Tuesday, March 1, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၁

ကျနော့်ကို ရဲဘော်ထွန်းလှအောင်က အရှေ့မြောက်ရောက်နိုင်မယ့် လမ်းပေါက်ကို ပြောပါတယ်။ ရေလမ်းက ထွက်မလား။ လေကြောင်းက ပြန်မလား။ ကျနော့်ဆန္ဒကိုလည်း မေးပါတယ်။ မြန်မြန်ပြန်ရောက်ချင်တာမို့ လေကြောင်းကပဲပြန်မယ်လို့ အဖြေပေးလိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် စစ်တွေလေဆိပ်မှာ ကုလားတန်မြစ်က ဝင်လာမယ့် ရေယာဉ်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှာက သေချာနေပါပြီ။

သူက ခွဲမှူး မောင်ထွန်းစိန်ကိုခေါ်ပြီး ကျနော့်ကို စစ်တွေမြို့ပေါ် ချောချောမောမောရောက်အောင် ပို့ပေးဖို့ တာဝန်ပေးပါတယ်။ မှာစရာရှိတာ မှာပါတယ်။ မောင်ထွန်းစိန်ဟာ ထိုအချိန်က ရခိုင်တိုက်ပွဲများတွင် နာမည်ရနေသည့် ခွဲမှူးတယောက် ဖြစ်ပါတယ်။

ညနေစောင်းမှာ ရဲဘော်ထွန်းလှအောင်နဲ့ မိသားစုကိုနှုတ်ဆက်ပြီး မောင်ထွန်းစိန် ဦးစီးသည့် တပ်ဖွဲ့တဖွဲ့နဲ့ ကျနော်တို့ ခရီး ထွက်လာခဲ့ပါတယ်။ ရွာတရွာမှာ အိပ်ရတယ်။ နောက်နေ့ ခရီးဆက်ထွက်။ တချို့နေရာများတွင် ရန်သူ့စခန်းများ ရှိပါတယ်။ တချို့ကို ကွင်းရှောင်၊ ညအမှောင်ကို အသုံးချပြီး တချို့စခန်းကို ကပ်ဖြတ်ကြရပါတယ်။ အနှစ်အစိတ်လောက်ရှိပြီမို့ အသေးစိတ်များ မမှတ်မိတော့ပါ။


မှတ်မိတာက ကျနော်တို့တပ်ဖွဲ့ မြစ်လက်တက်တခုဘေးမှာ စခန်းချနေကြပါတယ်။ ညနေစောင်းလောက်ရှိတော့ ရွာသား ၂ ယောက် လှေတစီးနဲ့ ကျနော်တို့ကမ်း ကပ်လာပါတယ်။ သူတို့ဆီကသိရတဲ့သတင်းတခုက ဒီနားပတ်လည် ရွာတွေမှာပါ ဝမ်းရောဂါတွေ ဖြစ်နေကြောင်း၊ စစ်တွေကို အဆက်မပြတ် လူနာတွေ ပို့နေရကြောင်းသတင်း၊ မောင်ထွန်းစိန်က …

“အခြေအနေတွေကတော့ ရှုပ်ရှုပ်ထွေးထွေးပဲ၊ ခင်ဗျား သွားလို့ဖြစ်ပါ့မလား”

လို့ မေးပါတယ်။

ကျနော်က …

“အဲဒါ ကောင်းတာပေါ့။ အဲဒီ ရှုပ်ရှုပ်ယှက်ယှက်ထဲ ရောလိုက်သွားရုံပဲ”

လို့ ယတိပြတ် အဖြေပေးလိုက်တော့ သူ သဘောကျသွားတယ်။

“သတိတော့ထားဗျာ။ အရဲလည်း သိပ်မကိုးနဲ့”

လို့ပြောပြီး ငွေတထပ် ထုတ်ပေးပါတယ်။


“ကျပ် ၁ဝဝဝ။ ရေလဲကြည့်ဦး” ဆိုလို့ ရေတွက်လက်ခံလိုက်ပါတယ်။

အားလုံးနဲ့လက်ဆွဲနှုတ်ဆက်ပြီး လှေပေါ် ကျနော် တက်လိုက်ပါတယ်။

ဘယ်နေရာ၊ ဘာရွာဆိုတာလည်း ကျနော် မသိ။ စစ်တွေနဲ့ ဘယ်လောက် ဝေးမှန်းလည်း မသိ။ လှေပေါ်မှာတင်လာတဲ့ ကောက်ရိုးပုံပေါ် လှဲအိပ်ရင်း လိုက်ပါလာမိတယ်။ တညလုံး လှော်ခတ်နေကြတာပါ။ ကျနော်က လှေလည်း မလှော်တတ်။ ရေကြောင်းလည်း နားမလည်။ ကြယ်ရောင်လက်လက်အောက်မှာ ဘာမှလည်းမမြင်ဆိုတော့ နက်ဖြန် ဆိပ်ကမ်းမှာ ရင်ဆိုင်ရမယ့် အန္တရာယ်ကိုပဲတွေးပြီး အိပ်လိုက်လာခဲ့တယ်။ မိုးသက်နှင်းတွေက ရွှဲနေအောင်ကျနေလို့ ပုဆိုးတထပ် လွှမ်းပြီး ကောက်ရိုးပါးပါး ဖုံးထားလိုက်မိပါတယ်။

သမိုင်းမှာ အဲမွန်ဒယာဆိုတဲ့ မွန်သူရဲကောင်းတယောက် ရှိခဲ့ဖူးတယ်။ မြန်မာတပ်တွေ ဝိုင်းထားတဲ့ ပဲခူးမြို့ကို သူဘယ်လို ဝင်ခဲ့ထွက်ခဲ့သလဲ။ ဘုရားသိကြားမလို့ ဒီဇာတ်လမ်းကို (မဆလ) တပ်သားတွေ မဖတ်ဖူးကြပါစေနဲ့။ ဖတ်ဖူးရင်လည်း မေ့နေကြပါစေလို့ ကြိတ်ဆုတောင်းနေမိပါတယ်။

လူနေအိမ်ခြေမရှိတဲ့နေရာတွေက ဖြတ်စီးလာတဲ့ ကုလားတန်မြစ်လက်တက်ကလေးက ခပ်ကျဉ်းကျဉ်းလေးရယ်ပါ။ ဘေးတဖက်တချက်က တိရစ္ဆာန်တွေရဲ့လှုပ်ရှားသံတွေ ကြားမိတယ်။ လှေပေါ်ကိုများ ခုန်ချလိုက်လေမလားလို့ တချက်တချက် စိုးရိမ်လိုက်မိပါသေးတယ်။

နောက်တနေ့ မနက်လင်းတော့ စစ်တွေမြို့ကို လှမ်းမြင်နေရပါပြီ။ ရေပြင်ကြီးကလည်း ကျယ်နေပါပြီ။ ကျနော်က ရွာသား ၂ ယောက်ကို ဆိပ်ကမ်းမှာ ဘာလာလုပ်တဲ့လှေလဲလို့ မေးရင် ဝမ်းရောဂါရလာတဲ့ လူမမာကို ဆေးရုံလာပို့တာပြောဖို့ မှာပါတယ်။ (ကျနော် စကားပြောရရင် ဗမာမှန်း သိသွားတော့မှာပါ။)

ဆက်လက်ဖော်ပြပါမည်။

No comments: