Wednesday, November 4, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ

ရေးသားထုတ်ဝေသူ

ရဲဘော်ရှောင်း

ထုတ်ဝေသည့်နေ့

၂၀၀၀ ခုနှစ်၊ ဇူလိုင်လ

ကွန်ပြူတာ စာရိုက်

နော်ခိုင်မာကျော်ဇော

စောစေးစေး

စောအယ်ထူး

မျက်နှာဖုံးအောက်လိုင်း

စာရေးသူ၏ သားများ

ကွန်ပြူတာရောင်စုံသွင်း

ဂေါ်ဝန် (CNG)

အုပ်ရေ

၁၀၀၀


ကရင့်တော်လှန်ရေးခရီးကြမ်းတလျှောက်တွင် အမျိုးသားနှင့် ပြည်သူအတွက် အသက်ပေးလှူစွန့်လွှတ်ခဲ့ကြသော ကရင့်အမျိုးသားခေါင်းဆောင် ကော်ခိုစောဘဦးကြီးနှင့်တကွ ဗိုလ်ချုပ်စိုင်းကေ၊ ဗိုလ်ချုပ်မင်းမောင် အစရှိသည့် အထောင်အသောင်းသော ကရင့်အာဇာနည်သူရဲကောင်းအပေါင်းတို့အားလည်းကောင်း၊ ကိုကိုးကျွန်းအာဇာနည် သူရဲကောင်းတို့အားလည်းကောင်း အဖိနှိပ်ခံ ဗမာပြည်လူမျိုးစုံ ပြည်သူတို့၏ဘဝ လွတ်မြောက်ရေးအတွက် အသက်ပေး လှူစွန့်လွတ်ခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အားလည်းကောင်း ဤမှတ်တမ်းဖြင့် ဦးညွှတ်အလေးပြုပါသည်။


“လူတယောက်ရဲ့တန်ဖိုးဆိုတာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ”

ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင်


မိတ်ဆက်

စာရေးခြင်းအတတ်ပညာနှင့် ရင်းနှီးကျွမ်းဝင်သူတဦး မဟုတ်ပါ။ တော်လှန်ရေးဘဝခရီးတလျှောက်မှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အကွေ့အလှည့်တခုကို ကြိုးစားတင်ပြခြင်းသာ ဖြစ်ပါတယ်။

စာအုပ်ဖြစ်မြောက်ရေးအတွက် အမျိုးမျိုး အကြံပေးကြပါတယ်။ “စာအုပ်ဆိုတာ အပြင်အဆင်ကောင်းမှ ဆွဲဆောင်မှုရှိတာ၊ အခန်းခွဲတာမှန်မှ အနုပညာမြောက်တာ၊ အထားအသိုမှန်မှ ပန်းချီ ဒီဇိုင်းကလည်း အရေးကြီးတာပဲ” စသည်ဖြင့် ပြောဆိုကြပါတယ်။ ပြောသံ ဆိုသံ အကြံပေးသံစုံတဲ့အတွက် အတော်မျက်စေ့လည်ပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံး ကျနော်တခုမှ နားမထောင် မလိုက်နာပါ။

စာအုပ်ကို ကိုယ့်ဟာကိုယ် အခန်းခွဲတယ်၊ ပန်းချီဒီဇိုင်းအတွက် ၁၃ နှစ်သား ဖိုးခွားကြီး စောသာဂေငြိမ်းကို မြင်ကွင်းပုံရိပ် ပြောပြပြီး ပန်းချီဆွဲခိုင်းပါတယ်။ ဖထီးမန်းအောင်ကြည်၊ ဆရာဦးအောင်ငွေတို့အကြောင်း သားသမီးတွေကို ဟိုးရှေးရှေးတုန်းက ပုံပြင်သဖွယ် အိပ်ရာဝင်တိုင်း မကြာခဏ ပြောပြခဲ့တယ်။ သားငယ်၊ သမီးငယ်တွေက အလွတ်နီးပါး သိနေကြပါပြီ။

ဖိုးခွားကြီးကလည်း ပန်းချီအနုပညာ ဓာတ်ခံရှိပါတယ်။ ဒီအတွက် ဖိုးခွားကြီးဆွဲပေးတဲ့ ပန်းချီကိုပဲ မျက်နှာဖုံး နောက်ကျောဖုံးအဖြစ် ဖိုးခွားကြီးလက်ရာကို ဂုဏ်ပြုလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးတွေကို တော်လှန်ရေးအမွေပေးချင်လို့ပါပဲ။


သားကြီး စောဂေငြိမ်း၊ သမီး နော်သာပွားငြိမ်း၊ သားလတ် စောလိုဖိုးငြိမ်း၊ သားငယ် စအောင်ကြည်ငြိမ်း တို့အတွက် အဖေ့မျှော်လင့်ချက်

သေနိုင်လောက်သော အမှုကိစ္စနှင့် ဖက်ပြိုင်၍လည်းကောင်း၊ ကံကြမ္မာနှင့် အလောင်းအစားပြု၍လည်းကောင်း၊ ဘဝ/အသက်နှင့်ရင်း၍ ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်တော်လှန်ခဲ့ရသော အဖေ့ဘဝကို လေ့လာသိရှိပြီးလျှင် မိမိတို့ဘဝတူ အဖိနှိပ်ခံ အမျိုးသားတို့အား အစွယ်ကျိုးသော မြွေ၊ ဦးချိုကျိုးသော နွား၊ ခြေသုတ်ကြိုးဝန်အလားကဲ့သို့ ရိုကျိုးနှိမ့်ချစွာ အလုပ်အကျွေးပြုသော ကရင့်သားကောင်း၊ သမီးကောင်းများဖြစ်ခဲ့ပါမူ ပြည်သူတို့၏မေတ္တာကိုခံယူရရှိ၍ မိုးသောက်သော ပန်း၊ ရေပြည့်လွှမ်းသော ကြာကဲ့သို့ ပွင့်လန်းမွှေး ကြိုင်ပါစေသတည်း။


မန်းရှာလာဖန်း၏ အမှာစာ

ရဲဘော် မန်းငြိမ်းမောင်ကို ကျနော်တို့ အားလုံးလိုလိုကပင် မန်းငြိမ်းဟုသာ ခေါ်လေ့ရှိကြပါသည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျနော်နှင့်တွေ့ဆုံရာတွင် သူ ရေးသားထုတ်ဝေတော့မည့် စာအုပ်အတွက် အမှာစာရေးပေးပါရန် အကူအညီတောင်းခံလာသည့်အခါ ကျနော် အားရဝမ်းသာစွာနှင့်ပင် လက်ခံလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤစာအုပ်ကိုရေးသားရန် သူ့အား ကျနော့်အနေနှင့် အကြိမ်ကြိမ် တိုက်တွန်းအားပေးခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

၁၉၆၂ ခုနှစ်မှစ၍ မြန်မာပြည်အတွင်း အလွန်ဆိုးဝါးသည့် စစ်အာဏာရှင်ကြီးစိုးမှုတရပ် ဖြစ်တည်လာလျှင်လာ ခြင်း ဤစစ်အာဏာရှင်များကို ဆန့်ကျင်အံတုဖက်ပြိုင် တိုက်ခိုက်ခဲ့ကြသည့် သူ ထောင်ပေါင်းများစွာ အနက်မှ မန်းငြိမ်း သည်လည်း တဦးအပါအဝင်ဖြစ်ခဲ့ပါသည်။

သူ၏ ပြတ်သားရဲရင့်မှုကြောင့် အင်းစိန်အကျဉ်းထောင်သို့လည်းကောင်း၊ အင်းစိန်ထောင်မှ ကိုကိုးကျွန်းသို့ လည်းကောင်း၊ ကိုကိုးကျွန်းမှ အင်းစိန်ထောင်သို့လည်းကောင်း၊ စစ်အာဏာရှင်တို့၏ အလွန်ကျော်ကြားလှသည့် ငရဲခန်းများတွင် ကြာမြင့်စွာ ကျင်လည်ခဲ့ရသည်။

၎င်း၏ အစောပိုင်း စစ်အာဏာရှင်ကြီးစိုးမှုကို ဆန့်ကျင်ခဲ့သည့် အတွေ့အကြုံများ၊ ၎င်း၏ အင်းစိန်ထောင် အတွေ့အကြုံများ၊ ၎င်း၏ ကိုကိုးကျွန်း အတွေ့အကြုံများ၊ ၎င်း၏ တော်လှန်ရေးလက်ဦးဆရာ မန်းအောင်ကြည်၊ ဆရာအောင်ငွေတို့နှင့်အတူ ကိုကိုးကျွန်းမှ လှေငယ်ဖြင့်ထွက်ပြေးခဲ့ကြ သည့် အတွေ့အကြုံများ၊ စစ်အုပ်စု၏ ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်သို့ တဖန် ပြန်လည်ရောက်ရှိခဲ့သည့် အတွေ့အကြုံများသည် လွန်စွာမှပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ဤကာလပိုင်းများအတွင်း ၎င်း၏ ရဲဝံ့စွန့်စားမှုများ၊ ၎င်း၏ သူရသတ္တိ၊ ၎င်း၏ စိတ်ဓာတ်၊ ၎င်း၏ ခိုင်မာသော နိုင်ငံရေး ရပ်တည်ချက်များသည် တမူထူးခြားသည်ဟု ကျနော် ထင်ပါသည်။

ဆရာကိုလှဖေ၏ ကျွန်းအတိတ်အရိပ်ပမာ အခန်းဆက် အသံလွှင့်ဆောင်းပါးကို ကျနော်နားထောင်ခဲ့ရာတွင် သူတို့၏ဘဝ ကို များစွာပင် စိတ်ဝင်စားခြင်း ဖြစ်ခဲ့ရသည်။ များစွာ လေးစားချီးကျူးမိခဲ့သည်။

မန်းငြိမ်းသည် ကျွန်းတွင်သူ၏ ဆရာကြီး မန်းအောင်ကြည် ၎င်းနောက် မျိုးချစ်စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ တက္ကသိုလ်မှ ဆရာ ကိုလှဖေ၊ အထက်တန်းပြဆရာ ကိုအောင်ငွေ၊ လူငယ်ကျောင်းသား နိုင်ငံရေးသမားများဖြစ်သည့် ကိုစိုးချစ်၊ ကိုအောင်ထက် နှင့်အခြား အသွေးအရောင်စုံလှသည့် မျိုးချစ်ပြည်ချစ် နိုင်ငံရေးသမားများနှင့် ကိုကိုးကျွန်း၊ တသက်တကျွန်း အကျဉ်းသမား များဘဝအတွင်း ပြောင်မြောက်သည့်တိုက်ပွဲ အများအပြားကို ပြုလုပ်ခဲ့ကြသည်။

စာရေးဆရာကြီး မြသန်းတင့်၏ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ဟူသော ဝတ္တုသည် သူတို့၏ ကျွန်းအတိတ်မှ အရိပ်တခု ဖြစ်ခဲ့ပြီး ဤဝတ္တု၏ သံချောင်းတည်းဟူသော ဇာတ်ကောင်ကို ဖန်တီးရာတွင် မန်းငြိမ်း၏ စရိုက်နှင့် လှုပ်ရှားမှုတစိတ်တဒေသကို ရယူခဲ့သည်ဟုသိရှိရပါသည်။

ဆရာ မန်းအောင်ကြည်၊ ဆရာအောင်ငွေတို့နှင့်အတူ ကိုကိုးကျွန်းမှနေ၍ သုံးယောက်သား လှေငယ်ဖြင့် ဖြတ်ကူးထွက်ပြေးခဲ့ကြသည့် ရဲဝံ့စွန့်စားမှုသည် မြန်မာပြည်တွင် တကြိမ်သာဖြစ်ခဲ့ပြီး ကမ္ဘာတွင်လည်း ရှားပါးလှသည့် ဖြစ်ရပ်ပင်ဖြစ်သည်။

ထိုမှတဖန် ပြန်လည် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်သို့ ပြန်လည် ရောက်ခဲ့ရပြန်သည်။ အင်းစိန်ထောင်တွင် ရှုထောင့်ဂျာနယ် အယ်ဒီတာ ဦးဝင်းခက်နှင့်အတူ တိုက်ပိတ်ခံနေရစဉ် လူချင်းမတွေ့ကြရဘဲ အသိဖြစ်ခဲ့ပုံ၊ ၎င်းတို့နှစ်ဦး အုတ်နံရံကို လက်ဖြင့်ခေါက်၍ အချက်ပြဆက်သွယ်ရေးစနစ်ဖြင့် ဆက်သွယ်ခဲ့ကြပုံ၊ အမြင်ချင်းဖလှယ်ခဲ့ကြပုံများသည် ရှာမှရှားသည့် အတွေ့အကြုံနှင့် ဖြစ်ရပ်များပင်ဖြစ်သည်။

ကျနော်သည် မန်းငြိမ်းနှင့်အတူ အင်းစိန်ထောင်တွင် နေခဲ့ဖူးသည့် ဆရာကိုလှဖေ၊ ကိုစိုးချစ်၊ ကိုအောင်ထက် စသူများကို တွေ့ဆုံခဲ့ရာတွင် ၎င်းတို့၏ စိတ်ဝင်စားဖွယ် တိုက်ပွဲ အတွေ့အကြုံများကိုသိရှိခဲ့ရ၍ ကျနော် သိရှိရသလို အခြားသူများကိုလည်း သိစေချင်လွန်းလှသည်။

တိုင်းရင်းသားလူမျိုးစုများအပေါ် အလွန်ရန်လိုမုန်းတီးခဲ့သည့် လူငယ်ကျောင်းသားများနှင့် ရဟန်းရှင်လူ ပြည်သူများအပေါ် ရန်လိုမုန်းတီးခဲ့သည့် မျိုးချစ် ပြည်ချစ် ပညာရှင်များအပေါ် ရန်လိုမုန်းတီးခဲ့သည့် ဗိုလ်နေဝင်းအမှူးပြုသော စစ်အုပ်စုကို တိုက်ပွဲဝင်ခဲ့ကြသည့် ထူးခြားသော အတွေ့အကြုံများကိုလည်းကောင်း၊ အင်းစိန်၊ ကိုကိုးကျွန်း စသည့် ဖက်ဆစ်တို့၏ ငရဲခန်းအကြောင်းကို လည်းကောင်း၊ ပြည်သူတရပ်လုံးကို သိရှိစေချင်လှသောဆန္ဒသည် ကျနော့်တွင် များစွာ ပြင်းပြလှပါသည်။

ဤအချက်ကြောင့်ပင် မန်းငြိမ်းအား ဤစာအုပ်ငယ်ကို ရေးသားထုတ်ဝေရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ခြင်း ဖြစ်ပါ သည်။ ကျနော့် မိတ်ဆွေတဦးက မန်းငြိမ်း၏ ကိုကိုးကျွန်းမှ လှေငယ်ဖြင့် ထွက်ပြေးခဲ့သည့် စွန့်စားခန်းကို အခြေခံ၍ ရုပ်ရှင် ဇာတ်ကားတစ်ကား ရိုက်ကူးရန်ကိုပင် စိတ်ကူးကြောင်း ကျနော့်ကို ပြောဆိုဖူးပါသည်။

အကယ်၍ ဤသို့ပြုလုပ်နိုင်ပါက ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဝတ္တုနှင့် ဇာတ်ကားထက်ပင် ပို၍အသက်ဝင်မည်၊ ပြောင်မြောက်လိမ့်မည်ဟု ဆိုချင်ပါသည်။ ထို့အတူ ဆရာဗန်းမော်တင်အောင်နှင့် ဆရာမြသန်းတင့်တို့ နှစ်ဦး အကြွေမစောဘဲ လွတ်လွတ်လပ်လပ် ရေးသားခွင့်သာရှိကြမည်ဆိုလျှင် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ထက် ပို၍ပြောင်မြောက်သော ပြည်သူ့ အကျိုးပြုစာပေများ ရေးသားသွားနိုင်ကြမည်မှာမလွဲဟု ဆိုချင်ပါသည်။

ယခုအခါ စစ်အာဏာရှင်ကြီးစိုးမှုကို ရဲရဲတောက်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ဆရာမန်းအောင်ကြည်၊ ဆရာ ဗန်းမော် တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာကိုအောင်ငွေနှင့် အခြားတော်လှန်ရေးသူရဲကောင်းများသည် သက်ရှိထင်ရှား မရှိကြတော့ဘဲ ကျဆုံးကွယ်လွန်သွားကြပြီဖြစ်သည်။

မန်းငြိမ်းသည်သာ ကြမ်းတမ်းသော တော်လှန်ရေးခရီးအတွင်း ကံအားလျော်စွာ ဆက်လက်ကျန်ရှိနေပြီး မပြီးဆုံးသေးသောတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။သူသည် စာရေးဆရာတဦးမဟုတ်သည့်အတွက် သူ့ဘဝအတွေ့အကြုံများကို သူကိုယ်တိုင်စာဖြင့် ရေးသားဖော်ပြရာတွင် ဖတ်ချင်စဖွယ်ဖြစ်အောင် ဖော်ပြနိုင်ကောင်းမှ ဖော်ပြနိုင်မည်ဖြစ်သည်။

သို့ရာတွင် သူ၏ကြမ်းတမ်းလှသည့် တိုက်ပွဲတစိတ်တဒေသကို မှတ်တမ်းတင်ခြင်း၊ အင်းစိန်၊ ကိုကိုးကျွန်းစသည့် ဖက်ဆစ်အာဏာရှင်တို့၏ ငရဲခန်းများအကြောင်းကို ဤစာအုပ်ဖြင့် တစိတ်တဒေသ မှတ်တမ်းတင်ခြင်း ပြုနိုင်သည်ကပင် ဝမ်းမြောက်ဖွယ်ရာကောင်းလှပြီဟု ကျနော်ယူဆပါသည်။

မန်းရှာလာဖန်း

၁၃-၉-၉၉


ဆက်လက်ဖော်ပြပါမယ်။


No comments: