Friday, December 18, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၈)

ဖထီးမန်းအောင်ကြည်ညွှန်ပြရာ ပင်လယ်ဘက်သို့ ကျနော်လှမ်းမျှော်ကြည့်လိုက်ရာ ပင်လယ်ကြီးမှာ မြူနှင်းများ ဝေ့ပြီး ငြိမ်သက်နေပါသည်။ ဖထီးမန်း ညွှန်ပြသည့် ထိုနေ့မနက်ကမြင်ကွင်းကို ယနေ့အထိ ကျနော် မြင်ယောင်နေပါသေးသည်။ ပင်လယ်ပြင်ကြီးကို ကျနော်ရပ်၍ ကြည့်နေပါသည်။ ကျနော့်စိတ်ကူးထဲတွင် ပင်လယ်ပြင်ကြီးကို အောင်မြင်စွာ ဖြတ်သန်းလိုက်သည်။ ကမ်းခြေရောက်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရတော့မည်။ ကျနော် အလွန်ပျော်လာပါသည်။ စိတ်မှာလည်း ရွှင်လန်းပေါ့ပါးနေပါသည်။

ကျနော်ရောက်နေသော ကုန်းကြောကလေးမှာ ကြိမ်ဆူး၊ ကြိမ်နွယ်များ ထူထပ် စွာရှိနေသဖြင့် ဖထီးမန်းသည် ကြိမ်ခါးဖူးကို သူ့ ဓားရှည်ကြီးဖြင့် ခုတ်ပါသည်။ ကြိမ်ခါးဖူး လေးငါးဆယ်ချောင်းရမှ ကျနော် တို့တောင်ခြေသို့ ဆင်းလာကြပါသည်။ ဖထီးမန်းယူလာသော ကြိမ်းခါးဖူးကို တောင်ခြေတွင် မီးမွှေးပြီးဖုတ်သည်။ ကြိမ်ခါးဖူး ကျက်တော့မှ သူခွာစားပါသည်။ သူက ပြောလိုက်သေးသည်။

“ကြိမ်ခါးဖူး ခါးသက်သက် ဆိမ့်ပြီး စားလို့ကောင်းတယ်၊ ခင်ဗျားလည်း ခွာစား”

ကျနော့်ကို ကြိမ်ခါးဖူးတခု ပေးသည်။ ကျနော်လည်း ကျနော့် တာဇံဓားမြှောင်နှင့် ခွာစားပါသည်။ စားသောက်ကြပြီးနောက် ဖထီးမန်းအောင်ကြည်က သူ့အစီအစဉ်ကို ဆက်၍ရှင်းပြပါသည်။

“ရိက္ခာကတော့ လိပ်သားကျပ်တိုက်ခြောက် ပြီးတော့ ကစွန်းဥ၊ ရေကတော့ ပုံးလုပ်ပြီးပြီ။ ရေချိုထည့်ပြီး အဖုံးနဲ့ပြန်ဖုံးထားမယ်။ ရေပုံးအတွက် မန်းဝင်းမြင့်ကို လုပ်ခိုင်းထားတယ်”

“ဖထီး မန်းဝင်းမြင့်ကို မဆွေးနွေးကြည့်ဘူးလား” ကျနော် မေးပါသည်။

“ကျနော် သူ့ကို ဆွေးနွေးကြည့်တယ်၊ သူကတော့ မလိုက်ရဲဘူးတဲ့၊ ဒီလောက်အထိ မစွန့်စားရဲဘူးလို့ ပြောတယ်။ ဒါပေမယ့် လိုအပ်တာကို ဘေးကနေ ဝိုင်းကူလုပ်ပေးမယ်လို့ ပြောတယ်။ ဒီည လိပ်သောင်ကိုသွားမယ်၊ လိပ်ကိုဖမ်းပြီး အသားကျပ်တိုက်ခြောက် လုပ်မယ်၊ ကျနော်တို့ လူချင်းခွဲပြီး ပြန်ဝင်မယ်”

လိပ်သောင်ကို ဦးဆုံးစွန့်၍ သွားခဲ့သူများ

ကျနော်တို့ လူချင်းခွဲပြီး ဝင်းထဲသို့ ပြန်ဝင်ခဲ့သည်။ မိုးချုပ်စီစဉ်ထားသောအချိန်ရောက်လျှင် ၁၂ ဆောင်၏ အနောက်ဘက် မလွယ်ပေါက်မှ အသာလေးလျှိုပြီး ထွက်ခဲ့ပါသည်။ အပြင်တွင် ဖထီးမန်းအောင်ကြည် စောင့်နေသည်။

လဆုတ်ရက်မို့ ကြယ်ရောင်ကိုပဲအားပြုပြီး ကုန်းကြောလေးကိုကျော်ပြီး အနောက်ဘက်ကမ်းခြေသို့ ဦးတည်ထွက်လာသည်။ အိမ်လွတ် အိမ်ဟောင်းတွေရောက်မှ ဘောလုံးကွင်းကိုဖြတ်ပြီး မြောက်ဘက်သို့ ဦးလှည့်သည်။ ဘောလုံးကွင်းကိုဖြတ်ရာတွင် ဟင်းလင်းပြင်မို့ ကြယ်များ၏ အလင်းရောင်မြင်ကွင်းမှာ ရှင်းလှပါသည်။ ဘောလုံးကွင်းကိုလွန်ပြီး အုန်းတောသို့ဝင်လိုက်ရာ အမှောင်အားနည်းနည်း ပိုလာပါသည်။

နည်းနည်းဆက်လျှောက်ရာ ဗိုလ်တင့်တယ်တို့ မလညပ တောင်ယာ ရောက်လာသည်။ တောင်ယာကိုလွန်တော့ တောအုပ်ထဲသို့ရောက်လာ၍ ပိုပြီးမှောင်လာပါသည်။ လိပ်သောင်ဘက်သို့သွားသည့် တောလမ်းကို ကြယ်ရောင်ကိုအားပြုလျှက် ၂ ယောက်သား စမ်းစမ်းနှင့်လာခဲ့ကြသည်။ တနာရီလောက်လျှောက်လိုက်ရာ လိပ်သောင်ကမ်းခြေကို ရောက်လာပါတော့သည်။

လိပ်သောင်ကို တောစပ်အတိုင်း တောရိပ်ခိုပြီး မြောက်ဘက်သို့ ဆက်သွားသည်။ ပင်လယ်လေကလည်း တဝူးဝူး တိုက်ခတ်နေသည်။ လှိုင်းတွေကလည်း သောင်ခြေကို တဝုန်းဝုန်းနှင့် ပြေးပြေးရိုက်နေသည်။ ကမ်းစပ်သောင်ခြေရှိ အုန်းပင်တန်းကြီးကလည်း ပင်လယ်လေတိုက်သည့်အတွက် တဝူးဝူး အသံပေးပြီး ပုံသဏ္ဍာန်မျိုးစုံနှင့် ယိမ်းထိုးကနေကြသည်။ ဤ လိပ်သောင်ကို ပထမဆုံး စွန့်စားပြီးရောက်ခဲ့သည်မှာ ဖထီး မန်းအောင်ကြည်နှင့် ကျနော်တို့ ၂ ဦးဖြစ်ပါသည်။

လိပ်သောင်ကြီးတခုလုံးမှာ ဖထီးမန်းအောင်ကြည်နှင့် ကျနော်တို့ ၂ ယောက်ထဲ ၁၅ မိနစ်လောက် လျှောက်လာရာ ပင်လယ် ဒီရေတက်လာလို့ ရေပြည့်ချိန်အရောက်မှ ပင်လယ်လိပ်ကြီးတွေက တရှူးရှူးနှင့် မနည်းပါ။ အကောင် ၄၀ လောက်ရှိမည် ထင်သည်။

ဖထီးမန်းအောင်ကြည်နှင့် ကျနော်တို့ ၂ ယောက် စကောဝိုင်းထက်အရွယ်ကြီးသော ပင်လယ်လိပ်ကြီး ၃ ကောင်ကို ပက်လက်လှန်ပြီး ရှေ့လက် ဂျိုင်းကနေကိုင်ပြီးတော့ တောစပ်ဘက် ဘီးစပ်တောနှင့် ဆပ်သွားဖူးချုံကြားသို့ ဆွဲသွင်းထားလိုက်သည်။

ပင်လယ်ထဲသို့ပြန်ဆင်းတော့မည့် လိပ်ကြီးတကောင်ကို ကျနော် တက်စီးကြည့်သည်။ ကျနော် သူ့အပေါ် တက်စီးသည်မှာ ဘာမှပြဿနာမရှိပါ။ ကမ်းခြေရေစပ်သို့ သူ့နဂိုဆင်းမြဲအတိုင်း တရွေ့ရွေ့ ဆင်းသွားပါသည်။ ရေထဲအတော်လေးရောက်မှ သူ့ကျောကုန်းပေါ်က ဆင်းလိုက်ပါသည်။

ပင်လယ်လိပ်၏ ရှေ့လက်မှာ တောင်ဆုပ်နီးပါးရှိသည်။ နောက်လက်မှာတော့ တမိုက်လောက်ရှိသည်။ အမြီးက ၄ လက်မ လောက်ရှိမည် ထင်သည်။ ခေါင်းကတော့ ပုံမှန်အုန်းသီး ခပ်ကြီးကြီးအရွယ်လောက် ရှိပါသည်။

လိပ်တကောင်ကို အတွင်းပိုင်း ချုံနက်နက်သို့ဆွဲသွင်းပြီး ရှေ့လက်ကိုခုတ်ဖြတ်ပြီး ခေါင်းကို ဖြတ်၊ ပြီးတော့မှ ကျောကုန်းအခွံနှင့် ရင်ဘတ်အခွံစပ်တွင် ကျနော့် တာဇံဓားမြှောင်ကို ထိုးသွင်းပြီး ဆွဲဖွင့်လိုက်သည်။

လိပ်ကြီး၏ဗိုက်ထဲမှ ကျောက်ဒိုး အရွယ် ဝါဝင်းနေသော ဥသိမ်များ အပြည့်ရှိနေသည်။ ဥတွေကို အရင်ထုတ်ပြီးတော့မှ အသဲတွေ၊ အူတွေထုတ် အုန်းလက်ကိုခုတ်ပြီး အခင်းလုပ်၊ အသားတွေ လှီးထုတ်ပြီး ၎င်းအုန်းလက်ခင်းပေါ်မှာ ပုံပါသည်။ ပြီးတော့မှ သဲတွင်းတူးပြီး အခွံ၊ အရိုးတွေမြှုပ် လက်စဖျောက်ပစ်ပါသည်။

အသည်းနှင့် ဥတွေသာ ယူပါသည်။ အူမကြီးနှင့်အူကို မယူပါ။ ပြီးတော့ အသား တယောက် တထမ်းလွယ်ပြီး ပြန်လာခဲ့ပါသည်။ ကျန်တဲ့လိပ်ကြီး ၂ ကောင်ကတော့ ချုံထဲမှာပဲ ထားရစ်ခဲ့ပါသည်။

လိပ်သောင်အတိုင်းပြန်လာခဲ့ပြီးနောက် လိပ်သောင်လွန်ပြီး ဆက်လျှောက်လာရာ ကမ်းခြေနှင့်ဝေးသည့် အနောက်ပိုင်းတောထဲသို့ ဝင်လိုက်သည်။ လေးတိုင်စင်တခုကို လုပ်လိုက်သည်။ အုန်းလက်ကို ထူထူခင်း၊ လက်ဝါးတုံးကြီးလောက်ရှိသည့် လိပ်သားတုံးကြီးတွေကိုပုံ အပေါ်ဘက်ကနေ အုန်းလက်ထူထူ ပြန်အုပ်၊ အောက်ကနေ မီးကျီခဲကောင်းကောင်းနှင့် ကျပ်တိုက်သည်။

ဒီနေ့အဖို့ကတော့ ပါလာသည့် မန်းဝင်းမြင့် ရိုက်ပေးလိုက်သည့် လက်လုပ်ပုံးကလေးနှင့် အသည်းတွေ၊ လိပ်ဥတွေ ပြုတ်၊ ဆားငန်ရည် နည်းနည်းထည့် တနေ့လုံး ဆာလိုက် လိပ်ဥ လိပ်သားစား၊ အုန်းရည်သောက် ပင်လယ်လိပ်အသည်းမှာ တပိဿာနီးပါးရှိရာ ကျနော်တို့ ၂ ယောက် ဘယ်လိုလုပ် စားလို့ကုန်မလဲ။

ရဲဘော်တွေဖို့ အင်မတန်ကောင်းမွန်သည့် အမွန်အမြတ် အစာလေးကို ကျွေးချင်လှပါသည်။ စေတနာ ထက်သန်လှသော်လည်း ကျွေးလို့တော့ မကျွေးရက် မကျွေးရဲပါ။ လိပ်ဥနှင့် လိပ်သည်းကျွေးလိုက်ပြီး အသားကျတော့ ဘယ်မှာလဲဆိုတာ ပြဿနာကြီးပါ။

အသားက အောက်ကရော အပေါ်ကရော အုန်းလက်ထူထူခင်း ထူထူလုပ်ထားတော့ အသားဟာ အပူငွေ့နဲ့ ပေါင်းထားသလိုဖြစ်ပြီး အရည်တွေက စစ်ပြီးသွားပါသည်။ အသားတွေက ကျက်လည်း ကျက်၊ ခြောက်လည်း ခြောက်၊ စားလို့လည်းကောင်း ပါသည်။ ရေငွေ့ခြောက်တော့ အကြာကြီးလည်းထားလို့ ဖြစ်သွားပါသည်။

ကျနော်တို့ ၂ ယောက် ဘယ်လိုမှစားမကုန်သော အသည်းနှင့် ဥသိမ်တွေကို စောမောင်မောင်နှင့် မန်းဝင်းမြင့်ကို တိုးတိုးတိတ်တိတ်ပေးပြီး တိုးတိုးတိတ်တိတ် စားခိုင်းပါသည်။

ကျန်တဲ့ချုံထဲမှာ ပက်လက်လှန်ထားခဲ့သော လိပ် ၂ ကောင်ပြဿနာကတော့ တွဲဖော်တွဲဖက် ရဲဘော်ရဲဘက် ကိုအုန်းမော်ကြီးနှင့် ကိုချစ်ဆွေကြီးကို လက်တို့လိုက်ပါသည်။ ကျနော်တို့လူငယ်တသိုက် အုပ်စုဖွဲ့ပြီး လိပ်သောင်ကို ထွက်လိုက်လာပါတော့သည်။ လိပ်သောင်ရောက်တော့ ပက်လက်လှန်ထားလို့ ရက်ကန်ရက်ကန်ဖြစ်နေသော လိပ်ကြီး ၂ ကောင်ကို တာဇံတသိုက်က ဝိုင်းကိုင်လိုက်တာ ခြေရာလက်ရာ ပျောက်သွားပါရော။

ဆက်လက်ဖော်ပြပါမည်

No comments: