Wednesday, November 24, 2010

အငတ်စာ - မောင်လှဝင်း (မြင်းခြံ)

တရပ်တည်းသားပေမယ့် ကျွန်တော်နှင့် ဦးဖြူမင်းကတော့ နည်းနည်းမှ အစေးမကပ်။ သူက အဖြူဆို ကျွန်တော်က အမည်း။ ကျွန်တော်က အရှေ့ဆို သူက အနောက်။ ကျွန်တော်နဲ့သာ မဟုတ်၊ သူက ဘယ်သူနဲ့မှ သိပ်အစေးမကပ် လှတဲ့ လူ့ဂွ(ခွ)စာကြီး။ သူများတွေက ‘ဝ’ လုံး ရေးထားလျှင်တောင်မှ သူက လမင်းကြီးနဲ့ တူတယ်ဆိုပြီး ‘လ’ လို့ ဖတ်တတ်သည့် သူ။

ငယ်ငယ်ကတည်းက တရပ်တည်းနေလာကြသူတွေမို့ တယောက်အကြောင်း တယောက် အူမချေးခါးမကျန် သိကြသည်။ ရပ်ကွက်ဘောလုံးသင်းမှာဆိုလျှင် သူက ‘လူညစ်’ တွေနဲ့သာ ပေါင်းသင်းတတ်သူ။

ကျောင်းသားဘဝရောက်တော့ သူက ဒီအက်စ်အို။ ကျွန်တော်က ကျောင်းသား သမဂ္ဂအဖွဲ့ဝင်။ ကျွန်တော်က နိုင်ငံရေးမှုနဲ့ ထောင်ကျနေချိန်မှာသူက ဖဆပလ၏ သမဝါယမ အသင်းတွင် စားပေါက်ချောင်သော နေရာတနေရာ ရထားပြီးပြီ။ ကျွန်တော့်ညီတယောက် နိုင်ငံရေးမှုနဲ့ ကိုကိုးကျွန်းရောက်သွား ချိန်တွင် သူက မဆလခေတ် ရပ်ကွက်ကောင်စီ အတွင်းရေးမှူး ဖြစ်နေပြန်ပြီ။

သူ့သမီးတွေက စစ်ဗိုလ်တွေ၊ အစိုးရအရာရှိတွေနဲ့သာ ယူကြသည်။ ယခုအချိန်မှာပင် သူ့သားတယောက်က ကျွန်တော်တို့မြို့မှ ကြံ့ဖွံ့အသင်းမှာ လူကြီးတနေရာ ရထားနေပြီ။ ကျွန်တော့်သားတွေ တူတွေကတော့ ရှစ်လေးလုံး အရေးတော်ပုံပြီးကတည်းက ထောင်နဲ့အိမ် ကူးချည်သန်းချည် လုပ်နေရသည်။

ကျွန်တော် ကံဆိုးသည်ကတော့ ကျွန်တော့်မြေးတယောက်က သူ့မြေးမ တယောက်ကို ခိုးယူသွားခြင်းပင် ဖြစ်သည်။ တောင်းတောင်းပန်ပန်နှင့် သူတို့လက်ခံအောင် ပြောပြီး သူ့မြေးမလေးကို ပြန်အပ်ရသည်။ ကျွန်တော်တို့ တတ်နိုင်သမျှ ဖျစ်ညှစ်ငွေထုတ်ပြီး ကလေးများ တင့်တောင့်တင့်တယ်ဖြစ်အောင် မင်္ဂလာဆောင်ပေးရသည်။ ဒါ့ထက် ပို စိတ်ညစ်မိတာကတော့ သူနဲ့ မပတ်သက်လျှင် မဖြစ်သောကိစ္စတွေ ပေါ်လာတတ်ခြင်းပင် ဖြစ်သည်။

ဟော … အခုပဲ ကြည့်လေ။ ရပ်ကွက်ဘုရားဖူးကားပေါ်မှာ သူနဲ့အတူ လိုက်ပါ နေရပြန်ပြီ။ ရပ်ကွက် ဆွေမျိုးသားချင်းတွေစုပြီး ဘုရားဖူးထွက်မည်ဆိုတော့ သူ့အမျိုးတွေလည်းပါ ကိုယ့်အမျိုးတွေလည်း ပါပေါ့။ ခရီးသည်တင် ကားနှစ်စီးနှင့် ဘုရားဖူးထွက်မည့်အခါ လူကြီးသူမတွေ ပါအောင်ဆိုပြီး ကျွန်တော်တို့နှစ်ယောက် ကို လေးလေးစားစားဖိတ်ခေါ်တော့ ငြင်းလို့က မကောင်း။

မိတ္ထီလာမြို့ကို ဖြတ်ပြီး ပုဂံညောင်ဦးဘက်ထွက်လာသောလမ်းတွင် သူက ဘာမဟုတ်သည့်ကိစ္စလေးတွေကို အကြောင်းပြုပြီး မိတ္ထီလာမြို့၏ တိုးတက်မှုတွေဆိုကာ ဟိမဝန္တာချီးမွမ်းခန်း ဖွင့်နေ၏။ ကျွန်တော်က လမ်းတလျှောက် ယာခင်းများမှ ခေါင်းငိုက်ကျကာ ညှိုးရော်ရော်ဖြစ်နေသည့် နှမ်းပင်လေးတွေကိုကြည့်ကာ ကျောက်ပန်းတောင်း၊ ပုဂံညောင်ဦးဘက်မှ တောင်သူလယ်သမားဘဝတွေအကြောင်း တွေးတော စိတ်မကောင်း ဖြစ်နေမိသည်။

တပြည်လုံး ဒုက္ခဆင်းရဲတွေ ပင်လယ်ဝေနေချိန်တွင် သူက သူ့သား ကြံ့ဖွံ့ ခေါင်းဆောင်၏လေသံအတိုင်း ဟိုဟာ တိုးတက်တယ် - ဒီဟာ တိုးတက်တယ် ဆိုပြီး ကားပေါ်တွင် လေလုံးထွား ပြောပြနေသည်။

ညောင်ဦးမြို့အဝင်တွင် လမ်း ဘယ်လိုကောင်းကြောင်း၊ မြို့အဝင်ပသာဒ ဘယ်လိုလှကြောင်း ‘ဘုံခန်း’ ဖွဲ့သလို ဖွဲ့ပြနေသည်ကို နားကြားပြင်း ကတ်လာသဖြင့် …

“မိတ္ထီလာက ထွက်လာခဲ့ကတည်းက ကားလမ်းတွေ တွန့်လိန်ပဲ့ရွဲ့နေတာတွေ သေချာမကြည့်ခဲ့ဘူး ထင်တယ်၊ ကိုဖြူမင်း” ဟု တချက်လောက် ‘ပက်’ခနဲ ပြောပစ်လိုက်သည်။

ပုဂံရောက်တော့ သူက ကားလမ်းတွေ၊ ဟိုတယ်သစ်တွေ၊ ဘုရားပုထိုး အသစ် မွမ်းမံပြုပြင်တာတွေကို ချီးမွမ်းခန်းဖွင့် ပြန်သည်။ ကျွန်တော်က ရှေးဟောင်း အနုပညာလက်ရာတွေကို သူနဂိုလက်ရာပျက်စီးသွားအောင် ပြုပြင်တာတွေကို မကြိုက်၊ ပြုပြင်ထိန်းသိမ်းသည်ဆိုလျှင် မူလအနုပညာတွေ မပျက်စီးအောင် ပြုပြင်ထိန်းသိမ်းတာကို လိုလားသည့်သူ၊ အရိုးကို အရွက် မဖုံးစေချင်သူ။

ရှေးပဒေသရာဇ်မင်းဆက်မှ ဘုရင်တပါးက ဘုရားကို အကျဉ်းချထားသလို ကျပ်ကျပ်တည်းတည်းဖြစ်အောင် တည်ထားတာကိုကြည့်ပြီး ရဟန်းသံဃာနှင့် ပြည်သူလူထုကို အကျဉ်းချထားသော စစ်အစိုးရအကြောင်း ကျွန်တော် တွေးနေစဉ် သူက ပုဂံပြတိုက်ကို အမွှမ်းတင်ပြောဆိုနေပြန်သည်။

ဆက်လက်ဖော်ပြပါမယ်။

1 comment:

သေမင်း(ထနတ) said...

အပြစ်ရှိတဲ့ကောင်ကြီးကောင်လေးတွေကိုသေမင်းကခေါ်မှာပါ။