Tuesday, August 17, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၈)

ဆက်၍ချီ

ဦးအောင်ငွေက နာရီဝက်လောက် အဖိုးနှင့်အဖွားကို စကားပြောပါသည်။ တဲပေါ်တွင် ဖထီးမန်းနှင့် ကျနော်အပြင် ကျွဲကျောင်းသည့် မွန်တူဝရီး ၂ ယောက် ရှိပါသည်။ ဦးအောင်ငွေလေ့လာမှုအရ ယခု ကျနော်တို့လှေဆိုက်သည့် နေရာမှာ ရေးချောင်းဝ ဖြစ်သည်။

ချောင်းတဖက်တွင် ဇီးဖြူသောင် ရှိသည်။ ရေတပ်စခန်းလည်း ရှိသည်။ အစင်ရွာတွင် ပြည်သူ့စစ် ရှိသည်။ အဖိုးနှင့်အဖွား၏သားမှာ မွန်ပြည်သစ်ပါတီတွင် တော်လှန်ရေးလုပ်သည်။ ယခု ကမ်းနားကနေဆက်သွားလျှင် ၃ နာရီခရီးလောက် တွင် ဒူးယားဆိုသော မွန်ရွာကြီး ရှိသည်။

ဒူးယားရွာသူကြီးမှာ မွန်ပြည်သစ်ပါတီမှ ရွေးကောက်တင် မြှောက်ထားသော သူကြီးဖြစ်သည်။ ဒူးယားသူကြီးကို ဆက်လိုက်လျှင် မွန်ပြည်သစ်ပါတီသို့ ရောက်သွားမည် ဖြစ်ပါသည်။

ဦးအောင်ငွေသည် စည်းရုံးရေးမှူးကောင်း တယောက်ဖြစ်သည်။ လူ့သဘော၊ လူ့သဘာဝနှင့် ပတ်ဝန်းကျင်းကို လေ့လာပြီး လိုက်လျောညီထွေစွာ ပြုမူကျင့်ကြံ လုပ်ဆောင်နိုင်သည်။ အရည်အချင်းရှိသော စည်းရုံးရေးမှူး ဖြစ်သည်။ ယခု သူယူဆောင် လာသောသတင်းများမှာ အလွန်ကောင်းမွန်သည့် သတင်းကောင်းပင် ဖြစ်ပေသည်။

လေ့လာသိရှိထားသည့် ပတ်ဝန်းကျင် အခြေအနေနှင့်အညီ လက်တွေ့ကျင့်ကြံလုပ်ဆောင်သွားရန်သာ ရှိပါတော့သည်။ ကျနော်က ဖထီးမန်းကို အကြံပေးသည်။ ကျနော်တို့ ညတွင်းချင်း ခရီးဆက်ထွက်လျှင်ကောင်းကြောင်း အကြံပေးသည်။

ဖထီးမန်းကလည်း သဘောကျပါသည်။ အဖိုး၊ အဖွားနှင့် ကိုအောင်သိန်း စီစဉ်ပေးမှုကြောင့် ကျွဲကျောင်းသည့် တူအရီး ၂ ယောက်ထဲမှ ဦးလေးကို လမ်းပြအဖြစ် လိုက်ပို့စေပါသည်။ တဲပေါ်တွင် ဘုရားစင်ကလေးတခု ရှိသည်။ ဘုရားကန်တော့ပြီး အဖိုးနှင့်အဖွားကို ကန်တော့ခဲ့ကာ နှုတ်ဆက်ထွက်ခဲ့ပါသည်။ အဖိုးအဖွားကတော့ ဆုတွေ တတွတ်တွတ်ရွတ်ရင်း ကျနော်တို့လည်း ထွက်လာခဲ့ပါသည်။

လမ်းပြ မွန်ဦးကြီးသာ ဓာတ်မီးပါသည်။ ညအမှောင်တွင် ရှေ့မှသွားနေသော လမ်းပြ မွန်ဦးကြီး၏ ဓာတ်မီးရောင်ကို နောက်မှမှန်းလိုက်ရင်း ကျနော့်စိတ်မှာ အလွန်တက်ကြွပြီး ပျော်နေပါသည်။ တွေ့ရတော့မည့်၊ ရောက်ရတော့မည့် မွန်တော်လှန်ရေးသမားတွေနှင့် တွေ့ရတော့မည်။ သူတို့ဆီရောက်တော့မည်။ မွန်ပြည်သစ်ပါတီနှင့် အဆက်ရလျှင် ဘာများပူစရာလိုပါသေးသနည်း။ ကရင့်တော်လှန်ရေးကို ရောက်တာနဲ့ အတူတူ မဟုတ်ပါလား။

တနာရီကျော်လောက် လျှောက်လာရာ တဲတလုံးသို့ ရောက်လာပါသည်။ လိုက်ပို့သည့် မွန်အဖိုးကြီးက ဤတဲတွင် ညအိပ်မည်။ မနက် ဝေလီဝေလင်း ထသွားမည်ဟု ပြောပါသည်။ ဖထီးမန်းအောင်ကြည်က သဘောကျလက်ခံလိုက်ပြီး တဲတွင် အိပ်ဖို့နားကြပါသည်။

ကျနော်ကတော့ မောမောနှင့် ခဏကလေး အိပ်ပျော်သွားပါသည်။ ကျနော့်ကို ဖထီးမန်းနှိုးတော့ ဝေလီဝေလင်း ရှိနေပါပြီ။ မျက်နှာသစ်ပြီး ခရီးဆက်ထွက်သည်။ တနာရီကျော်လောက် လျှောက်လာကြသောအခါ ဒူးယားရွာစပ်သို့ ရောက်ပါသည်။

လိုက်ပို့သည့် မွန်ဦးကြီးက သူ လိုက်မပို့နိုင်တော့ကြောင်း၊ သူလိုက်ပို့ပေးတာကို လူသိ လူမြင်မှာ ကြောက်ကြောင်း၊ ဒီလမ်းအတိုင်းဝင်သွားလျှင် ရွာထဲကိုရောက်ပြီး သူကြီးကိုမေးသွားလျှင် ရောက်သွားမည်ဖြစ်ကြောင်းပြောပြီး လှည့်ပြန်သွားမည် လုပ်ပါသည်။

ဦးအောင်ငွေက အကျိုးအကြောင်းပြောပြ တောင်းပန်ပြီး သူကြီးဆီအထိ လိုက်ပို့ပေးရန်ပြောသော်လည်း မရတော့ပါ။ သူ လှည့်ပြန်ပါသည်။ ကျနော်တို့ ၃ ယောက်လည်း ရှေ့ဆက်နည်းနည်းလျှောက်လိုက်ရာ ရွာစွန်ရှိ မွန်အိမ်ကလေး များကို တွေ့ပါသည်။ ဖထီးမန်းအောင်ကြည်က မွန်ရွာသား တဦးအား သူကြီးဆီသွားလိုကြောင်း လှေပျက်လာကြောင်းပြောပြပြီး အကူအညီ တောင်းပါသည်။

ဖထီးမန်းအောင်ကြည်အား ၎င်းရွာသားက သူကြီးအိမ်သို့ လိုက်ပို့ပေးပါသည်။ ကျနော်နှင့် ဦးအောင်ငွေမှာ ၎င်းရွာသားကြီး၏ ခြံကလေးထဲတွင် စောင့်နေပါသည်။ နာရီဝက်ကျော်ကျော်လောက် ကြာမည်ထင်သည်။ ဖထီးမန်းအောင်ကြည်နှင့် လူငယ်လေးတယောက် ရောက်လာပါသည်။ ပြီးမှ အခြေအနေကို သူက ရှင်းပြသည်။

“ဒီနေ့ဟာ တော်သလင်းလကွယ်နေ့၊ သူကြီးက ဘုန်းကြီးကျောင်းကိုသွားတယ်၊ ဘုန်းကြီးကျောင်းကိုလိုက်သွားပြီး သူကြီးနဲ့တွေ့တယ်၊ အကြောင်းစုံပြောပြတော့ သူကြီးက ပြောတယ်။ ကျနော့်အိမ်ကို လိုက်သွားပြီးစောင့်နေပါ၊ ဒီနေ့ဥပုဒ်နေ့ ဖြစ်လို့ ဥပုဒ်သည်တွေရဲ့ ဝေယာဝစတွေလုပ်ပေးပြီးလျှင် လာခဲ့မယ်ဆိုပြီး ကောင်လေးတယောက် ထည့်ပေးလိုက်တယ်”


ဆက်လက်ဖော်ပြပါမည်။


No comments: