Saturday, July 18, 2009

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (နိဂုံးပိုင်း)


အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့တွင် ကျင်းပရန်မဟုတ်ဘဲ “ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည်ဖြစ်သည်။


ဤနေရာတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးအကြောင်း အနည်းငယ် ရှင်းပြရန်လိုပေလိမ့်မည်။


၁၉၄၆ ခု၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ဝန်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီ ကျင်းပနေကျဖြစ်သည်။


ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုကိုက်ခန့်အပ်ထားသော ဝန်ကြီးတဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။


သို့ရာတွင် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှအစိုးရတို့ သဘောတူ ချုပ်ဆိုသော “အောင်ဆန်း အက်တလီ စာချုပ်” ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ သဘောမတူဘဲ ကန့်ကွက် ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။


ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။


ယင်းအကြောင်းကို ဂဠုန်ဦးစောက မသိ။ ဝန်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ ၁၀ နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ုံမက အစည်းအဝေးဖိတ်စာများကို ဝန်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ်သည်။


သို့သော် ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတခုဖြစ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်နေသည်။ အစည်းအဝေး ၂ ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့တင်ပြသောအခါ ဗိုလ်ချုပ်က …


“လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲ့ဒီ အစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက်၊ ဝန်ကြီး တွေဆီကိုလည်း ဖိတ်စာအသစိုက်ပြီး ပေးလိုက်”


ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့” တွင် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့သည်။


ဤသည်တို့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြုံးမရဖြစ်စရာ ကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို တွေ့ရပါသည်။


ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေး တပ်စိတ်ကိုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။


ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။


တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမား အဖွဲ့အား တယောက်မကျန် သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။


အကယ်၍သာ တိုင်းပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ တွင် ကျင်းပဖြစ်မည်။


ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ် သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင်လွှတ်မည် ဖြစ်သည်။ သို့ဖြစ်လျှင် ဝန်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။


အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ)တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။


ဗိုလ်ချုပ်၏အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲ အတွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။


သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။


ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန်ကြောင့် လူမမယ် ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက် တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝ မစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကို လုပ်ကြံမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့ရှာသည်။

သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ဘဲ သူကိုယ်တိုင်ကသာ ၁၉-၇-၄၇ နေ့က မှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။


ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။


ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း

“သတ္တဝါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား” ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။


စတိုင်သစ်မဂ္ဂဇင်း

(ဇူလိုင်လ၊ ၁၉၉၅)



No comments: