Friday, August 20, 2010

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံး ကွယ်လွန်

ဘီဘီစီ။ သြဂုတ် ၂၁ ရက်၊ ၂၀၁၀ ပြည့်နှစ်

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးဟာ သောကြာနေ့ည ၇ နာရီလောက်မှာ ရန်ကုန် စမ်းချောင်းမှာရှိတဲ့ သူရဲ့နေအိမ်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သူဟာ မြန်မာပြည်လွတ်လပ်ရေးမရမီခေတ် သူ့ရဲ့လူငယ်ဘဝကတည်းက နိုင်ငံရေးထဲမှာ ပါဝင်လှုပ်ရှားခဲ့သူ တဦးဖြစ်ပြီး မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ပင်လုံညီလာခံကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးတိုက်ပွဲကာလက သူဟာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှာ ဦးဆောင်လှုပ်ရှားခဲ့သူတဦး ဖြစ်ပါတယ်။

မြန်မာပြည်ကို စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အမြဲလို ကြိုးပမ်းခဲ့တဲ့ ရှမ်းနိုင်ငံရေးသမား တဦးဖြစ်ပြီး လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးအင်အားစု တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တွန်းအားပေးသူလည်း ဖြစ်ပါတယ်။

သူဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ပါတီကို တည်ထောင်ထားသူတဦးဖြစ်ပြီး အဲဒီပါတီမှာ နာယကအဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဦးရွှေအုံးဟာ အမှားကိုဝန်ခံရဲသလို စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစားလာတဲ့ ရှာမှရှားတဲ့ သူရဲကောင်းတယောက်ဖြစ်တယ် လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းလိတ်က ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပါတီများ ပေါ်ထွန်းစဉ်ကာလမှာ သူဟာ ရှမ်းတိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD ရဲ့ သဘာပတိ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဦးရွှေအုံးဟာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး ကိုယ်ခန္ဓာတပိုင်း လေဖြတ်ဝေဒနာ ခံစားနေရသူ ဇနီးသည်နဲ့ သားသမီး ၄ ယောက် ကျန်ရစ်ခဲ့ ပါတယ်။

No comments: