Monday, March 23, 2009

ညိုကြီး


(၁)

ညိုကြီးဆိုရင် ဒီရပ်ကွက်ထဲမှ မဟုတ်၊ အနီးအနားက နှစ်ရပ်ကွက်ကျော် သုံးရပ်ကွက်အထိ မသိသူမရှိ။ ညိုကြီးရဲ့ မကောင်းသတင်းရော၊ ကောင်းသတင်းပါ ကလေးက အစ သိသည်။ သိဆို ညိုကြီးတို့က ပေစရာ မိုက်စရာဆိုလည်း သူများထက် ပေသည်၊ မိုက်သည်။

အဲ … ရပ်ရေးရွာရေးဆိုလည်း သူ မပါလို့ မဖြစ်။


ညိုကြီး ဆိုးသည်၊ ပေသည်ဆို၍ သူများ သားသမီးကို စော်ကားသည်၊ မူးယစ်ရမ်းကားသည်ဟု မထင်လိုက်လေနှင့်။ လုံးဝ မဟုတ်။ သူပြဿနာတက်လိုက်ပြီဆိုရင် သူ့ကိစ္စက နည်းနည်း၊ သူများကိစ္စ ဝင်ပါလို့သာချည်း ဖြစ်သည်။


လူဖြောင့် စိတ်တို ဆိုတဲ့ စကားက သူ့အတွက်များ တမင်ရွေးထားသလား မှတ်ရသည်။ မဟုတ်တာ မတရားတာတွေ့ရင် မစဉ်းစား မဆင်မချင် ဇွတ်တရွတ်စိတ်နှင့် လုပ်တတ်လွန်းလို့ ပြဿနာတက်ရသည်ချည်း ဖြစ်သည်။


တခါကလည်း ကြည့်၊ ရပ်ကွက်ထဲမှာ လူငယ်ချင်း ရန်ဖြစ်ကြသည်။ တဖက်က ရပ်ကွက်လူကြီးသားနှင့် ဆိုက်ကားသမား ကိုအုန်းမောင်သား လူငယ်ချင်း စကားများရာက ရန်ဖြစ်ကြသည်။


ကိုအုန်းမောင်သားက တယောက်တည်း။ တဖက်က အများဆိုတော့ ကိုအုန်းမောင်သားခမျာ တော်တော်လေး ခံလိုက်ရသည်။ ဒါကို ညိုကြီးကြားတော့ မခံနိုင်။


အားကြီးတိုင်း အနိုင်ကျင့်တာ ခံနေလို့မဖြစ်ဘူး။ ဘာဘူး ညာဘူးနှင့် လူကြီးအိမ် လိုက်သွားသည်။ ဟိုရောက်တော့ ရပ်ကွက်လူကြီးက သူ့အိမ်တွင် မရှိ။ အစည်းအဝေးဆိုလား ဘာလား သွားနေသည်။ ဒီတော့ ညိုကြီးဘာလုပ်ခဲ့တယ် ထင်လဲ။


အိမ်ပေါ်မှာ ထမင်းစားနေတဲ့ သူ့သားကို တက်ပြီး နှစ် တလက်မ နှင့် ရိုက်ကာ ပြန်လာခဲ့သည်။ နောက်တော့ ရုံးရောက် ဂတ်ရောက်နှင့် အရပ်က တောင်းပန်သူ တောင်းပန်၊ ရှင်းသူရှင်းနှင့်မို့ ခံဝန်နှင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။


အပေါင်းသင်းကလည်း စုံသည်။ ရပ်ကွက်ထဲမှာ လူငယ်နောက်တက် နောက်ပေါက်တွေက အစ၊ သက်ကြီး ရွယ်အို၊ လူရွယ်လူလတ်အရွယ်စုံ သူနှင့် မသိသူမရှိ။


ကြောက်လည်းကြောက်ကြသလို၊ စိတ်ရင်းသိနေ၍ ခင်သူတွေလည်း ရှိသည်။ ရပ်ရေးရွာရေးဆိုလည်း သူများ မလုပ်ချင်တာ၊ သူများ မလုပ်နိုင်တာအကုန် သူ လုပ်သည်။


ရပ်ကွက်ထဲ မြောင်းဖော်ဖို့ ဘယ်အိမ်မှာ နာရေးဖြစ်လို့ဆိုတဲ့ အသံမကြားလိုက်နဲ့ ညိုကြီးက ဦးဆောင်လို့ မနက်မလင်းခင်ထဲက သူများမဆင်းချင်တဲ့ မြောင်းပုပ်ထဲမှာ သူ့လူတွေ သူ စုပြီး ဆင်းပြီးသား။ အသုဘ အိမ်ဆိုလည်း အသုဘကို ရေချိုးပေးတာက စပြီး လူစည်အောင် လူစုပေးတာ၊ ပန်းခွေဆင်တာက စလို့၊ မြေချရက်လည်တဲ့အထိ အသုဘရှင် မျက်နှာငယ်စရာ မလို။ အစအဆုံး သူ့တာဝန်ထား။


ဒါပေမယ့် သူ့စေတနာက အကန့်အသတ်တော့ ရှိသည်။ သူနဲ့ မတည့်တဲ့လူဆိုရင်တော့ သူ လုံးဝကိုပင် လှည့်မကြည့်။

သူနဲ့မတည့်ဆို၍ သူနှင့်ရန်ဖြစ်ထားလို့ မထင်လိုက်နဲ့ ရပ်ရေးရွာရေး အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာ မသိချင်ယောင်ဆောင်နေသူတွေ၊ ရေသာခိုနေသူတွေဆိုရင် သူ လုံးလုံးကြည့်မရ။


အဲဒီလူတွေမှာ အကူအညီလိုလာပြီဆိုရင် သူက မကူညီတဲ့အပြင် ကူညီမယ့်သူတွေကိုပါ မကူညီဖြစ်အောင် လိုက်တားလိုက်သေးသည်။


“ကျုပ်က လူလိုသိတဲ့လူတွေကိုပဲ ကူညီတာ လူမှန်းမသိတဲ့လူဆိုရင် မကူညီဘူးဗျ” တဲ့။


ဒါက သူ့ရဲ့လက်သုံးစကားဖြစ်သည်။ ဒါကို သူ့ ဦးလေးလည်း တော်၊ သူ့ရဲ့ဆရာဆိုလည်းမမှားတဲ့ ဦးပဉ္ဇင်း ဦးကောဝိဒ ကသိတော့ ညိုကြီးကို ခေါ်ဆုံးမသည်။


ညိုကြီးကို စေတနာဆိုတာ ကိုယ့်ဘက်ကဖြူစင်ဖို့ အရေးကြီးတဲ့ အကြောင်း၊ ဘယ်သူ့မှ ကူညီမယ်။ ဘယ်ဝါမှ ကူညီမယ်ဆိုတာ မသင့်ကြောင်းပြောတော့ ညိုကြီးဘာမှပြန်မပြော။ “မှန်ပါ့” “မှန်ပါ့” နှင့် ခေါင်းလေးညိတ်၍သာ နေသည်။ ဦးဇင်း ဆုံးမလိုက်လို့ ညိုကြီးတော့ အမြင်မှန်ရသွားပြီပေါ့။


လုံးဝ မဟုတ်။ အမြင်မှန်မရတဲ့အပြင် ပြန်လာတော့ ဘာပြောတယ်မှတ်လဲ။


“စေတနာဆိုတာ လူတိုင်းနဲ့တန်တယ်ထင်နေရင် မှားသွားမှာပေါ့” တဲ့။


ဘာပဲဖြစ်ဖြစ် သူ့စေတနာ ကွက်ကြားမိုး ဘယ်လိုပဲရွာရွာ သူတို့ရပ်ကွက်လေးထဲမှာတော့ ညိုကြီးရဲ့ ကူညီမှု၊ အနစ်နာခံမှု၊ ရိုင်းပင်းမှုတွေကိုတော့အများက လေးစားအသိအမှတ် မပြု၍မရပေ။


++++


ရပ်ကွက်ထဲက ညိုကြီးပျောက်သွားတာ၊ ဆယ်နှစ်ကျော် ဆယ့်တနှစ်ခန့်လောက်ပင်ရှိတော့မည်။ သူ့ မိန်းမ မလှရင် မဆုံးခင်အထိ ညိုကြီး ရှိနေသေးသည်။ မလှရင် ဆုံးပြီးနောက်ပိုင်းလည်း မကြာမကြာ ပြန်လာတတ်သေးသည်။


သားထောက် သမီးခံလည်း မရှိ။ အသက်အရွယ်ကလည်း နည်းနည်းရလာလို့ ထင်သည်။ ညိုကြီးတယောက် နယ်ဘက်ကသူ့ တူမတွေနဲ့ သွားနေသလိုလို၊ သတင်းသာကြားပြီး ညိုကြီးကို မတွေ့ရတော့။


သူ မရှိတဲ့နောက်ပိုင်း ရပ်ထဲရွာထဲမှာ ရပ်ရေးရွာရေး၊ သာရေး နာရေးကိစ္စတွေပေါ်တိုင်း ညိုကြီးကို သတိရဖြစ်ကြသည်။


ရပ်ကွက်ထဲမှာ ဘယ်သူက ဘယ်သူ့ကို မတရား လုပ်တယ်၊ ဘယ်လို အနိုင်ကျင့်တယ်ကြားတိုင်း အထူးသဖြင့် သူ့အပေါင်းအသင်းတွေက ညိုကြီးသာရှိရင် ဒါမျိုးဘယ်ရမလဲ။ ဘယ်နေလိမ့်မလဲ စသဖြင့် ပြောဆို မြည်တွန် တောက်တီးရုံသာ လုပ်နိုင်ကြတော့သည်။


ဘာပဲပြောပြော ညိုကြီးရဲ့ သူ့ အတိုင်းအတာနဲ့ သူ့ လုပ်ဆောင်မှုများသည့် သူ့ နယ်ပယ်နှင့်သူတော့ အများအတွက် စံနမူနာထားစရာမဟုတ်ခဲ့ရင်တောင် အသိအမှတ်ပြုစရာ အများကြီးဖြစ်ခဲ့သည် မဟုတ်ပါလား။


(၂)


ညိုကြီးပြန်လာတယ်ဆိုတဲ့ သတင်းကြားကတည်းက ညိုကြီးကို တွေ့ချင်သူတွေက အများအပြား ဖြစ်သည်။


အခု ညိုကြီးက အရင်တုန်းက ညိုကြီးနှင့် လုံးလုံး မတူတော့။ အရင်တုန်းက သန်သန်မြန်မြန်၊ စိတ်မြန်လက်မြန် ညိုကြီး။


အခု တခေါင်းလုံးဖြူလို့၊ စိတ်သွားတိုင်းကိုယ်ပါတဲ့ ညိုကြီး မဟုတ်တော့။ အရင်တုန်းက ကိုညိုကြီး၊ အခုတော့ ဦးညိုကြီးဖြစ်နေပြီ။ သတင်းမေးသူ မေးကြ၊ အခြေအနေတွေ ရှင်းပြသူရှင်းပြကြနှင့် ညိုကြီးအိမ်မှာ လူစည်နေတော့သည်။


ရပ်ကွက်ထဲမှာ အပြောင်းအလဲဖြစ်တဲ့အကြောင်းတွေ၊ ဘယ်လိုပြဿနာတက်တဲ့အကြောင်းတွေ ညိုကြီးကို သူ့အပေါင်းအသင်းတွေက ပြောပြကြပေမယ့် ညိုကြီးက အရင်လိုမတုံ့ပြန်တော့။


အေးအေးဆေးဆေးနှင့် ခေါင်းလေးညိတ်ကာ နားထောင်နေသည်။ သူ့ အကြောင်းကိုမေးတော့လည်း နယ်က သူ့တူမအိမ်မှာ သွားနေကြောင်းသာပြောပြီး၊ ဘာမှ စုံစုံလင်လင် မသိရ။


ညိုကြီး ဒီမှာပြန်လာနေမည်ဆို၍ အားလုံးက ဝမ်းသာကြသည်ကတော့ အမှန်ပင်။


ညိုကြီးနှင့်တွေ့ပြီး ပြန်လာသူတိုင်းက ညိုကြီး အရင်လိုမဟုတ်တော့ကြောင်း အတော့်ကို ပြောင်းလဲသွားကြောင်း မှတ်ချက်ချ၍ ပြန်လာသူချည်းသာ။


ညိုကြီးပြောင်းလဲသလား၊ မပြောင်းလဲသလား တလလောက်အကြာမှာ သိရတော့သည်။ လူတွေ ပြောသလို ပြောင်းလဲသွားသည်တော့ မှန်သည်။ အရင်လို စိတ်ထင်ရင်ထင်သလို မတုံ့ပြန်တတ်တော့ပေမယ့် မဟုတ်မခံစိတ်၊ အမြင်မတော်ရင် မတော်သလို ပြောတတ် လုပ်တတ်စိတ်ကတော့ ဗီဇလို့ပြောရမလား မသိ။


တရက် … ၊


ကြံ့ခိုင်ရေးက သာဆန်းအောင်တို့တသိုက် ရပ်ကွက်ထဲမှာ ခြင်ဆေးလိုက်ဖြန်းသည်။ မိုးဦးကျ ရပ်ကွက်ထဲမှာ ခြင်ပေါရင် သွေးလွန်တုပ်ကွေးဖြစ်မယ်ဆို၍ ခြင်ဆေးလိုက်ဖြန်းသည်။


သာဆန်းအောင် က တိုက်ပုံတကားကား၊ လက်ညှိုးတကားကားနှင့် ဆရာလုပ်နေသည်ကို ညိုကြီးကြည့်မရ၊ ဒါပေမယ့် အရင်လို ညိုကြီးထွက်ပြီး စကားမများတော့ အသာလေးငြိမ်၍သာ ကြည့်နေသည်။


နောက်နေ့မှာ ညိုကြီးအလုပ်စတော့သည်။ သူနှင့်အရင်က လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေနှင့် တွေ့လိုက် စကားပြောလိုက်၊ နောက်ပေါက်လူငယ်တွေ နှင့် တဟေးဟေး၊ တဟားဟားလုပ်လိုက်နှင့် အလုပ်ရှုပ်နေတော့သည်။


နောက်ပေါက်လူငယ်တွေထဲမှာ ကြံ့ခိုင်ရေးထဲ ဝင်ထားတဲ့ကောင်လေးတွေလည်း ပါသည်။ ညိုကြီး ဘယ်လိုစည်းရုံးလိုက်သည် မသိ၊ နေ့ ချင်းညချင်း ဦးညိုကြီးမှ ဦးညိုကြီးဖြစ်နေတော့သည်။


နောက်တပတ်လောက်ကြာတော့ ညိုကြီးတို့အဖွဲ့ အလုပ်စတော့သည်။ ရပ်ကွက်ထဲမှာရှိတဲ့ ရေဆင်းမကောင်းတဲ့ မြောင်း၊ ချုံပုပ်မှန်သမျှကို တရုန်းရုန်းနှင့် ရှင်းလင်းနေတော့သည်။ တွေ့တဲ့လူတိုင်းကိုလည်း ပါးစပ်က လိုက်ပြောနေသေးသည်။


“ကျုပ်တို့က သူများတွေလို မယောင်ရာ ဆီလူးတဲ့ကောင်တွေ မဟုတ်ဘူးဗျ၊ ရပ်ကွက်အကျိုး၊ အများအကျိုးလုပ်ရင် တကယ်ထိရောက်အောင် လုပ်ရတယ်ဗျ” ပါးစပ်ကလည်း ပြော၊ လက်ကလည်း သူကိုယ်တိုင် ရွှံ့တွေ၊ ဗွက်တွေကြား တကုန်းကုန်းနှင့် လုပ်နေတော့သည်။


ဒီမှာတင် သာဆန်းအောင်နှင့် ညိုကြီးတို့ ပြဿနာ စတော့သည်။ ရပ်ကွက်ထဲမှာလည်း ထောင်ထောင်လုပ်နေတဲ့ သာဆန်းအောင်တို့ကို ကြည့်မရသူတွေက ညိုကြီးကို ထောက်ခံကြသည်။


++++


နောက်တကြိမ်ဖြစ်သည့်ပြဿနာက ညိုကြီးက စသည်မဟုတ် ဒေါ်အေးတင်က စသည်ဟု ပြောလို့ရသည်။


သမဆိုင်က အောင်တင် မိန်းမ နှင့် သာဆန်းအောင် မိန်းမ သက်သာဆိုင်က နို့ဆီတွေထုတ်လာတာမြင်တော့ ဒေါ်အေးတင်က ညိုကြီးကို လာပြောသည်။


ဒေါ်အေးတင်ဆိုသည်မှာ ရပ်ကွက်ထဲ အပ်ကျတာကအစ သိသည်။ ပြီးလျှင် သိသမျှကို ဖောက်သည်ချနိုင်လွန်းလို့ ဒေါ်အေးတင်ကနေ ဒေါ်ပြောချင် ဟု နာမည်တွင်နေသူဖြစ်သည်။


ဒါကို ညိုကြီးသိတော့ ဒေါ်အေးတင်ကို သက်သာဆိုင်မှာ နို့ဆီထုတ်ပေးနေကြောင်း ရပ်ကွက်ထဲ လိုက်ပြောခိုင်းသည်။ သိချင်ရင် သာဆန်းအောင် နဲ့ အောင်တင် မိန်းမ ကို မေးကြည့်ဟုပါ သင်ပေးလိုက်သည်။


သိပ်မကြာလိုက် သက်သာဆိုင်မှာ ရပ်ကွက်ထဲကလူတွေ နို့ဆီထုတ်ဖို့ ရောက်လာတော့သည်။ ဒီမှာတင် သာဆန်းအောင်နှင့် အောင်တင်တို့ ပြဿနာတက်တော့သည်။ အစက သူတို့ပေါင်းပြီး ခွဲတမ်းရတဲ့ နို့ဆီကို အပြောင်ရှင်းဖို့ စီစဉ်ထားတာ အကုန်ပျက်ကုန်တော့သည်။ နောက်တော့ ရပ်ကွက်လူကြီးတွေ ညှိနှိုင်းပြီး နို့ဆီတွေ ထုတ်ပေးလိုက်ရသည်။


သေသေချာချာ ဇစ်မြစ်လိုက်တော့ ညိုကြီးလက်ချက်ဖြစ်ကြောင်း သိရသည်။ သာဆန်းအောင်တို့ ညိုကြီးကို လုံးလုံး မကျေနပ်ပေမယ့် ဘာမှမတတ်နိုင် သူတို့က မှားနေတော့ ဒီအတိုင်းသာ ငြိမ်ခံနေလိုက်ရသည်။


ဒီလိုနှင့် ညိုကြီးကလည်း လစ်ရင်လစ်သလို မတရားတာတွေ့ရင် တွေ့သလို ဆော်သည်။ သာဆန်းအောင်တို့ အုပ်စုကလည်း ညိုကြီးဘယ်အချိန် အမှားလုပ်မလဲစောင့်ပြီး နှိပ်ကွပ်ဖို့ကြံစီသည်။


တရက်မှာတော့ သာဆန်းအောင်က မထည့်မနေရ ရပ်ကွက်ထဲမှာ ပိုက်ဆံလိုက်ကောက်သည်။ ပြီးတော့ ရပ်ကွက် သံဃာ့ဒါန အလှူခံမဏ္ဍပ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များ ကောင်းမှု ဟု အလှူငွေထည့်သည်။


ဒါကို ညိုကြီးကြားတော့ သူ့လူတွေဆီက ပိုက်ဆံလိုက်ကောက်သည်။ ပြီးတော့ အလှူခံဌာနမှာသွားပြီး သူ ရေးထားတဲ့ စာသားအတိုင်း ကြေညာခိုင်းသည်။


ဂေါပကတွေက မကြေညာရဲ၊ ဒါနဲ့ ညိုကြီးကိုယ်တိုင် မိုက်ကရိုဖုန်းကိုကိုင်ပြီး ကြေညာသည်။ ကြေညာတာလည်း ကြည့်ဦး …


“ချိနဲ့ ဆုတ်ယုတ်သူ မရှိဆင်းရဲသား ပြည်သူများ ကောင်းမှု” တဲ့လေ။


ညိုကြီး ဒီလိုလုပ်ဖန်များလာတော့ သာဆန်းအောင်တို့ တမျိုးကြံသည်။ ညိုကြီးကို ပညာကောင်းကောင်းပေးဖို့ စီစဉ်သည်။


ရပ်ကွက်ထဲမှာ လုပ်အား ပေးခေါ်မည်၊ မလိုက်လျှင် အမိန့်မနာခံမှုနဲ့ ပြဿနာ ရှာမည်။ ညိုကြီး အလုပ် မအားသည့် အချိန်၊ လုပ်အားပေး မလိုက်နိုင်သည့်အချိန် ရွေးခေါ်မည်။


တကယ်လို့ ပြဿနာဖြစ်လာလျှင် နယ်မြေခံထောက်လှမ်းရေးကို လှမ်းခေါ်မည်။ သည်လိုဆိုရင် ညိုကြီး ဘာမှတတ်နိုင်မည် မဟုတ်။ ညိုကြီးကို တခါထဲ ခွင်ထဲမှာထည့်ပြီး နှိပ်ကွပ်မည်။ တချက်တည်း ငြိမ်သွားအောင် လုပ်ပစ်မည်။


သာဆန်းအောင်တို့ တွက်ထားသည့်အတိုင်း လုပ်အားပေးခေါ်တော့ ညိုကြီးမလိုက်နိုင်ကြောင်း ငြင်းသည်။ သူက ထပ်လည်း ပြောလိုက်သေးသည်။


“လုပ်အားပေးဆိုတာ စေတနာရှိမှ၊ ကိုယ့်မှာအားမှ လုပ်နိုင်မယ်၊ တနေ့လုပ်တနေ့စား တဲ့၊ ကျုပ်ကို လုပ်အားပေးသွားလို့ ဘယ်သူက ထမင်းကျွေးမှာလဲ၊ တိုင်ချင်ရာ တိုင်ဗျာ”။


သူ့စကားက သာဆန်းအောင်တို့ ဆင်ထားတဲ့အကွက်ထဲကို ဝင်သွားသည်။ သာဆန်းအောင် သူ့ စကားကို မှတ်ထားပြီး ရပ်ကွက်လူကြီးကို သွားတိုင်သည်။ တိုင်ချင်ရာတိုင်ဆိုတဲ့စကားကို မပါ ပါအောင် ထည့်ပြောသည်။


ရပ်ကွက်လူကြီးတွေကလည်း ညိုကြီးကို ကြည့်မရ။


သူတို့ရုံးမှာခေါ်ပြီး အရေးယူမည်၊ မရလျှင် ထောက်လှမ်းရေးကိုပါ တိုင်မည်။ ဒီတခါ ညိုကြီး နာဖို့သာပြင်ပေါ့။ ညနေ အလုပ်ဆင်းချိန်ရောက်တော့ ညိုကြီးအိမ်ကို ဆင့်စာရောက်လာသည်။ ရယက ရုံးမှာ ပြဿနာ လာရှင်းပါတဲ့။


ရပ်ကွက်ထဲကလူတွေက ညိုကြီးအတွက် စိုးရိမ်ကြသည်။ ဒီတခါတော့ ညိုကြီး မလွယ်။ ရယက ရုံးနားမှာ အယောင်မလည်နဲ့ အခြေအနေ စောင့်ကြည့်သူတွေကလည်း မနည်း။


အချိန်ကျတော့ ညိုကြီးရောက်လာသည်။ ညိုကြီးက တုန်လှုပ်ဟန် တစက်လေးမျှ မပြ၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။


ရယက ဥက္ကဋ္ဌက စကား စပြောသည်။


“ကိုညိုကြီး ... ခင်ဗျား မနက်က လုပ်အားပေး မလိုက်နိုင်ဘူးလို့ ပြောတယ်ဆို၊ တိုင်ချင်ရာတိုင်လို့လည်း ပြောတယ်ဆို၊ ဟုတ်ပါသလား”


“ဟုတ်ပါတယ်”


“ခင်ဗျား အခုလုပ်လုပ်တာ ဥပဒေချိုးဖောက်ရာ ရောက်တယ်ဆိုတာ မသိဘူးလား။ ရပ်ရေးရွာရေးပဲဗျာ ကုသိုလ်တောင် ရသေးတယ်။ ခင်ဗျား ဒါမျိုးလုပ်တာတော့ မကောင်းပါဘူး”


“ကုသိုလ်ရတယ်ဆိုတာတော့ ကျုပ်လည်းသိတာပေါ့။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဗျ၊ ကျနော် ထမင်းစားဖို့ ဘယ်သူမှ မဖြေရှင်းပေးဘဲနဲ့ ဘယ်ကုသိုလ်မှ ကျုပ် မလိုချင်ဘူး။ ကျုပ် ကုသိုလ်လိုချင်ရင် ကျုပ်အားတဲ့အချိန် ကျုပ်သွားလုပ်မယ်။ ကျုပ် မလုပ်ချင်ဘဲနဲ့ အတင်းလုပ်ခိုင်းရင် မတရားခိုင်းစေတာပဲ။ ကျုပ်မလုပ်နိုင်ဘူး။ ကျုပ်လိုပဲ မလုပ်နိုင်တဲ့သူတွေ အများကြီး ရှိတယ်။ မတတ်သာလို့ ငြိမ်နေကြတာ”


ညိုကြီး အေးဆေးတည်ငြိမ်ပြတ်သားစွာပင် ပြန်ပြောနေသည်။ နားထောင်နေသူများပင် ညိုကြီးအတွက် စိုးရိမ်နေကြသည်။ ဒီအတိုင်း ဆက်ပြောနေလျှင် ညိုကြီးတော့ မလွယ်တော့မှာ သေချာသည်။


ရယကလူကြီးတွေ ညိုကြီးကို သူတို့ပြော၍မရမှန်း သိသည်။ ဒီတော့ ထောက်လှမ်းရေးနှင့် လှည့်ခြိမ်းခြောက်ပြန်သည်။


“ကဲ … ကိုညိုကြီး ခင်ဗျားပြောနေတဲ့စကားတွေ တော်တော်တရားလွန်လာပြီ။ ခင်ဗျားကို ကျနော်တို့ နောက်ဆုံးပြောမယ်၊ ခင်ဗျားဒီမှာ ဒါမျိုးနောက်မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိ လက်မှတ်ထိုးပြီး အေးအေးဆေးဆေး ပြန်သွားလိုက်၊ ဒါမှမဟုတ်ရင် အထက်က အာဏာပိုင်တွေပါလာရင် ပိုဆိုးလိမ့်မယ်။ ဟိုမှာထိုင် နေတာတွေ့တယ် မဟုတ်လား၊ နယ်မြေခံထောက်လှမ်းရေး တာဝန်ခံပဲ။ ခင်ဗျား ရမ်းသမ်းပြီး ပြောချင်တာ ပြောမနေနဲ့”


ဘယ်လိုပြောပြော ညိုကြီးမရ။


ထပ်၍ပင် ပြောလိုက်သေးသည်။


“ကျနော်ပြောပြီးသားပဲ ကျုပ် ဘာအမှားမှမလုပ်လို့ ဘာလက်မှတ်မှလည်း မထိုးနိုင်ဘူး။ တိုင်ချင်ရာတိုင် ရှင်းချင်သလိုရှင်းဗျာ”


ထပ်ပြီး ညိုကြီးက ဘယ်အချိန်ကဆောင်လာမှန်းမသိတဲ့ စာရွက်တရွက်ကိုထုတ်ပြီး ...


“ဒီမှာ ကြည့် … ဥပဒေကို ချိုးဖောက်တာ ဘယ်သူလဲဆို သိချင်ရင် ဒီမှာ ဖတ်ကြည့်။ ဒီမှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ထားတဲ့စာ၊ ဘယ်သူ့ကိုမှ မိမိဆန္ဒမပါဘဲ ဘယ်သူမှ လုပ်အားပေး မခိုင်းရဘူးဆိုတဲ့ စာလေ”


နားထောင်နေသူတွေရော၊ ရပ်ကွက်လူကြီးဆိုသူတွေရော၊ ခပ်လှမ်းလှမ်းကထိုင်နေသည့် ထောက်လှမ်းရေးဆိုသူပါ မျက်လုံးပြူးသွားကြသည်။


နောက်ဆုံး ထိုစာရွက်ကိုကိုင်၍ ထောက်လှမ်းရေးဆိုသူနှင့် ရပ်ကွက်လူကြီးတွေ ခေါင်းချင်းဆိုင်ကာ တီးတိုးတီးတိုး လုပ်နေကြသည်။

ခဏကြာတော့ ဥက္ကဋ္ဌ ထွက်လာ၍ စိတ်မသက်မသာ အသံဖြင့် ...


“သွားပါတော့ ကိုညိုကြီးရာ … သွားပါတော့”


ဟုသာ ပြောနိုင်လေသည်။


ညိုကြီး ရယက ရုံးကပြန်လာတော့ ရပ်ကွက်ထဲက သူ့ အသိမိတ်ဆွေတွေ လာပြီးနှုတ်ဆက်ကြသည်။ နေ့တိုင်းတွေ့နေရတဲ့ ညိုကြီးကို လူထူးလူဆန်းသဖွယ် တအံတသြ မေးမြန်းကြသည်။


ကောင်းလိုက်တာဗျာ ကိုညိုကြီးတို့ ရိုက်ချက်က ပီတယ်ဗျာ။ ထောက်လှမ်းရေးတောင် ဘာမှမတတ်နိုင်ဘူး၊ တွေ့တယ် မဟုတ်လား ဟု ပြောသူပြော၊ သူ့အပေါင်းသင်းတွေကဆို ပိုပင်ဆိုးသေး၊ အောင်ပွဲခံမယ်ဗျာ ဟု အရက်ပုလင်းနဲ့ အရက်လာသောက်သူကလည်းရှိ ညိုကြီးအိမ်မှာ စည်ကားနေတော့သည်။


ညိုကြီးလုပ်ရပ်ကြောင့် နောက်ထပ် သူတို့ရပ်ကွက်ထဲမှာ လုပ်အားပေးဆိုတဲ့အသံကို မကြားရတော့၊ နောက်ထပ်ကြားရသည်မှာ တမြို့နယ်လုံးကိုပါ လုပ်အားပေးမခိုင်းဖို့ အမိန့်ထုတ်ကြောင်း သိရပြန်သည်။


သူတို့ရပ်ကွက်လေးထဲမှာသာမက တမြို့နယ်လုံးရှိ ကြားကသူတိုင်းက သူ့ကို ဝိုင်းထောက်ခံကြသည်။


ဘယ်လိုပဲဖြစ်ဖြစ် ညိုကြီးလုပ်ရပ်က ကြားရသူ တွေအဖို့ နမူနာယူစရာဖြစ်သည်။


မတရားတာတွေကို ကြောက်တိုင်းငြိမ်ခံမယ်ဆိုရင်ဖြင့် ဘဝတွေ ကုန်းကောက်စရာမရှိလောက်အောင် ဖြစ်သွားတော့မည်။ ဆိုးဝါးသထက် ဆိုးဝါးသွားတော့မည်။


ကိုယ်နားလည်သလောက်၊ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်အားရှိသလောက် ဘဝတူပြည်သူတွေပူးပေါင်းပြီး မတရားမှုတွေကို ဆန့်ကျင်ကြမယ်ဆိုရင်ဖြင့် ရွှေရောင်အနာဂတ်နေ့များ မဝေးတော့မည် မဟုတ်ပါလား။


No comments: