Thursday, December 31, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၀)

အဲဒီလှေလာနေတဲ့အချိန်မှာ ဒီဘက်မှာကျတော့အဲဒီ ခုနကပြောတဲ့ ရေတပ်က စစ်သားတွေ၊ ထောင်အမှုထမ်းတွေဟာ သဲတွေထဲမှာ ကတုတ်ကျင်းလိုဟာတွေ တူးထားတယ်။ နဂိုကတည်းက ရှိနေတဲ့ ဟာတွေ။ ချိုင့်တွေ၊ ကျင်းတွေပေါ့ဗျာ။

အဲဒါတွေထဲမှာ သူတို့က ကတုတ်ကျင်းလို၊ လိုက်ကျင်းလိုလုပ်ပြီး အဲဒီမှာ စစ်တိုက်ဖို့ အသင့်နေရာယူနေကြတာ။ သူတို့က ဝပ်ပြီးနေရာယူတယ်။ သေနတ်တွေကိုလည်း အသင့်ချိန်ပြီး စောင့်နေကြတယ်။ ဟိုကလာနေတာ ဘယ်သူမှန်း မသိ၊ ဘယ်ဝါမှန်း မသိလေ။

ကျနော်တို့ကတော့ ပင်လယ်ကမ်းထဲမှာ ပွဲလာကြည့်တဲ့လူတွေလိုပဲ ပျော်လို့။ ဟိုဟာပြော ဒီဟာပြောလို့ စုစု စုစုနဲ့ ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက် တရုန်းရုန်းပဲ။ ကျနော်တို့က အဲဒီ သေနတ်ကိုင်ထားတဲ့လူတွေနဲ့ သေနတ်နဲ့ ဟိုဘက်က သွားချိန်ထားတဲ့ တဖက်ကလာမယ့် အဲဒီကြားထဲလည်း ကျနော်တို့ ဖြတ်သွားတာပဲ။ သူတို့ရှေ့မှာ ရပ်ချင်လည်း ရပ်နေတာ။

အဲဒါ ကျနော်တို့ ရုတ်ရုတ်ရုတ်ရုတ်နဲ့လုပ်နေတာ ရေတပ်က လူတွေကရော၊ ထောင်အာဏာပိုင်တွေရော နည်းနည်းမှ မကြည်ဘူး။ သူတို့မျက်နှာတွေက မှုန်ကုပ်နေတာ။ ပြောလို့လည်း မကောင်းဘူး။ နောက်ကျ ထောင်အမှုထမ်းတွေက လာပြီးတော့ မေတ္တာရပ်ခံတယ်။

“ခင်ဗျားတို့ဗျာ အန္တရာယ်လည်းရှိပါတယ် တခုခုဖြစ်သွားလျှင်လည်း မကောင်းဘူး၊ နောက်နားခပ်ဝေးဝေးမှာ နေကြပါ” ကျနော်တို့လူတွေက သူတို့ပြောတာ ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး။ အဲဒီ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဧည့်သည်လာတာကို ကြိုဆိုရေး လုပ်နေတာကြနေတာပဲ။

ကျနော်တို့ အဲလိုနဲ့ လာနေတဲ့လူက တဖြည်းဖြည်း ပိုပို ပိုပိုပြီး နီးလာတာ မြင်ရတယ်။ မြင်ကွင်းကလည်း ပိုပြီး ရှင်းလာတယ်။ ပိုပြီး သဲကွဲလာတယ်။ အဲဒီတော့ လာနေတာက လှေမဟုတ်ဘူး။ ဖောင်။ ဖောင်တလုံးပေါ်မှာ လူ ၃-၄ ယောက် လှော်လာကြတာ။

အဲဒါ ပိုပိုပြီးနီးလာတဲ့အခါကျ အဲဒီဖောင်ဆိုတဲ့ဟာက စည်ပိုင်းကြီးတွေကို ဖောင်ဖွဲ့ပြီးလှော်လာတာ။ ဓာတ်ဆီထည့်တဲ့ စည်ပိုင်းလိုဟာမျိုးကြီးတွေ။ သူတို့က မတ်တပ်ရပ်ပြီး လှော်လာကြတာ။ သူတို့ကြည့်ရတာ လက်နက်လည်း ပါဟန်မတူဘူး။ အဲဒီတော့ နီးသထက် နီးလာတော့ အဲဒီ ဖောင်ပေါ်ကလူတွေက အသားမည်းမည်းတွေ။ ကုလားတွေဆိုတာ ရှင်းသွားတယ်။

နောက် သူတို့ဝတ်ထားတာကလည်း အစိမ်းရောင်၊ အပြာရောင်၊ အနီရောင်။ ဒေါင်လိုက် ငွေရောင်အစင်းတွေ၊ ရွှေရောင်အစင်းတွေ၊ တောက်တောက်ပြောင်ပြောင် အင်္ကျီဘောင်းဘီတွေ။ အင်္ကျီနဲ့ ဘောင်းဘီက အစ တစတည်းကို ချုပ်ထားတာ။ နောက်ပြီး သူတို့ခေါင်းပေါ်မှာ မွတ်ဆလင်တွေ ဗလီတက်တဲ့အခါဆောင်းတဲ့ ဦးထုပ်လို ဟာမျိုးလေးတွေလည်း ကိုယ်စီဆောင်းထားတာ တွေ့ရတယ်။

အဲဒီတော့ ကျနော်တို့ထဲကလည်း ကိုယ့်အထဲက ကုလားဆိုတဲ့လူတွေကို စကားပြောခိုင်းကြတာပဲ။ ကျနော်တို့ စခန်းထဲမှာရှိတဲ့ ကုလားဆိုတဲ့ လူတွေအထဲမှာလည်း ကုလားစကား တကယ်တတ်တာဟာ သိပ်များများရှိဟန် မတူပါဘူးဗျာ။ ကျန်တဲ့လူတွေကတော့ အတင်းပြောခိုင်းတာပဲ။

နောက် ကုလားစကားဆိုတာလည်း အမျိုးမျိုးရှိတယ်ဆိုတာလည်း ကျနော်တို့ မသိတာမဟုတ်ဘူး၊ သိတယ်။ အဲဒီတော့ ဘာသာစကားမတူရင် ကုလားအချင်းချင်းလည်း ပြောလို့ရတာမှ မဟုတ်ဘဲနဲ့။ ဒါပေမယ့် ကျနော်က အတင်းတိုက်တွန်း၊ အင်္ဂလိပ်လို ပြောမယ့်လူကလည်း ပြင်။ အကုန်လုံး ကျနော်တို့အခြေအနေကို မိတ်ဆက်ပြမယ်ပေါ့လေ။

ဒီလိုနဲ့အဲဒီလူတွေက အဲဒီဖောင်က ကမ်းနားရောက်လာတယ်ဆိုတာနဲ့ ရေတပ်က သေနတ်နဲ့ချိန်းပြီးတော့ အတင်း တက်လာခိုင်းတာပဲ။ အဲဒီလူတွေမှာ လက်နက် မပါဘူးဆိုတာလည်း သေချာတဲ့အခါကျတော့ ရေတပ်က တခါတည်း ထွက်ရပ်ပြီးတော့ အဲဒီလူတွေကို သေနတ်နဲ့ချိန်ပြီး တက်ခိုင်းတယ်။

အဲဒီတော့ အဲဒီလူတွေလည်း ကမ်းပေါ်တက်လာတော့ လက်မြှောက်ပြီး တက်လာတယ်။ လက်မြှောက်တက်လာပြီး ရေတပ်လည်းရောက်တဲ့အခါကျတော့ အဲဒီရေတပ်က သူတို့ကို လက်ထိပ်တွေ ဘာတွေ မခတ်ပါဘူး၊ ကြိုးတွေ ဘာတွေလည်း မချည်ဘူး။ ဒီအတိုင်းပဲ လက်ပြန်ချပြီး ခေါ်သွားတယ်။

ရေတပ်က ခေါ်တဲ့နေရာကို သူတို့လည်း ဘာစကားမှ မပြောဘူး။ စကားမပေါက်လို့လား ဘာလို့လား၊ အဲဒီ ဖမ်းတဲ့လူတွေနဲ့ အဖမ်းခံရတဲ့လူတွေ စကားပြောတာ လုံးလုံး မတွေ့ရဘူး။ အဲဒါ သူတို့လည်း လိုက်လာတာပဲ။ အသာတကြည် လိုက်လာတာ။

အဲလို ရေတပ်နဲ့ သူတို့နဲ့သွားနေတဲ့အခါမှာ ကျနော်တို့ဆီကလူတွေက အဲဒီကုလားတွေကို အတင်းဝင်ပြီး စကားပြောကြတာ။ ကုလားစကား ပြောတဲ့လူက ပြော၊ အင်္ဂလိပ်လို ပြောတဲ့လူက ပြောပေါ့လေ။ အဲဒါ ကျနော်တို့ ပြောချင်တာကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့အကြောင်း၊ ဗမာပြည် ပြည်မကနေပြီးတော့ ထောင်အသီးသီးကနေပြီး ဒီကို ပို့တယ်ဆိုတဲ့အကြောင်း အကုန်လုံး ပြောတာပဲ။ ဒီမှာ ဘယ်သူတွေ အစာငတ်ခံပွဲမှာ သေသွားတယ်ဆိုတဲ့အကြောင်း၊ ထောင်က ထွက်ပြေးကြတယ်ဆိုတဲ့အကြောင်း အကုန်လျောက်ပြောတာ။

ဒါပေမယ့် အဲဒီလူတွေက စကားမပေါက်တာလား၊ ဘာလား မသိဘူး။ ကျနော်တို့ ပြောတာကို မကြားသလိုဘဲ လုပ်နေတယ်။ နောက်ဆုံးကျတော့ အဲဒီထဲကတယောက်က ကျနော်တို့လူတယောက်ဘက်ကို လှည့်ပြီးတော့ သူ့လည်ပင်းသူ လက်ဝါးစောင်းနဲ့ ဖြတ်ပြတာ။ အဓိပ္ပာယ်က ကျုပ် ခေါင်းပြတ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

အဲဒါနဲ့ ကျနော်တို့လည်း ဆက်မပြောကြတော့ပါဘူး။ သူတို့ကို စာနာစွာနဲ့ပဲ ဒီအတိုင်းကြည့်တာ။ သူတို့လည်း ကြောက်မှာပေါ့ဗျာ၊ ဟိုက သေနတ် G-3 လို ဟာမျိုးကြီးနဲ့ ချိန်ထားတာ။ စတင်းဂန်းတွေ၊ G-3 တွေနဲ့။ နောက် သူတို့ရဲ့စက်လှေဟာ ကိုကိုးလေးကျွန်းရဲ့ ဟိုးအနောက် ဘက်ကမ်းမှာ ရပ်ထားတာ။ အဲဒါ ကျနော်တို့ဘက်က ဘယ်လိုမှ လှမ်းမမြင်ရဘူး။ စက်လှေလို့ ကျနော်တို့ နားလည်မိတယ်။

အဲဒီတော့ အဲဒီလှေပေါ်မှာ ဘာကုန်တွေပါလို့ လူ ဘယ်နှစ်ယောက် ကျန်တယ်ဆိုတာလည်း ကျနော်တို့ ဘာမှ မသိဘူး။ သူတို့က ဘယ်နိုင်ငံသားတွေဆိုတာလည်း မသိလိုက်ရဘူး။ ဖြစ်နိုင်တာက ဒီလူတွေက မှောင်ခိုပစ္စည်းသယ်တဲ့ လူတွေပဲလို့ ထင်တယ်လေ။

သူတို့ကို ရေတပ်ကခေါ်သွားပြီးတဲ့နောက် သူတို့အကြောင်း နောက်ထပ် ဘာမှမကြားရတော့ဘူး။ ကျနော်တို့ကလည်း တခြားအရပ်ကလာကတဲ့ ဇာတ်အဖွဲ့လေးတဖွဲ့ ပြန်သွားသလိုလောက်ပဲ။ သူတို့လည်း ပျောက်သွားတော့ ပြီးပြီးစေ ဖြစ်သွားတာပဲ။ ကိုယ့်မူလဘဝ၊ ကိုယ့် နေ့စဉ်ဘဝတွေက အာရုံတွေ ပြန်ရောက်လာတော့တာ။

ဆက်လက်ဖော်ပြပါမယ်။

No comments: