Tuesday, March 9, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၁)

မိုးကျလာပါပြီ။ အိမ်ဟောင်းတွေတဝိုက်က သွပ်ပြား ၃ ချပ်ကိုခွာပါတယ်။ ဆပ်သွားဖူးချုံထဲကိုသွင်းပြီးတော့ အနိမ့် အမြင့် ခပ်စောင်းစောင်းလေးလုပ်ပြီး လှေကိုမိုးထားလိုက်တယ်။ သွပ်မိုးအနိမ့်ကကျလာတဲ့ မိုးရေတွေကို ရေတံလျှောက်တခုလုပ်ပြီး မိုးရေတွေကို မန်းဝင်းမြင့် ရိုက်ပေးလိုက်တဲ့ ရေပုံးခြောက်ပုံးထဲကို ကျလာတဲ့ မိုးရေတွေကို ထည့်လိုက်တယ်။ ရေပြည့်တော့ အဖုံးနဲ့ပြန်ဖုံးပြီး ပွဲညက်နဲ့ဖာလိုက်တော့ ရေလုံပုံးတွေဖြစ်ပြီး စိတ်ချသွားရတယ်။

ရွက်တိုင်နေရာကို လှေဦးရဲ့အလယ်လောက်နေရာမှာ သစ်သား (၄x၂) ၄ ချောင်းကို ကြက်ခြေခတ် ရိုက်လိုက်တယ်။ ကြက်ခြေခတ်ဆုံတဲ့နေရာမှာ ရွက်တိုင်အပေါက်ကို ဖောက်တယ်။ လှေဝမ်းမှာ ပျဉ်ထုတခုခံတဲ့ ပျဉ်အပေါ်မှာ နောက်ထပ် (၄x၂) ချောင်း ၄ ချောင်းကို ကြက်ခြေခတ်လုပ်၊ ရွက်တိုင်အပေါက်တခု ထပ်ပြီးဖောက်လိုက်တော့ ရွက်တိုင်ကို လှေဝမ်းမှာ တချက်၊ လှေပေါ်မှာ တချက် ချုပ်ပြီးသားဖြစ်သွားတယ်။

သိပ်ကိုခိုင်ပြီး စိတ်ချရတဲ့ ရွက်တိုင်ပေါက် ဖြစ်သွားတယ်။ ရွက်တိုင်ကိစ္စပြီးသွားတော့ ရွက်ကိစ္စပဲ ကျန်တော့တယ်။ ဆရာဦးအောင်ငွေကလည်း ဖထီးမန်းကို လှေအခြေအနေ စကား စ ကာ မေးတယ်။ ဖထီးမန်းက ပြောတယ်။

“ခင်ဗျား ကျန်းမာရေး ကောင်းကောင်း ဂရုစိုက်ပါ”

ဒါပဲ ပြန်ပြောတယ်။ ဦးအောင်ငွေ လိုက်ရေး မလိုက်ရေး ပြဿနာက သူ့ကိုယ်ပိုင်ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာတယ်။ ကျနော်တို့က လိုက်ပါလို့ မဆွဲဆောင်ကောင်းသလို မလိုက်ပါနဲ့လို့လည်း မတားမြစ်ကောင်းဘူးလို့ပဲ သဘောထားတယ်။

တကယ်တော့ ဦးအောင်ငွေက စိတ်ကသာ ထက်သန်နေတာ လူက ဟန်သေးတာမဟုတ်ဘူး။ ရက် ၄၀ တိုက်ပွဲ ဒုတိယအသုတ် တိုက်ပွဲဝင်သူတွေထဲမှာ သူပါခဲ့တာ။ သူလည်း ချိတဲ့အထဲမှာ တယောက်ပါတယ်။ လမ်းလျှောက်ရင် ဆန့်တန့် ဆန့်တန့်နဲ့ ခြေကဆွဲပြီး တွဲနေတာ။ သူလည်း ကျန်းမာရေးကို ဂရုစိုက်ပြီး အတော်ပြင်ပါတယ်။ နောက်တော့ အတော်လေး သွားနိုင် လာနိုင်ဖြစ်လာတယ်။ ဦးအောင်ငွေက ကျနော်နဲ့ ဘယ်တော့ကမှ တိုက်ရိုက်ဆက်ဆံမှု မရှိဘူး။ ဖထီးမန်းနဲ့ပဲ ရှိတယ်။

ရွက်ကိစ္စကို ဖထီးမန်းနဲ့ ဦးအောင်ငွေပဲ စီစဉ်တယ်။ ဦးအောင်ငွေက စိတ်ရှည်တယ်၊ စေ့စပ်တယ်၊ ထီတွင်တတ်တယ်၊ အနုစိတ် လုပ်တတ်တယ်။ ၄ ထောင့်ရွက်ကြီးက တဖုံ၊ အနောက်တိုင်း ၂ နားညီ တြိဂံပုံ စွန်တောင်ရွက် အကြီးတခု၊ အသေးတခု၊ ရွက် ၃ ဖုံ။ ပြီးတော့ လိုအပ်တဲ့ ရွက်ကြိုးတွေကိုတော့ ဂုံနီအိတ်က ဂုံနီကြီးတွေကို စိတ်ရှည်ရှည်ဖြုတ်ပြီးတော့ ရွက်ကြိုး ကျစ်တယ်။ ဦးအောင်ငွေ ကြိုးစားလိုက်တာ အားလုံး ချောမောစွာနဲ့ ကိစ္စပြီးသွားတယ်။

ကျွန်းမှာ ထုတ်ပေးတဲ့ အဝတ်အစားတွေက အဖြူခံပေါ်မှာ အပြာစင်းနဲ့။ အဲဒါတွေကို အုံးခေါက်နဲ့ ပြုတ်။ စိတ်ကြိုက်ရပြီဆိုတော့မှ ဆားခပ်ပြီး အရောင်ချုပ်လိုက်တော့ နီညိုရောင် ယောဂီရောင် ရလာတယ်။ ကျနော်တို့ အကျဉ်းသား အတော်များများဟာ ဒီလိုပဲ အုန်းခေါက်ပြုတ်ဆိုးပြီး ဝတ်တာ များတယ်။ ရွက်တွေအားလုံးကိုလည်း အုန်းခေါက်ပြုတ်ပြီး ဆိုးထားတယ်။

လွန်ခဲ့တဲ့ ဆောင်းပေါက်က ကျနော်တို့လုပ်ထားတဲ့ လိပ်သားကျပ်တိုက်ခြောက်ဟာလည်း မိုးတွင်းရောက်လာတော့ မိုးငွေ့ရိုက်တာ ထင်ပါတယ်။ မှိုတွေတက်တာနဲ့ ချက်ပြီးစားပစ် ပေးပစ်လိုက်တာ ကုန်သွားတယ်။ အသစ်ထပ်ရှာရမယ်။

စောစောပိုင်းက ကျနော်တင်ပြခဲ့သလိုပဲ လိပ်သောင်ကို ဦးစွာသွားခဲ့သူများဟာ ဖထီးမန်းနဲ့ ကျနော်ပဲ။ နောက်တော့ ဒီလိုပဲ တိုးတိုးတိတ်တိတ် စွန့်စားရင် ရတယ်ဆိုတာ သိလာကြတော့ တောင်ဘက်ဖိုက ဘဝတူတွေလည်း လိပ်သောင်ကိုသွား၊ လိပ်တွေဖမ်း။ မြောက်ဘက်ဖိုက မောင်ကျောင်းသားတွေလည်း လိပ်သောင်ကိုသွား၊ လိပ်တွေဖမ်းနဲ့ လိပ်သောင်က လိပ်တွေ အကောင် ၃၀ ကျော်လောက် ချောသွားပြီ။ လိပ်သောင်ဟာ လိပ်သောင်မဟုတ်တော့ဘဲ တဖြည်းဖြည်းနဲ့ လိပ်သင်္ချိုင်းလို ဖြစ်လာတယ်။

ဟိုး … ဦးစွာမဆွ ပထမဆုံး လိပ်သောင်ကို ဖထီးမန်းနဲ့ ကျနော်သွားခဲ့စဉ်တုန်းက လိပ်အကောင် သုံးလေးဆယ်ဟာ သောင်ပြင်မှာ တရှူးရှူး တရှဲရှဲနဲ့ တင့်ကားတပ်ကြီး ချီတက်လာသလို ဧရာမ လိပ်ခြေရာ စွတ်ကြောင်းကြီးတွေကလည်း တင့်ကားချိန်းကြိုးရာနဲ့ လွန်စွာပဲတူပါတယ်။

အခုတော့ လိပ်တွေလည်း သူတို့ကိုယ်သူတို့ သိလာကြတယ်ထင်တယ်။ လိပ်တွေဟာ အတက်သာရှိပြီး ပြန်အဆင်းမရှိကြတော့ လိပ်သောင်ဟာ လိပ်တွေမတက်တော့သလောက် ဖြစ်သွားတယ်။ ၄ ခါလောက် သွားစောင့်မှ တခါလောက်ပဲရတာမျိုး ဖြစ်လာတယ်။

လိပ်တကောင်ပြန်ရဖို့ အတော့်ကို ကြိုးစားနေရတယ်။ လိပ်သောင်ဟာ စစ်တပ်ဧရိယာအဖြစ် သတ်မှတ်ထားတယ်။ လိပ်သောင်ကိုသွားချင်ရင် ညနေစောင်း ၃ နာရီလောက်အရောက်သွားပြီး ကင်းပုန်း ဝပ်နေရတယ်။ ညနေ ၅ နာရီလောက်ဆိုရင် လိပ်သောင်ရဲ့မြောက်ဘက်ပိုင်းမှာ ကျောက်ညီနောင်ဆိုတဲ့ ကျောက်တုံးကြီး ၂ တုံးက ကမ်းခြေကို ပိတ်ထားသလို ရှိနေတယ်။ (ဆရာဦးမြသန်းတင့်ရဲ့ ‘ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ဆိုတဲ့အထဲက ကျောက်ညီနောင်ဟာ ဒီ ကျောက်ညီနောင်ကို ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်)။

တကယ်လို့ ကျွန်းရဲ့မြောက်ပိုင်းက ခပ်ပြာပြာ အဝတ်အစားနဲ့ ငတိတွေလာရင် အဲဒီကျောက်ညီနောင်ပေါ်ကပဲ ကျော်ပြီး ဆင်းလာရတယ်။ တခြားဘယ်ကမှ ကွေ့ပတ်ပြီး ကျော်ဆင်းလို့မရဘူး။ အဲဒါကို မိုးကုပ်စက်ဝိုင်းနောက်ခံ (စကိုင်းလိုင်း)နဲ့ ကင်းပုန်းဝပ်နေရာက လှမ်းပြီးမြင်ရတယ်။

အဲဒါဆို ဆုတ်ခဲ့တော့ ဒီညအဖို့ ပြာပြာဝတ်သော ငတိများ လိပ်သောင်ကို ပိုင်သွားပြီ။ တကယ်လို့ ကျောက်ညီနောင်ပေါ်က သူတို့တွေ ပေါ်မလာရင်တော့ ဒီညအဖို့ လိပ်သောင်ကို အပိုင်စားစေဗျား။

နောက်တခုကလည်း ကျနော်တို့ဘဝတူ အချင်းချင်းတွေက တောင်ဘက်ဖို့နဲ့ မြောက်ဘက်ဖို ရှိတယ် မဟုတ်လား။ တောင်ဘက်ဖိုက ဘဝတူတွေက လိပ်သောင်ကို အရင်ရောက်နေနှင့်ရင် မြောက်ဘက်ဖိုက မောင်ကျောင်းသားများ နောက်မှရောက်လာရင်တော့ ဒီညအဖို နောက်မှရောက်တဲ့ လူက ဆန်ပြုတ်ပေတော့။ အဲဒီလိုကလည်း ရှိသေးတယ်။ အိုးစားကွဲသွားကြပြီဆိုတော့ ဒီလိုပဲရှိပေတော့မပေါ့။

ဒီကြားထဲ အကြံသမား ကျနော်တို့ကလည်း အရိပ် ၃ ပါးကိုကြည့်ပြီး အငိုက်ဖမ်းပြီး လိပ်သောင်ကို သွားလာရတာဆိုတော့ လိပ် တကောင်ရဖို့ရာ အတော်ခက်ခဲလာတဲ့ အခြေအနေမှာ ရှိလာတော့တာပေါ့။

ကျနော်တို့က လှေကကွဲသွားတဲ့ ပျဉ်တွေပြန်ခွာ၊ အစားပြန်ပြီးရိုက်တာလည်း ပြီးသွားပြီ။ လှေရဲ့ပျဉ် ၂ ခုကြားက အချပ်တွေမှာ ပွဲညက် ထေးဖို့ ဖာဖို့ လုပ်ရဦးမယ်။ အုန်းဆံခွံကိုထုလိုက်တော့ အုန်းဆံကြိုးလေးတွေရတယ်။ အဲဒီ အုန်းဆံကြိုးလေးတွေကိုကျစ်ပြီး လှေရဲ့ပျဉ် ၂ ခုကြားထဲကို ဓားဦးနဲ့ဖိပြီး သွင်းပြီးတော့မှ ပွဲညက်နဲ့ ဖာလိုက်တယ်။ လှေကို ပွဲညက်ဖာတဲ့ ကိစ္စပြီးသွားပြီ။ လှေကို ရေနံသုတ်ဖို့ ကျန်သေးတယ်။ လှေသမ္ဗာန်ဆိုတာ ရေနံကို အပြန်ပြန်သုတ်နိုင်မှ ရေနံဝလေ ကောင်းလေ မဟုတ်လား။

ဒီကျွန်းခေါင်ခေါင်ကြီးမှာ ဘယ်ကလာပြီး ရေနံကရမှာလည်း ကြံရတာပေါ့။ ဒီလိုပဲ ကြံရတာပေါ့။ ဖထီးမန်းရဲ့ သီအိုရီက ဘာမှမဖြစ်တာမရှိဘူး။ အကုန်လုံးဖြစ်တာချည်းပဲ။ ဖထီးမန်းပြောလိုက်ရင် အတော်အားရှိစရာ ကောင်းတယ်။ ဝါဒါတွေထဲမှာ နှစ်ရစ်နဲ့ ကရင်အမျိုးသား ဆရာကြီးတယောက်ရှိတယ်။ သူက ဗျူကယ် မှုတ်တယ်။ ကျွန်းကိုရောက်ခါစ မီးစက်မောင်းပြီး မီးတွေပေးသေးတယ်။ နောက်ပိုင်းမှာ မီးတွေမပေးတော့ဘူး။ သူက မီးစက်တွေကိုင်ရတယ်။ သူ့ကို ဟိုအစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးရင်းနှီးမှု တည်ဆောက်ထားတယ်။ တခါတလေ သွေးစကားပြောမျိုးလည်း ရှိတာပေါ့။

ဆက်လက်ဖော်ပြပါမည်။

No comments: