Tuesday, March 16, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၂)

ဖထီးမန်းက ဂိုက်လိုင်းပေးတယ်။ ကျနော်က အကောင်အထည်ဖော်တယ်။ တနေ့တော့ လူရှင်းတဲ့အချိန် ဖထီး အယ်နိုး ကို ကျနော်သွားတွေ့တယ်။

“ဖထီးရယ် အဆောင်မှာ ကြမ်းပိုးတွေ သိပ်ကိုက်တာပဲ၊ ညညကျရင် အိပ်လို့မရဘူး၊ ဖထီးမှာ စက်ကျဆီတွေ မရှိဘူးလား၊ ရှိရင် နည်းနည်း လိုချင်တယ်၊ အဆောင်ကို ကြမ်းပိုးတွေ သေအောင် သုတ်ချင်လို့”

ဖထီး အယ်နိုးကလည်း လွယ်လွယ်ကူကူပဲ မီးစက်ထဲက စက်ဆီအကျတွေ ခေါ်ပေးတယ်။ တောင်းတုန်းက နည်းနည်းပဲ၊ ဒါပေမယ့် တကယ်ယူတော့ လေးထောင့်ပုံးနဲ့ တပုံးအပြည့် ယူတယ်၊ ဖထီးအယ်နိုးကလည်း ဘာမှ မမေး၊ မစပ်စုဘူး။

ဖထီးအယ်နိုးကို အတုံအလှည့် ကျေးဇူးဆပ်တဲ့အနေနဲ့ ကျနော်တို့တောင်ယာကထွက်တဲ့ ပဲတောင်ရှည်၊ ခရမ်းချဉ်သီးရယ် ငရုတ်သီးစိမ်းနဲ့ သခွားသီးတွေ သွားပေးတယ်။ ပေးကမ်းခြင်းသည် ဘာကိစ္စမဆို အောင်မြင်ဖို့ရာအတွက် အထောက်အကူ ဖြစ်စေရာ၏ ဆိုတာလည်း ရှိတယ်မဟုတ်လား။

ဖထီး အယ်နိုးပေးလိုက်တဲ့ စက်ကျဆီကို တောင်ယာထဲမှာ ကျင်းတူး၊ ကျင်ထဲကိုထည့်၊ အပေါ်က သွပ်ပြားပိုင်းလေးနဲ့ ပြန်အုပ်၊ အဲဒီအပေါ်ကမှ တခါ ရှင်းထားတဲ့ ပေါင်းမြက်တွေ ပြန်အုပ်၊ အမှတ်တမဲ့ကြည့်ရင် စွန့်ထားတဲ့ အမှိုက်ပေါ့။ ဒါကို ညမိုးချုပ်မှာ ဂျယ်ရီကျွန်းကလေးကိုပို့၊ ကျန်တာကတော့ ရေနံအဖြစ်နဲ့ လှေကို သုတ်ရုံပဲပေါ့။

ဒီနေရာမှာ အဖြစ်အပျက် အပိုဆောင်းလေးတွေ ဖြစ်ပေါ်လာတာလည်း ရှိသေးတယ်။ ကျွန်းပေါ်ရောက်စတုန်းက ပင်လယ်ရေဆိုရင် သူချိုးချင်၊ ငါချိုးချင် ဖြစ်ကြတာပေါ့။ ဒါလည်း လူ့သဘာဝပဲ မဟုတ်လား။ ရှားပါးခက်ခဲရင် ဘယ်သူမဆို လိုချင်တဲ့သဘောပါ။ နောက်ပိုင်းကျတော့ ကျနော်တို့ တိုက်ချလိုက်တာ ပင်လယ်ရေ ချိုးချင်သလောက်ချိုး၊ တနေ့လုံးစိမ်ပြီး ချိုးချင်လည်းရတာပဲ။ အဲဒီလိုကျတော့လည်း ဘယ်သူမှ တောင်းတောင်းတတ မချိုးကြတော့ပါဘူး။

ရောက်ခါစ ပင်လယ်ရေ မစို့မပို့ချိုးရတဲ့အခါတုန်းက ရေကူးတတ်တဲ့လူတွေကလည်း အားရပါးရ ကူးကြပေါ့၊ ရေမကူးတတ်တဲ့ လူတွေကလည်း ရေကူးသင်ကြပေါ့။ ရေမကူးတတ်တဲ့ လူတွေထဲမှာ ဦးမြသန်းတင့်လည်း ပါတယ်။ သူလည်း ရေကူး သိပ်တတ်ချင်တဲ့အထဲမှာ ပါတယ်။ ရေကူးသင်ပေးပါပြောတာနဲ့ ကျနော် မှတ်မှတ်ရရ ရေကူးသင်ပေးလိုက်တာ ရေကူးတတ်သွားပါတယ်။

ရေကူးတတ်တဲ့လူတွေထဲမှာ နည်းစနစ်တကျနဲ့ ရေကူးတတ်လာတဲ့လူတွေထဲမှာ ကိုဖေအောင်ရယ်၊ ဒေါက်တာကျီးရယ်၊ ဆရာဗန်းမော်ရယ်။ သူတို့ရေကူးတာ စနစ်တကျတတ်လာတဲ့ လူတွေဆိုတော့ ကြည့်လို့လည်း လှတယ်၊ ကျနော်တို့ကတော့ မြစ်နားချောင်းနား မြစ်ဝကျွန်းပေါ်သားတွေမိုလို့ အများသူငါ တတ်လာသလိုပဲ ရေကူးတာမျိုးပါ။

၁၉၅၈ ခုနှစ်၊ နေဝင်း အိမ်စောင့်အစိုးရလက်ထက် ကျွန်းကို ပထမအကြိမ်ပို့ခဲ့စဉ်တုန်းက အခုလို မလွတ်လပ်ခဲ့ကြပါဘူး။ အဲဒီ ၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တုန်းက ကျွန်းကို အပို့ခံခဲ့ရသူတွေဟာ လေထီးဗိုလ်အုန်းမောင်၊ ဒလ ဦးထွန်းစိန်၊ ဆရာဗန်းမော်၊ ဆရာ ဦးမြသန်းတင့်၊ ကိုဖေအောင်တို့ဖြစ်တယ်။ ခုတခါပါနဲ့ဆို ဒုတိယအကြိမ်ပေါ့။

စံချိန်တင် ရေကူးခဲ့တဲ့ ဦးမြသန်းတင့်တို့

ဦးမြသန်းတင့် ဘာစိတ်ကူးရတယ် မသိပါဘူး၊ သူပြောသံကြားရတာကတော့ ပင်လယ်ပြင်ကို ဖြတ်မယ်ဆိုရင် တကယ် ရေကူးတတ်ရမယ်၊ အကြာကြီး ကူးနိုင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောနဲ့ပဲ ထင်ပါတယ်။ သူရယ်၊ မြင်းခြံ ကိုအောင်ငြိမ်း၊ ပြည်က ကိုချိုရယ်။ သူတို့ ၃ ယောက်သား အနောက်ဘက်ကမ်းခြေ ကျနော်တို့ ကိုကိုးကျွန်းကိုပို့တုန်းက တက်ခဲ့တဲ့နေရာ မှာ သူတို့လေ့ကျင့်လိုက်ကြတာ အဲဒီကမ်းခြေပြန့်ပြန့်လေးမှာ ခေါက်တုံ့ခေါက်ပြန် မနားတမ်း ဆက်တိုက် ၃ နာရီအချိန်ကြာ တဲ့ထိအောင် ရေထဲမှာစိမ်ပြီး ဆက်တိုက်ကူးနိုင်တယ်။ စံချိန်ပဲ၊ ချီးကျူးစရာပဲ။

သဲထိတ်ရင်ဖို ဖြစ်ရပ်

နောက်အဖြစ်အပျက်တခုကတော့ အင်မတန် သဲထိတ်ရင်ဖိုစရာကောင်းတဲ့ အဖြစ်အပျက်ပါ။ ကျနော်တို့ကိစ္စကလည်း ရိပ်မိတဲ့သူတွေ နည်းနည်းပါးပါး ရိပ်မိကြတယ်။ တချို့လည်း အားကျတာရှိတာပေါ့။ ပြိုင်ချင်တာလည်း ရှိမှာပေါ့။ တုချင်တာလည်း ရှိမှာပေါ့။

၁၉၆၇ ခုနှစ်၊ သြဂုတ်လ စစ်တွေဆန်လုပွဲမှာ ခေါင်းဆောင်တဲ့ ရခိုင်အမျိုးသား အောင်သာကျော်၊ ကိုမြတ်သန်း ပြီးတော့ တောင်တွင်းကြီးက ကိုတင်အေး။ သူတို့ ၃ ယောက် အကြံကြီး ကြံပါလေရော။ လုပ်ကိုင်ပုံကတော့ မသေမသပ်နဲ့။ အင်မတန်မှပဲ အန္တရာယ်များလှပါတယ်။

ကိုကိုးကျွန်းရဲ့တောင်ဘက် ကျွန်းဆွယ်လေးရဲ့အဆုံးလည်းဖြစ်၊ တောင်စွယ်လေးရဲ့အဆုံးလည်းဖြစ်တဲ့ အနောက်ဘက်ကမ်းခြေ တောစပ်ကလေးမှာ သူတို့ နေရာယူပြီး လုပ်တာ။ သူတို့နေရာယူပြီး လုပ်တဲ့နေရာက ကျနော်တို့ လျှို့လျှို့ဝှက်ဝှက်နဲ့ ပစ္စည်းတွေသယ်တဲ့ လမ်းကြောင်းဖြစ်နေတယ်။

မိုးလယ် ဇူလိုင်လထဲမှာလို့ ကျနော်ထင်တယ်။ တနေ့တော့ ကျနော်လုပ်ကိုင်စရာ တနေ့တာပြီးလို့ ဂျယ်ရီကျွန်းကနေ ပြန်ကူးလာတယ်။ ကျနော်တို့ ပစ္စည်းသယ်နေကျ လမ်းကလေးကပဲ တောရိပ်ခိုပြီး သတိနဲ့ပြန်လာတယ်။

ခဏလေးသွားတော့ တဒုတ်ဒုတ်နဲ့ ထုသံ၊ ရိုက်သံ ကြားရတယ်။ အသံကြားတဲ့ဆီကို ကျနော် ခြေဖွပြီး ဝင်သွားတယ်။ လား လား ဘသားချော ၃ ယောက် ထုရိုက်နေတာကို ပက်ပင်းတိုးတော့တာပဲ။ ကျနော်လည်း သူတို့ကို အံအားသင့်၊ သူတို့ ၃ ယောက်ကလည်း ကျနော့်ကို အံအားသင့် မှင်သက်ပြီး တယောက်နဲ့တယောက် စကားမပြောနိုင်ဘဲ ဖြစ်နေကြတယ်။

သူတို့လုပ်တာကိုင်တာ ကျနော်မြင်တော့ ကျနော် အတော်စိတ်ပျက်သွားတယ်။ သူတို့ဆောက်တဲ့ လှေပုံစံက ဘယ်လို နည်းနဲ့မှ လှေမဖြစ်လာနိုင်ဘူး။ ပင်လယ်မပြောနဲ့၊ ချောင်းရိုး မြောင်းရိုးကလေးတောင် သွားလို့မဖြစ်တဲ့ ပုံစံပါ။ လှေက အလျား ၅ တောင်ကျော်လောက် ရှိမယ်။ လှေတကူမရှိ ဘာမရှိနဲ့။ လုပ်တာကိုင်တာ ကင်းမချ ဘာမချနဲ့၊ ဝါဒါတွေနဲ့သာ ဘွားခနဲတိုးရင် ဘယ်လိုလုပ်မလဲ။ အကုန်လုံး ဒုက္ခဖြစ်မှာ။

အောင်သာကျော်က ကျနော့်ကိုခေါ်တယ်။ သူတို့နဲ့အတူ တွဲပြီးလုပ်ပါတဲ့။ ကျနော်တို့လုပ်နေတာ သူတို့သိပါတယ်တဲ့။ ကျနော်က ကျနော်တို့မှာ ဘာမှ အစီအစဉ်မရှိပါဘူးလို့ ငြင်းလိုက်ရတယ်။ ကျနော်က ပြန်ပြောလိုက်သေးတယ်။

“ခင်ဗျားတို့လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် အစောင့်လေး၊ ကင်းလေးချပြီးတော့မှ လုပ်ရင်ကောင်းတာပေါ့။ တကယ်လို့ ဝါဒါတွေတွေ့သွားရင် အန္တရာယ်ရှိတယ်။ တချို့ဝါဒါတွေလည်း လျှောက်သွားတာရှိတယ်။ ခင်ဗျားတို့ သတိထားလုပ်ပါ။ ခင်ဗျားတို့လုပ်တာ ကျနော်တွေ့သွားတဲ့အတွက် ကျနော့်ဘက်က ပေါက်ကြာတာမျိုး မဖြစ်စေရပါဘူး။ ကျနော် ထိန်းသိမ်း ပါ့မယ်။ စိတ်ချပါ”

ပြောပြီး ကျနော်ထွက်လာခဲ့တယ်။

ညနေစောင်း ဖထီးမန်းနဲ့လူချင်းပြန်ဆုံတော့ အောင်သာကျော်နဲ့ ပက်ပင်းတိုးခဲ့တဲ့ကိစ္စကို ပြန်ပြောပြတယ်။ ဖထီးမန်း အတော်စိတ်ပျက်သွားတယ်။ ဖထီးမန်းက ပြောတယ်။

“အောင်ကျော်သာတို့ လုပ်တာကိုင်တာ အင်မတန် အန္တရာယ်များတယ်၊ ရန်သူ ခဏလေးနဲ့သိပြီး ယုန်ထောင် ကြောင်မိဖြစ်ပြီးတော့ ကျနော်တို့လုပ်ငန်းပါ ထိခိုက်ပျက်စီးသွားနိုင်တယ်”

ဆက်လက်ဖော်ပြပါမည်။

No comments: