Thursday, August 26, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ

ဦးအိုက်စံ အစောကြီး နိုးသည်။ မကြာခင်မှာပင် ကြက်တွန်သံ ကြားရသည်။ ကြက်နှင့်အပြိုင် ဦးအိုက်စံ နိုးလာခြင်းဖြစ်သည်။ မျက်စိပွင့်သည်နှင့် ဦးအိုက်စံ အိပ်ရာမှ ချက်ချင်းထသည်။ မိန်းမနှင့် ကလေးနှစ်ယောက် မနိုးစေရန် ခြေဖွ နင်းပြီး မီးဖိုချောင်သို့ တန်းထွက်ခဲ့သည်။ ခနော်နီခနော်နဲ့ ဝါးခင်းဝါးကာ အိမ်ကလေးမှာ သူ ခြေနင်းမကြမ်းတာတောင်မှ တချက်တချက် တကျွိကျွိ မြည်နေသေးတယ်။

ညက ခပ်ထည့်ထားသည့် ရေပုံးထဲမှရေကို ဘူးခြောက်ခွက်ဖြင့်ခပ်ကာ ဖြစ်သလို မျက်နှာသစ်လိုက်သည်။ ဝါးတန်းပေါ် လွှားထားသော ညိုညိုညစ်ညစ် ရှပ်အင်္ကျီကို လက်တဖက်က လှမ်းယူကာ မျက်နှာသုတ်လိုက်ပြီးနောက် အင်္ကျီကို ကောက်စွပ်လိုက်သည်။ ဝါခေါင်လပဲ။ ဒီနေ့ မိုးမရွာလို့ တော်ပါသေးသည်။

မီးခြစ်ရှာ၍ မီးဖိုထဲမှာ မီးမွှေးပြီး ရေနွေးတအိုး တည်လိုက်သည်။ ညကတည်းက ဖမ်းပြီးတောင်းနှင့် အုပ်ထားသော ကြက်တကောင်ကို အသံမထွက်အောင် ဦးခေါင်းလှန်ပြီး လက်တဖက်က ကိုင်၊ ကျန်လက်တဖက်က ထရံကြားမှာ ဓားကို လှမ်းဆွဲလိုက်သည်။ မကြာမီ ရေနွေးဆူလာသည်။ ကြက်ကိုင် အမွေးအမျှင် နှုတ်တာ အချိန်တိုအတွင်း ပြီးသွားသည်။

ရေနွေးတအိုး ထပ်တည်လိုက်ပြီးနောက် အခါးရည်ကျကျကို တခွက်ပြီးတခွက် သောက်ကာ ဝါးဆေးတံတအိုးနှင့် ဦးအိုက်စံ မီးဖိုဘေးမှာ အတွေးချဲ့နေစဉ်မှာပင် ဇနီးဖြစ်သူ နိုးလာသည်။

“ဒီနေ့ မြို့က ဧည့်သည်တွေ လာလိမ့်မယ်။ ကြက်ချက်ထားနှင့်”

ဦးအိုက်စံ ဇနီးဖြစ်သူကို မှာကြားနေစဉ်မှာပင် မိုးဖွဲဖွဲကျလာသည်။ မကြာခင်မှာပင် အလင်းရောင် ပေါ်လာသည်။ ဦးအိုက်စံသည် ပြောပြောဆိုဆိုနှင့်ပင် ရှမ်းဘောင်းဘီကို ပေါင်လယ်အထိ လိပ်တင်ကာ လက်ဆွဲတော် ဝါးပချပ်နှင့် ဓားမတိုကို ခါးမှာ ကြိုးနှင့်သိုင်းချည်လိုက်သည်။ ဝါးခမောက် အစုတ်တလုံးနှင့် ပလပ်စတစ် မိုးကာစကိုခြုံကာ မိုးရွာထဲသို့ လှမ်းထွက်လိုက်သည်။

ဇနီးဖြစ်သူမှာ စကားနည်းသူဖြစ်သော်လည်း သူ့အလုပ် ကိုယ့်အလုပ် ဘာလုပ်ရမည်ကို သိပြီးသည့်သဘောဖြင့် ဦးအိုက်စံထွက်သွားသည်ကို လှမ်းကြည့်ရင်း အိမ်ဘေးဝန်းကျင်ကို အကဲခတ်ကြည့်ရှုကာ ကျန်ရစ်ခဲ့လေသည်။

ယနေ့ နောင်ပိန် ဈေးနေ့။ မိုးကာလဖြစ်သည့်အတွက် လယ်သမားတွေ ငွေမရွှင်သေး။ လယ်လုပ်ငန်း မသိမ်းသေး။ ဈေးကစည်လှသည် မဟုတ်သလို ခြောက်ကပ်ကပ်လည်း မဟုတ်ပေ။ ဦးအိုက်စံမှာ လယ်သမား သူရင်းငှားတဦးသာ ဖြစ်သည်။ ရွာနှင့် လှမ်းလှမ်းတွင် တောင်ယာတကွက်တော့ ရှိသည်။ ပေါက်ပြားတလက် ဓားမတိုတချောင်းနှင့် တောင်ယာ ခုတ်သည်။ ထွန်ထယ်စိုက်ပျိုး လယ်လုပ်ငန်းပြီးသည်နှင့် ကြုံရာကျပန်းအလုပ်မျိုးစုံ လုပ်သည်။

ဦးအိုက်စံတို့ ရွာကလေးသည် ဒုဋ္ဌဝတီမြစ်ကမ်းအနီးမှာဖြစ်သည့်အတွက် နောင်ပိန်ဈေးမှ အချိုမှုန့်၊ ဖယောင်းတိုင်၊ ဆပ်ပြာ၊ ရေနံဆီစသည့် မြို့ကုန်တချို့ကို မှာသူရှိက မြစ်တဖက်ကမ်းရွာများသို့ ဝယ်ယူပိုးပေးသည့် ဈေးသည်အလုပ်လည်း အခါအားလျော်စွာ လုပ်သည်။

ဦးအိုက်စံသည် ဈေးထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် လျှောက်လာကာ အချိန်ဖြုန်းနေလိုက်သည်။ ဈေးထဲမှာ ဆေးဆိုးပန်း ရိုက်သရက်ထည်စတွေ ကလေးဝတ် အင်္ကျီ ဘောင်းဘီ၊ ဘီး၊ ဆံညှပ်ကလစ်၊ နားကပ် စသည့် တိုလီမိုလီ ဝယ်ချင်စရာပစ္စည်းတွေကို လျှောက်ကြည့်ရင်း အိမ်က ဇနီးနှင့် ကလေးများကို ဖျတ်ခနဲ သတိရလိုက်သည်။ ဦးအိုက်စံသည် ဘာမျှမဝယ်ဖြစ်ပေ။

ပချပ်ထဲမှ ဆေးတံနှင့် ဆေးဘူးကိုသာဆွဲထုတ်ပြီး မလှမ်းမကမ်း တဲလွတ်တလုံး အောက်တွင် ဆေးတံဖွာရင်း တခြားသူများနှင့်ရောကာ မိုးခိုနေလိုက်သည်။

မကြာမီ မိုးစွဲသွားသည်။ မိုးစဲသွားသည့်အတွက် ဦးအိုက်စံ စိတ်လက်ပေါ့ပါး သွားသည်။ ဘယ်နှစ်နာရီ ရှိပြီလဲ။ ဦးအိုက်စံ မသိပေ။ ဒါပေမယ့် နေ့ရဲ့ အလင်းရောင်နှင့် သူ ဆေးနှစ်အိုးမျှ ဖွာခဲ့ပြီးသည်ကို ချင့်တွက်ပြီး အချိန်ကို ခန့်မှန်းမိပေသည်။ ကွက်တိပါပဲ။ မန္တလေး-လားရှိုး လော်ကယ်ရထား နောင်ပိန်ဘူတာသို့ ဝင်လာခဲ့ပေပြီ။

ဆက်လက်ဖော်ပြပါမယ်။

သရုပ်ဖော် - အောင်ထက်


No comments: