Friday, July 17, 2009

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်


“ပျောက်သောသူ ရှာလျှင်တွေ့

သေသောသူ ကြာလျှင်မေ့”


ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုးစကားပင်ဖြစ်သည်။


ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုးစကားလည်းဖြစ်ပါ၏။


အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။


ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။


ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့ သမိုင်းတွင် အလွန်အုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်း သည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။


အထူးသဖြင့် ၁၉-၇-၄၇ နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တလအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လနီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။


ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။


၁၉၄၇ ခုနစ်၊ ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ် ပင်မလက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်းတပ်ဖွဲ့’ က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရအဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါသည်။


ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။


ဖော်ပြပါလက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။


ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုကိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စုစစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေးတပ်မှ တပ်စိတ်တစိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအဝင်)နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ုံးခန်း ပြင်ဘက်တွင် လုံခြုံရေး တာဝန်ချထားလိုက်သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကိုသိထားသူ ဝန်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်ချထားခြင်းကို ဗိုလ်ချုပ်အား လုံးဝ အသိမပေးခဲ့ချေ။ ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ချင်းတွေ့၍ုံးခန်းအပြင်ဘက် လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။


ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲနေလိုက်ပါသည်။


သို့ရာတွင် ကံဆိုးချင်တော့ တနေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တိုံ့းဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှုံးခန်းသို့အဝင်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့် ထောင့်နား မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။


ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည်ုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။


“ဟေ့ကောင်၊ ငါုံ့းခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ”


“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”


ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။


“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါုံ့းခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေ ချထားတာကို ငါ မမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ပြော။ ငါုံ့းခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်း ပြန်ုပ်ခိုင်းလိုက်။ ကဲ…မင်း အခုပဲ သွားပြောပေတော့”


ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ဝန်ကြီး ပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။


ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။


“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင် တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့အမိန့်ကိုလည်း တို့က မနာခံလို့ မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”


ဤသို့ ငြီးငြူရင်းနှင့်ပင် ဝန်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ုံးခန်းရှေ့မှ လက်နက် ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်ုးပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။


ထိုနေ့ ညနေဘက်ုံးမှအိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောဘဲ တစုံတခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။


“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”


“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး”


ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏ စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။


“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေ အတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”


ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ် လုပ်ပြီး တော်မီဂန်းတလက်၊ စတင်းဂန်းတလက်၊ ခြောက်လုံးပြူး နှစ်လက်တို့ကို ကျည်ဆံများနှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။


နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ ဖြစ်ပါသည်။


ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ဝင်ရောက်လုပ်ကြံပစ်ခတ်ခြင်း ဖြစ်သည်။


ဆက်လက်ဖော်ပြပါမယ်။


ုပ်ဖော်ပုံကို အင်တာနက်မှ ရပါတယ်။



No comments: