Saturday, September 26, 2009

ခရီးလမ်းတွေလား၊ ဆူးကြမ်းတွေလား

(၁)

လူသားတွေဘဝမှာ အသက်ရှင်နေထိုင်ဖို့ အရေးအကြီးဆုံးအရာဟာ ဘာဖြစ်နိုင်ပါသလဲ။

အခြေအနေအမျိုးမျိုးမှာရှိနေကြတဲ့ လူအမျိုးမျိုးဟာ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြလိမ့်မယ်ထင်ပါတယ်။

ကျမအနေနဲ့ကတော့ လွတ်လပ်စွာ လုပ်ကိုင်နေထိုင်စားသောက်ခွင့်လို့ ပြောချင်တယ်။ ကျမ ဒီလို ဘာကြောင့် ပြောဖြစ်တာလဲဆိုရင် ကျမကိုဒီလိုပြောဖြစ်သွားစေဖို့ လုံလောက်တဲ့အကြောင်းတွေ ကျမ အများကြီးကြုံဆုံခဲ့ရဖူးလို့ ဖြစ်ပါတယ်။

အသက်ရှင်ရပ်တည်နိုင်ဖို့ ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်စားသောက်နေကြရတဲ့ တောတောင်တွေထဲက မြန်မာဒုက္ခသည် တွေကို မြင်တွေ့ရတော့ ကျမရဲ့အမြင်ဟာ ပိုပြီးမှန်ကန်သွားပြီလို့တောင် ခံစားရတယ်။ အိုးမရှိ အိမ်မရှိ၊ ပြေးလွှားသွားလာ နေရတဲ့ ဒုက္ခသည်တွေကို ကိုယ်တိုင်မြင်တွေ့ရတဲ့အခါ …

ဒီအဖြစ်တွေကို ဘယ်သူ့ကို တိုင်တည်ပြောရမလဲ။

ဒီအဖြစ်ဆိုးတွေဟာ ဘယ်သူ့ကြောင့် ဖြစ်ပေါ်လာရတာလဲ။

ဘာတွေလုပ်ပေးနိုင်ရင် သူတို့ရဲ့ဘဝတွေ တိုးတက်ပြောင်းလဲလာနိုင်မလဲ။

စတဲ့မေးခွန်းတွေမေးချင်လာသလို အသက်ရှင်ရပ်တည်ရေးလေးအတွက်ကိုပဲ သေမတတ်ရုန်းကန်နေရတဲ့ သူတို့ဘဝ တစေ့တစောင်းကို ကျမ သိမှီသမျှကို ဝေမျှပြောပြချင်စိတ်လည်း ဖြစ်ပေါ်မိပါတယ်။

(၂)

တနေ့မှာတော့ အေးချမ်းသာယာလှပတဲ့ရာသီဥတုရဲ့ တောင်တက်လမ်းလေးအတိုင်း တရိပ်ရိပ်ပြေးလွားနေတဲ့ မဲဆောက် - နိုဖိုး လိုင်းကားပေါ်မှာ ကျမတို့သူငယ်ချင်းတစု စကားတွေပြောရင်း လိုက်ပါလာခဲ့ကြပါတယ်။ ကားက ခါတိုင်းနှင့်မတူဘဲ နေရာအနှံ့ကို ရပ်နေတော့တာပါ။ ခရီးသည်တွေကလည်း တက်လိုက်ဆင်းလိုက်နဲ့။ ကျမတို့သူငယ်ချင်းတစုကလည်း စာမေးပွဲဖြေအပြီး အပြန်ခရီးဆိုတော့ အတွေ့အကြုံတွေပြောဆိုလာလိုက်ကြတာ တက္ကသိုလ်တုန်းကထွက်ခဲ့ကြတဲ့ လေ့လာရေးခရီးတွေကိုတောင် သွားပြီးအမှတ်ရမိတယ်။

လေ့လာရေးထွက်ပြီဆို အဖွဲ့ခေါင်းဆောင်ရဲ့စကားကိုလိုက်နာ၊ ပြဿနာဖြစ်ရင် စုပြီးဖြေရှင်း၊ သွားမယ့်ခရီးစဉ်ကို ညှိနှိုင်း အတည်ပြုနှင့် ပျော်စရာလည်းကောင်း ညီညွတ်မှုလည်းရရှိတာကြောင့် အားရှိသလိုခံစားရတယ်။ အခုလည်း ကျမတို့ သူငယ်ချင်းတသိုက်ဟာ တဦးကိုတဦးအားပေးရင်း တစုံတရာတော့ အားရှိနေသလိုပါပဲ။

သူငယ်ချင်းအချို့လည်း ခရီးကြမ်းဒဏ်မခံနိုင်လို့ ကားမူးပြီး အန်ကြတယ်။ ကျမလည်း ပါလာတဲ့ ကားမူးပြေဆေးကို မျှဝေပေးပြီး ကိုယ်ကိုယ်တိုင်လည်း ဆေးကိုကြိုသောက်ထားပါတယ်။ တောင်ကလည်း တောင်တက်လမ်း၊ အကွေ့အကောက်ကလည်း များလွန်းတော့ ကားစီးရတဲ့ဒုက္ခက တော်တော်တော့ကြီးပါတယ်။ ဒီလိုနဲ့ပဲ ခရီးဟာ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ လမ်းမှာလည်း စစ်ဆေးရေးဂိတ်တွေက စစ်လိုက်တာအရမ်းပဲ။ ကျမတို့ကလည်း ထိုင်းစကားမတတ်တော့ စကားမပြောတတ်တဲ့ အ အ တွေလိုပဲ။ Camp ထောက်ခံစားလေးပြပြီး စစ်ဆေးသူတွေရဲ့ မျက်နှာကိုလိုက်ကြည့်နေရတဲ့ အနေအထားမျိုးနဲ့ ဂိတ်တွေကို အသက်အောင့်ပြီး ဖြတ်ခဲ့ကြရပါတယ်။

ဒီလိုနဲ့ တဂိတ်ပြီး တဂိတ်အစစ်ဆေးခံရပြီး ကြောက်စိတ်ပြေရုံရှိသေး နောက်ဂိတ်တခုအရောက်မှာတော့ ဘာကြောင့်မှန်း မသိဘူး။ ကားသမားက ဂိတ်စခန်းထဲကိုဝင်သွားခဲ့တယ်။ ကျမတို့လည်း တထိတ်ထိတ်နဲ့ပေါ့။ ထိုင်းရဲတယောက်ထွက်လာ ပြီး လက်မှတ်လာတောင်းတယ်။ မင်မပျက်သာ နေနေရတယ်။ ရင်ထဲကတော့ တဒိန်းဒိန်းနဲ့လေ။ တော်ပါသေးတယ် ထိုင်းစကားတတ်တဲ့ ကားဆရာက အကျိုးအကြောင်းနဲ့ ရှင်းပြလိုက်တော့ ကားကို ဆက်ပြီးထွက်ခွင့်ပေးပါတယ်။ အဲဒီကျတော့မှပဲ ရင်ထဲကအလုံးကြီး ကျသွားသလို ခံစားရတော့တယ်။ အေးအေးဆေးဆေးရှိသွားလို့ စကားပြောမယ် ဟန်ရေးပြင်တုန်း စစ်ကြောရေးဂိတ်ထဲက အမျိုးသမီး ၂ ဦး၊ အမျိုးသား ၇ ဦး ပြေးထွက်လာပြီး ကားပေါ် အလုအယက် ပြေးတက်ကြတာကို အံ့အားသင့်ရင်း လှမ်းပြီးအကဲခပ်မိကြပါတယ်။

ကျမလည်း သူတို့ ဘာဖြစ်လို့ အပြေးတပိုင်းဖြစ်နေကြတယ်ဆိုတာ သိချင်စိတ်ဖြစ်လာတာနဲ့ ကားလည်းပြန်ထွက်ရော နဘေးက သူငယ်ချင်းကို လက်တို့ပြီး မေးမိတယ်။ သူတို့ကိုကြည့်ရတာ တိုင်းရင်းသားတွေဆိုတာသိနိုင်ပေမယ့် ဘာ လူမျိုးမှန်း အတိအကျတော့ မခန့်မှန်းနိုင်ဘူးပေါ့။ ကျမမိတ်ဆွေက ကရင်လိုစပြီး နှုတ်ဆက်ကြည့်လိုက်တော့ အပြန်အလှန် ပြောလိုက်ကြတာ။ သူတို့ဘယ်လိုအဖမ်းခံရပြီး ဘယ်လိုအနှိပ်စက်ခံရတယ်ဆိုတာ အလုံးစုံ သိလိုက်ရပါတော့တယ်။ ကျမတို့လူသိုက် စိတ်မကောင်းအတော့်ကို ဖြစ်ကုန်ကြတာပေါ့။ ရှိစုမဲ့စု ပိုက်ဆံ အကုန်စုပြီး ဘတ် ၃ဝဝဝ ဒဏ်ငွေအဖြစ် ပေးလိုက်ရတယ်လို့ ပြန်ပြောပြနေတဲ့ အဒေါ်ကြီးရဲ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့။ သူတို့အဖို့တော့ ဒီ ဘတ် ၃ဝဝဝ ရဖို့ဆိုတာ အတော့်ကိုခြိုးခြံပြီး စုထားရတာနေမှာပါ။

ဒီလူစုကြည့်ရတာ ဘယ်နှစ်ရက်လောက်အချုပ်ခံခဲ့ရပြီး ဘယ်လောက်ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ မေးစရာတောင် မလိုလောက်အောင်ပါပဲ။ အဝတ်တွေကလည်း ညစ်နွမ်းပြီး မျက်တွင်းတွေကလည်း ဟောက်ပက်နဲ့၊ စာနယ်ဇင်းတွေထဲမှာ တွေ့ရတဲ့ အီသီယိုးပီးယား ဒုက္ခသည်တွေလား ထင်ရတယ်။ တဖက်သား ဒုက္ခရောက်တာကို ကိုယ်တိုင်မြင်တွေ့ရပေမယ့် လမ်းခရီးမှာဆိုတော့ ဘာမှထိထိရောက်ရောက် မကူညီနိုင်ကြဘူး။ ဒီအတွက် စိတ်မကောင်း ဖြစ်ကြရတယ်။ မဲဆောက်မှာ ဆို ဘာပဲပြောပြော နှိုင်းယှဉ်ချက်အရ အထိုက်အလျောက်တော့ ကူညီနိုင်ကြမှာပါ။

ကျမထင်တာ သူတို့တတွေဟာ အုန်းဖြန် ဒါမှမဟုတ် နိုဖိုး ဒုက္ခသည်စခန်းကလူတွေပဲလို့ ထင်ခဲ့တာ။

သူတို့ပြောပြမှ တောင်ယာတွေထဲမှာ တနေရာက တနေရာရွှေ့ပြောင်းပြီး ကျဘမ်းလုပ်ကိုင်စားသောက်နေရတဲ့ မြန်မာပြည် က ဒုက္ခသည်တွေဆိုတာ သိလိုက်ရတယ်။ တောင်ယာတခုကနေတခု အလုပ်ရှိရင်ရှိသလို ပြောင်းရွေ့လုပ်ကိုင် စားသောက်ကြရတဲ့ ဂျစ်ပစီလို နေကြရတဲ့လူတွေတဲ့။ လူ့ယဉ်ကျေးမှုတွေ မထွန်းကားသေးခင်ကာလ ကမ္ဘာဦးအစက ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းသွားလာနေရတဲ့ မာနုတို့ ဂူရီးတို့လို ဘဝမျိုးမှာ သူတို့ကို ဘယ်သူက ကျောက်ချထား တာလဲ။

အဲဒီလိုကျမစဉ်းစားနေတုန်း သူငယ်ချင်းက သူတို့အကြောင်းကို ဘာသာပြန်ပြီး ပြောပြပါတယ်။

နေထိုင်ခွင့်လက်မှတ်ရယ်လို့လည်း ဘယ်သူမှမရှိကြတော့ ရဲအဖမ်းခံရတာကလည်း ခဏခဏပဲ တဲ့။ တောထဲမှာ သွားရင်း လာရင်း မသင်္ကာလို့ ရဲက ပစ်သတ်တာမျိုးတွေတောင် ရှိတယ်တဲ့။

နအဖရဲ့ အတင်းအဓမ္မ ခိုင်းစေလို့၊ ရွာမီးရှို့ဖျက်ဆီးခံရလို့ ထွက်ပြေးနေရတဲ့ ကရင်ဒုက္ခသည်တွေဆိုတာလည်း သိခဲ့ရတယ်။

သူတို့လိုပြေးလွှားနေရသူ အများစုဟာ ဒီလိုအဖြစ်ဆိုးတွေနဲ့ တနေ့မဟုတ်တနေ့ တွေ့ကြုံခဲ့ရဖူးတဲ့ လူတွေချည်းပဲ တဲ့။

ကမ္ဘာဦးလူသားကမှ သဘာဝဘေးဒဏ်နဲ့ပဲ တိုက်ပွဲဆင်ရတယ်။ သူတို့မှာတော့ မြန်မာစစ်တပ်လည်းကြောက်ရ၊ ထိုင်းရဲလည်း ကြောက်ရ၊ ရောဂါပေါင်းစုံကိုလည်းကြောက်ရနဲ့ ကမ္ဘာဦးလူသားထက်တောင် ဒုက္ခတွေပိုကြီးနေပါလားလို့ ကျမ တယောက်တည်း စဉ်းစားနေမိပါတယ်။

(၃)

ဒုက္ခသည်တွေဟာ ပိုက်ဆံကုန်လို့ပဲဖြစ်ဖြစ်၊ အကြောင်းကိစ္စကြီးငယ်ရှိလို့ပဲဖြစ်ဖြစ် မဲဆောက်ကို သွားလိုက်ပြန်လိုက်လုပ် ကြရပါတယ်။ တခါတလေ ခွင့်ထောက်ခံစာ မတောင်းနိုင်တော့ဘဲ ကိုယ့်ကိစ္စနဲ့ကိုယ် အရေးပေါ်လာလို့ သွားရတာမျိုးလည်း ရှိတယ်။ အဲဒီလိုမျိုးဆိုရင် ဘာထောက်ခံစာမှ မပါတဲ့အတွက်ကိုပဲ အဖမ်းခံရတတ်ပါတယ်။ အဲဒီအချိန်မျိုးဆို တချို့လည်း ငွေပေးပြီး ဖြေရှင်းလို့ရတယ်။ တချို့လည်း ဖြေရှင်းလို့မရဘူး။ အမျိုးမျိုးပါပဲ။ အစကတော့ လမ်းမှာဖမ်းတယ်ပြောရင် ကျမ မယုံဘူး။ ကိုယ်တိုင်မျက်စိနဲ့မြင်တွေ့ရမှပဲ ကြောက်ရမှန်းသိတော့တယ်။ ကျမတို့ အဖမ်းခံရတုန်းကဆိုရင် အချုပ်ခန်းမှာ ညမအိပ်ရဘဲ တနေ့ထဲနဲ့ဖြေရှင်းလို့ရအောင် ဘတ် ၅ဝဝဝ ပေးလိုက်ရတယ်။ အဲဒီလို မဟုတ်ရင်တော့ လူကယ်ရီမှု၊ မှောင်ခိုမှု စတဲ့ အမှုမျိုးစုံတပ်ပြီး ထောင်ချပစ်နိုင်တယ်။

အချုပ်ခန်းထဲက ပြေးထွက်လာတဲ့ ဒုက္ခသည်တွေကို မြင်လိုက်ရတဲ့အခါ ငါသာ သူတို့လိုအဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ရရင် ဘာဖြစ်မလဲဆိုတာတွေးကြည့်ပြီး အသက်ရှူကြပ်လာတယ်။

ဒီတခေါက်ခရီးစဉ်ဟာ ကျမအဖို့ အတော်စိတ်မကောင်းစရာတွေ၊ သင်ခန်းစာယူဖို့ အတွေ့အကြုံတွေအမျိုးမျိုးနဲ့ ဆက်တိုက်ကြုံ တွေ့ခဲ့ရပါတယ်။

(၄)

လမ်းခရီးက ခေါင်လွန်းတော့ လမ်းခုလပ်တနေရာမှာ၊ တောတောင်တွေထဲက နောက်ထပ်ခရီးကြုံလိုက်မယ့်လူ မရှိတော့ပေဘူးလို့ ထင်ထားတာ၊ နောက်တနေရာလည်းရောက်ရော လူတယောက်ဟာ သစ်ပင်အကွယ်လေးကနေ ကားကို လှမ်းအော်ပြီး တားလိုက်ပါတယ်။ ကားရပ်တယ်ဆိုရင်ဘဲ နောက်ထပ် လူ ၅ ယောက်ဟာ သစ်ပင်ချုံကွယ်တွေ ကြားထဲက အပြေးအလွှားထွက်လာကြပါတယ်။ သူတို့ကိုယ်မှာလည်း အဝတ် ၂ စုံလောက်ကို ပုဆိုးနဲ့ ပတ်လိမ်ပြီး သိုင်းထားလို့။ သူတို့နောက်က ရန်သူလိုက်လာသလိုမျိုး ပြူးပြူးပြာပြာနဲ့ ကားပေါ်ကို အတင်းပြေးတက်ကြပါတယ်။ ကျမ သူငယ်ချင်းက ဒီလမ်းခရီးရဲ့အတွေ့အကြုံရှိသူဆိုတော့ သူကရှင်းပြပါတယ်။ ဒီလူတွေဟာ လက်မှတ်မရှိလို့ ဂိတ်တွေ ကိုရှောင်ပြီး လမ်းလျှောက်လာသူတွေဆိုတာ ကျမ သိခဲ့ရတယ်။ ကျမအဖို့တော့ (Action) ရုပ်ရှင်ကားတကား ကြည့်နေရ သလို သည်းထိပ်ရင်ဖိုဖြစ်လို့။ တခါတလေ အသက်ရှုဖို့တောင် မေ့လျှော့နေခဲ့မိတယ်။

တောင်တက်လမ်းတနေရာမှာ ကားက နောက်တခါ ရပ်သွားပြန်ပါတယ်။ ကားရပ်လို့ ကြည်လိုက်တော့ မိန်းမကြီးတဦးက ကားတားပြီး ကလေးမလေးတယောက်ကို ကားပေါ်တင်ပေးတယ်။ ကားသမားကလည်း ပိုက်ဆံရရင်ပြီးရောဆိုတဲ့စိတ်နဲ့ ထင်ပါရဲ့။ ရတယ် တက်ပါဆိုတာမျိုး ပြောလိုက်တယ်။ ဒါပေမယ့် ကလေးမလေးဟာ ကားပေါ်ဘယ်လိုမှမတက်ဘဲ အတင်းကိုရုန်းကန်နေတော့တာပဲ။

“သမီး မလိုက်ရဲဘူး၊ သမီး ကြောက်တယ်၊ အဖမ်းခံရလိမ့်မယ်”လို့ ငိုရင်းပြောပြနေတဲ့အသံ၊ ထိတ်လန့်နေတဲ့ ကလေးမလေးရဲ့မျက်နှာကို ကျမအိမ်ရောက်တဲ့အထိ ဖျောက်မရအောင် ကြားနေ မြင်နေတော့တယ်။

ကလေးမလေးဟာ ဘာကြောင့် ဒီလောက်အကြောက် အကန်ဖြစ်နေရတာလဲ။

ကားတင်ပေးတဲ့ အဒေါ်ကြီးကလည်း အဲဒီကလေးမလေးနဲ့ ဘယ်လိုတော်စပ်သလဲ။

ကလေးမလေးရဲ့အမေရော ဟုတ်ရဲ့လား။

ကျမမှာ မေးခွန်းတွေနဲ့ အတော်ရှုပ်ကျန်ခဲ့ပါတယ်။ ဒီလောက်တောင် ကြောက်လန့်နေပုံကိုထောက်ရင် ကလေးမလေးရဲ့ သောကကို လူတိုင်းမှန်းဆကြည့်လို့ ရနိုင်မယ်ထင်ပါတယ်။ ဘယ်လိုအဖြစ်ဆိုးတွေနဲ့များ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ် ဆိုတာကိုတော့ ကာယကံရှင် ကလေးမလေးမှပဲ အသိဆုံးဖြစ်မယ် ထင်ပါတယ်။

(၅)

ကျမ စဉ်းစားကြည့်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံရဲ့စီးပွားရေးချွတ်ချုံကျမှုကြောင့် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတရပ်လုံးဟာ အခက်အခဲ အကြပ်အတည်း အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်။ အရင်းစစ်လို့ အမြစ်လှန်လိုက်တော့ ဒီအဖြစ်ဆိုးတွေဟာ တိုင်းပြည်ကို တရားမဝင် မတရားအုပ်ချုပ် မင်းလုပ်နေတဲ့ နအဖ စစ်ဗိုလ်ချုပ်ကြီးတွေကြောင့်ပါပဲ။

ကိုယ့်မြေကိုယ့်ရေမှာ အလုပ်အကိုင်က ရှားပါး၊ ဝင်ငွေနဲ့ ထွက်ငွေက မမျှတ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေက လည်း ဆက်ကာဆက်ကာဖြစ်ဆိုတဲ့ ဖိနှိပ်မှုဒဏ်တွေကြောင့် မြန်မာပြည်သူတွေဟာ အိမ်နီးချင်းတိုင်းပြည်တွေကို တရား မဝင်သွားရောက်ကြပြီး ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေကြရပါတယ်။ ကျမ သိသလောက်ဆိုရင် တရားမဝင် လာရောက်လုပ်ကိုင်နေသူ အရေအတွက်ဟာ ၂ သန်းကျော်ကျော် ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အချိန်မှာလည်း ဒုက္ခတွေ၊ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ကြရပြန်တယ်။ မဲဆောက်ရဲ့ တနေ့လုပ်ခဟာ ၁၄၃ ဘတ် လို့ ကျမ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်မြန်မာအလုပ်သမားမှ သတ်မှတ်ထားတဲ့နေ့စားခကို အပြည့်အဝ မရကြဘူး။ နည်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတာတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။

လုပ်ခအတိအကျရရေး တင်ပြတောင်းဆိုမိလို့ အလုပ်ဖြုတ်ခံရတာ၊ အလုပ်သမားလက်မှတ် (ထိုင်းနိုင်ငံအခေါ် ဘတ်) ကို ကိုယ်တိုင် ကိုင်ဆောင်ခွင့်မပေးဘဲ ထိုင်းသူဌေးက ကိုင်ထားတဲ့အတွက် လမ်းမှာရဲနဲ့တွေ့ရင် ရှင်းမရဖြစ်ကြရတာ၊ ဖမ်းပြီး တရားမဝင်လာရောက်သူအဖြစ် သောင်ရင်းတဖက်ကမ်းကို အမှိုက်သွန်သလို သွားအသွန်ခံရတာ၊ အမျိုးမျိုးသော ကံကြမ္မာ ဆိုးတွေကြောင့် ဘယ်တုန်းကမှ စိတ်ကူးထဲမှာတောင် မရှိခဲ့ဖူးတဲ့ မကောင်းတဲ့မိန်းကလေးများအဖြစ်ကို ရောက်သွားရတာ စတဲ့ စတဲ့ ဒုက္ခတွေဟာ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေ ကြားမှာ မဆုံးနိုင်တဲ့ ဇာတ်လမ်းတွေ ဖြစ်နေကြရပါတယ်။

အခုလို ဒီမိုကရေစီအထိုက် အလျောက်ရှိတဲ့ နိုင်ငံမှာတောင် မြန်မာပြည်သားတွေဟာ လူ့အခွင့်အရေးမရှိ၊ သက်စွန့်ဆံဖျား လုပ်ကိုင်စားသောက်နေကြရတယ်ဆိုရင် စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူတွေ ဘယ်လိုဒုက္ခတွေများ ခါးစည်းခံနေရမလဲဆိုတာ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။

(၆)

ကျမတို့ ဘာတွေ လုပ်နိုင်မလဲ။

ဒီအဖြစ်ဆိုးတွေကို ဒီလိုပဲ ခေါင်းငုံ့ခံနေကြရမှာလား။

စစ်အာဏာရှင်တွေဟာ ကျမတို့ကို ဒီလိုပဲ အနိုင်ကျင့်ဗိုလ်ကျခွင့်တွေ အမြဲရနေတော့မှာပဲလား။

အဲဒီလို ကျမ မထင်ဘူး။

ကျမတို့ အသေအချာ လွတ်မြောက်လိမ့်မယ်။ အဲဒီလို လွတ်မြောက်ဖို့ဆိုတာကလည်း ဘယ်ကယ်တင်ရှင်မှ မရှိနိုင်ဘူး။

ကျမတို့လွတ်မြောက်ဖို့အတွက် ဆောင်ရွက်နိုင်သူဟာ ကျမတို့ကိုယ်တိုင်ပဲဆိုတာ ကျမ ပိုပြီးလေးနက်လာမိပါတယ်။

ကျမ ရင်ထဲမှာ …

တနေ့တခြားဆိုးဝါးလာတဲ့ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ ဒုက္ခတွေ၊ ခံစားမှုတွေကို မြင်တွေ့ ကြုံတွေ့ရတိုင်း ကျမတော့ မြန်မာပြည်ကို ဒီမိုကရေစီ အမြန်ဆုံးရစေချင်တယ်။ မဝေးတော့တဲ့ အခြေနေမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာ စေချင်တယ်။

မြန်မာပြည်သူတွေ ကြောင့်ကျမဲ့စွာနဲ့ သူတို့ဘဝတွေ ရှင်သန်ဖွံ့ဖြိုးစေအောင် ဆောင်ရွက်နိုင်ခွင့် လွတ်လွတ်လပ်လပ် ရစေချင်တယ်။

သေချာတယ်။ ကျမတို့ အများကြီး ဆက်ပြီးကြိုးစားကြရလိမ့်မယ်။

အင်ကြင်းမေ

(၁၃-၂-၂ဝဝ၇)


No comments: