တွေကို ခံနေကြရတယ်လို့ တာလေ ဒေသခံတယောက်က ပြောပြပါတယ်။

အာဏာပိုင်တွေဆီသွားတောင်းတော့လည်း အထက်က အမိန့်မရလို့ မပေးနိုင်သေးဘူးလို့ ပြောဆိုခဲ့တာကြောင့် ဘာမှမရဘဲ လက်ဗလာနဲ့ပြန်လာခဲ့ရကြောင်း ဒေသခံက ပြောပြပါတယ်။
အဓိက စားဖို့ သောက်ဖို့ကိုတော့ တခြားဒေသက ဒေသခံတွေက ဆိုင်ကယ်နဲ့ ကားနဲ့ တချို့ဆိုရင်လည်း လမ်းလျှောက်ပြီး ချိုင့်နဲ့ဖြစ်ဖြစ်၊ ပလပ်စတစ်ဗူးနဲ့ဖြစ်ဖြစ် လာပေးကြတယ်လို့ ဆိုပါတယ်။

 
 
 
 
 
 
 ငလျင်ဒဏ်ခံရသူတွေ အလိုအပ်ဆုံးက အမိုးအကာ၊ အစားအသောက်နဲ့ သောက်သုံးရေဖြစ်ပြီး World Vision က သောက်သုံးရေရရှိရေးကို အဓိကထား ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အခုအခါ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းတွေကို ရန်ကုန်ကနေ လေယာဉ်နဲ့ ပေးပို့နေတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။


 
 
 
တာလေတံတားနိမ့်ကျသွားခဲ့တာနဲ့ ကားလမ်း အက်ကွဲကြောင်းတချို့ ပြန်ပြင်ပြီးလို့ ကားလမ်းကနေ တာချီလိတ်ကတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နေတယ်လို့ ဆိုပါတယ်။

သတင်း - ဘီဘီစီ
Photos : Getty Images, Reuters, AP


No comments: