Sunday, December 28, 2008

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၎



(၃)

သံဆူးကြိုးအထပ်ထပ်ထဲက ကိုယ်ထူကိုယ်ထ စခန်း

စစ်တပ်ဘားတိုက်ပုံ အဆောင် ၁၂ ဆောင်ရှိပါတယ်။ တောင်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း၊ ၆ လုံးတန်းစီခွဲထားပြီး ပထမတော့ အာဏာပိုင်တွေက သူတို့ကြိုက်သလို လူခွဲထားတာဖြစ်တယ်။ အရှေ့ဘက်ထိပ်မှာ ဖိုကြီးနှစ်ဖိုနဲ့ တွဲလျက် ထမင်းစားခန်း ရှိပါတယ်။
မကြာလိုက်ပါ၊ ကျန်ထိန်းသိမ်းတွေက လူအများဆုံး ပါတီကြီးများဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အလံနီ ပါတီတို့ကို ဖိုတဖိုစီ ပေးထားခဲ့တယ်။ မလညပ ဖို၊ တသီးပုဂ္ဂလ ဖို စသဖြင့် ဖိုအသီးသီး ပေါ်လာပါတယ်။

အဆောင်တွေကိုလည်း ဗကပ က ၅ ဆောင်၊ အလံနီ က ၃ ဆောင်၊ မလညပ က ၁ ဆောင် ကျန်တာက တသီးပုဂ္ဂလတွေအတွက်နဲ့ ပစ္စည်းထားတဲ့အခန်း၊ ဆေးခန်း စသည် ခွဲလိုက်ကြတယ်။ ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်၊ ဦးတင်အောင်တို့က အဆောင် ၄၊ ဦးမြသန်း အပါအဝင် ကျနော်တို့က အဆောင်နံပတ် ၉ ဆိုတော့ တောင်ဘက် မြောက်ဘက်တန်းနေလို့ သံဆူးကြိုးတွေကြားက ဟိုဘက်ဒီဘက် လှုပ်ရှားမှုကို မြင်နေကြရပါတယ်။

ရောက်ပြီး နောက်တနေ့ ရေတပ်စခန်းဘက်ပြောင်းဆိုက်ထားတဲ့ သင်္ဘေပေါ်က ရိက္ခာတွေ သယ်ချပေးဖို့ အလုပ်ဆိုင်းတဆိုင်းကို ကားနဲ့ ခေါ်သွားပါတယ်။ ‘စခန်းတနေရာ’လို့ စာရေးထားတဲ့ အိတ်တွေ၊ ပုံးတွေ၊ အထုပ်တွေ ချကြရတယ်။ ကားနဲ့သယ်လာပြီး အကျဉ်းဌာန ဂိုဒေါင်ထဲ ထည့်ပေးရတယ်။ ရိက္ခာကို အဲဒီမှာ ထုတ်ရတာဖြစ်တယ်။

ဆန်ကျတော့ စီမံကိန်းရှိရှိ ခပ်စောစောကတည်းက ကြိုပို့ထားပါတယ်။ ထားတဲ့နေရာက ကျွန်း အလယ်ပိုင်း ရဲစခန်းနားမှာပါ။ ကျနော်တို့ရောက်တော့ ဆန်က ဟောင်းနေရုံမက ပိုးထိုးလောက်ကိုက် အဆင့်တောင် ရောက်နေပါပြီ။ ဒီအတိုင်း ခြင်ယူလို့လည်း ရတယ်။ ဆန်ကောင်းချည်းလိုချင်ရင် ကိုယ့်ဖာသာ ပြာသန့်ယူလို့ ခိုင်းပါတယ်။
ကိုကိုးကျွန်း အကျဉ်းစခန်း

နိုင်ငံရေးသမားတွေကို အချိန်ပို မပေးချင်လို့ တမင်အကွက်ချ စီစဉ်ထားတာပါ။ အပွန်းအပဲ့ မခံနိုင်တာနဲ့ ‘ဆန်သန့်’ ဆိုပြီး အလုပ်အဖွဲ့တဖွဲ့ ထုတ်ပေးရပါတယ်။ ရိက္ခာစကေးက တနေ့ တကျပ်ခွဲနှုန်းပါ။ ဒီအထဲက သင်္ဘောခ နှုတ်ပါသေးတယ်။

ပိုပိုလျှံလျှံစားချင်ရင် ကိုယ့်ဖာသာ စိုက်စားဆိုလို့ တောင်ယာ အလုပ်ဆိုင်း တဆိုင်း၊ ရေအဆိုင်း၊ ထင်းအဆိုင်း၊ ဖိုအဆိုင်း စသည်ခွဲလိုက် ကြရတော့ လူကြီးတွေရယ်၊ မကျန်းမာသူတွေရယ်ပဲ ကျန်ပါတော့တယ်။

ကိုယ့်ဖာသာ ငါးဖမ်း၊ ခရုငုပ်၊ ကျောက်ခမောက်ခွာ၊ အုန်းသီးကောက်၊ အုန်းပင်တက် ရတာတွေလည်း ရှိတယ်။ လိပ်ဖမ်း၊ လိပ်ဥရှာရတာလည်း ရှိတယ်။ ဒါကိုတော့ ပုံမှန်မဟုတ်တဲ့ ရှာဖွေရေးအဖွဲ့လို့ ဆိုပါမယ်။

ဦးတင်အောင်က အသက် ၅ဝ ပိုင်းမို့ အလုပ်ဆိုင်းထဲ မထည့်ပါ။ ဦးမြသန်းက ၄ဝ ကျော် ဖြစ်ပါတယ်။ သူ့ကိုလည်း ကျနော်တို့က မထည့်ချင်ပါ။ ဒါပေမယ့် သူက ဇွတ်လိုက်ပါတယ်။ သူရွေးတာက လုပ်ရင်လုပ်သလောက် ပင်ပန်းတဲ့ ထင်းအဆိုင်းပါ။

အင်မတန် မာ၊ အင်မတန် မြင့် လုံးပတ် အင်မတန်ကြီးတဲ့ သစ်နီပင်ကြီးတွေကို ရေခဲခွဲတဲ့လွှမျိုးနဲ့ လှဲရ၊ ဖြတ်ရ ပုဆိန်နဲ့ ခွဲရတဲ့ အလုပ်၊ သူ့ကိုတော့ များသောအားဖြင့် လွှဆွဲတဲ့နေရာမှာ ထားကြပါတယ်။

အလုပ်ဆိုင်းတွေကို ဝါဒါတွေက လိုက်ကြီးကြပ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ထိန်းမရတာရယ်၊ ပြည်မ ထောင်တွေတုန်းက သူတို့လုပ်ခဲ့တဲ့ ရာဇဝင်ကြွေး တွေအတွက် သွေးလန့်နေတာရယ် သူတို့ ကိုယ်တိုင်ကလည်း ရေခြားမြေခြားမှာ မတက်ကြွတာရယ်ကြောင့် နောက်ပိုင်း မလိုက်ကြတော့ပါ။

ရောက်စမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအလုပ်က ပင်လယ်ဆင်းပြီး ရေချိုးရခြင်းဖြစ်ပါတယ်။ တခါချိုး တနာရီ၊ တသုတ်လူ ၃ဝ ကို ဝါဒါအစောင့်နဲ့ ထုတ်ပါတယ်။ ဗူးဝသံဆူးကြိုးတံခါးရှေ့မှာ လူ ၃ဝ ပြည့်အောင် တန်းစီ စောင့်ကြရပါတယ်။

အများစုက ထုတ်ပေးထားတဲ့ လံကွတ်တီ ဘောင်းဘီလေးတွေနဲ့ လက်ထဲမှာ သံချောင်းရှည်ရှည် တုတ်ရှည် ကိုယ်တိုင်လက်ဖြစ် မှိန်း၊ လှံ စတာတွေနဲ့ ဟေးဝါးအော်နေကြပုံမှာ အာဖရိက တောတွင်းသား ဇူးလူးစစ်သည်များ စစ်ထွက်မယ့်ပုံစံမျိုး ပေါက်နေပါတယ်။

မြင်ရသူများ ရင်နာစရာကတော့ တန်းစီရပ်နေသူတွေထဲမှာ ထောင်တွင်း ညှဉ်းပမ်း နှိပ်စက်မှုများကြောင့် ထင်ကျန်ရစ်တဲ့ အရှိုးတွ၊ အစင်းတွေ၊ အမာရွတ်တွေကို ထင်းခနဲ ကွင်းခနဲ တွေ့ကြရခြင်းပါ။ အင်းစိန်ထောင် အကျဉ်းသားများက ပိုခံရပါတယ်။ ကျနော်တို့ အဆောင်က ကိုလှဖေ၊ တပ်ကြပ်ကြီး မြတ်ဆွေ၊ အဆောင် ၄ မှ ကိုသက်ဝင်းတို့ကိုတော့ ရင်းလည်းရင်းနှီး အနီးကပ်လည်း နေရတော့ မျက်စေ့ထဲက ခုအချိန်ထိမပျောက်၊ တင်ပါးရင်းကနေ ပေါင်၊ ခြေသလုံးအထိ တန်းစီနေတဲ့ ကြိမ်ရာတွေဟာ မြင်မကောင်းပါ။

ဗူးတံခါးဖွင့်လိုက်တာနဲ့ ဟေးကနဲ အော်လိုက်ကြကာ လူငယ်တွေက ရှေ့မှ ပြေးကြရပါတယ်။ တနာရီအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းပါ။ ပါလာတဲ့ လက်နက်ကိရိယာတွေနဲ့ ဒီရေကျ ပေါ်လာတဲ့ ကျောက်တုံး ကျောက်ခဲ တွေကို ကော်ထုတ်၊ လှန်လှောကြ၊ တွေ့သမျှထဲက စားကောင်းမယ့် ရေသတ္တဝါငယ်တွေကို ဖမ်းကြ၊ ကောက်ကြပါတယ်။

လူကြီးတွေကတော့ ကမ်းစပ်မှာ အညောင်းပြေ လမ်းလျှောက်နေတတ်ကြတယ်။ အစောဆုံး ရေထဲဆင်းသူက ဦးမြသန်း၊ အချိန်စေ့တဲ့ အထိ ရေထဲက တက်မလာ တော့ပါ။ မျက်စေ့မှုန်သူဖြစ်လို့ ခပ်ဝေးဝေးအထိ မကူး၊ ကမ်းစပ်တလျှောက် ခေါက်တုံ့ခေါက်ပြန် ကူးနေပါတော့တယ်။

တချို့က ခပ်လှမ်းလှမ်းရှိ အိုနာဆစ် သင်္ဘောကြီးဆီကူးသွားပြီး သင်္ဘောပေါ် တက်ကာ လိုအပ်တဲ့ သံတိုသံစ၊ သံချောင်း တိုရှည်၊ သံပြား၊ ကြေးပြားများကို ဖြုတ်ကြ၊ ခွာကြပါတယ်။ လိုသလောက်ရတာနဲ့ ဖောင်ကလေးပေါ် တင်ဆွဲကာ ပြန်ကူးလာတတ်ကြပါတယ်။ ယူ၍ မကုန်နိုင်ပါ။

လူကြီးတချို့က ရောင်စုံခရုခွံလှလှတွေ ကောက်လေ့ရှိပါတယ်။ လူငယ်တချို့က အိုနာဆစ်သင်္ဘောပေါ်မှ ရေထဲ ဒိုင်ဗင်ထိုးဆင်းသူက ဆင်းပါတယ်။ ဒီလိုအချိန်မှာ ကျနော်တို့ရဲ့ လင်းယုန်ကြီးကကော ဘာတွေလုပ်နေတယ် ထင်ပါသလဲ?။

ရောက်စမှာ လမ်းလျှောက်ပါမယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါမယ်။ ပြီးတော့မှ ပုဆိုးကို ခါးတောင်းကျိုက်ကာ သဲပြင်ပေါ် ဇောက်ထိုးမိုးမျှော် အုန်းပင်စိုက်နေလိုက် ပါတော့တယ်။ စောစောပိုင်းရက်တွေမှာ လက်နှစ်ဖက် ခပ်ချဲချဲထောက်ပြီး စိုက်ပါ တယ်။ နောက်ပိုင်း ပိုကျွမ်းကျင်လာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂူရီယံနည်း လို့ခေါ်တဲ့ လက်ဝါးနှစ်ဘက်ယှက် နောက်စေ့ကိုထိန်းပြီး စိုက်ပါတယ်။ အရပ်ကရှည်တော့ တကယ့်ကို အုန်းပင်ကြီးပါ။

ကျနော်တို့ရှောင်ရမယ့်နေရာ နှစ်နေရာရှိပါတယ်။ တနေရာက သူ အုန်းပင်စိုက်တဲ့ နေရာ။ ခြေအကြွမှာ လေတိုက်လိုက်ရင် သဲမှုန်တွေ သူ့မျက်နှာပြေးကပ်မှာ စိုးလို့၊ နောက် တနေရာက ပိုဆိုးပါတယ်။ အချိန်စေ့ခါနီး လူတပြုံကြီး ရေထဲဆင်းပြေးကြ တဲ့အခါ ဥသြသံ မပေး ဘာမပေး မျက်စိမှုန်မှုန်နဲ့ လူကိုဝင်ဆောင့်တတ်တဲ့ ဦးမြသန်းရေကူးတဲ့ ကမ်းစပ်နေရာ။ ကမ်းစပ်ဆိုပေမယ့် လူခါးလောက် နက်တာကလား။
ငါးပိတိုက်ပွဲ

ကျနော်တို့မှာ နံနက်စာကို ပဲဟင်းနဲ့ငါးပိ၊ ညနေစာကို စည်သွတ်ဗူးများဖြစ်ကြတဲ့ အမဲသား စားချင်စား၊ ဒါမှမဟုတ် အသီးဗူးကိုသာ စားကြရပါတယ်။ ဒါကလည်း နေ့စဉ် ရာရှင် မဟုတ်။ နည်းနည်း နည်းနည်း ဆန့်စားလို့ နေ့စဉ် စားနိုင်ခြင်း ဖြစ်ပါတယ်။ ကြာလာတော့ အနံ့ကိုပင် မခံချင်တော့ပါ။ ဒါပေမယ့် ပထမဆုံး ရင်ဆိုင်ရတဲ့ပြဿနာက ငါးပိပျက်များ ထုတ်ပေးတဲ့ကိစ္စဖြစ်ပါတယ်။

ဒါကို ထိန်းသိမ်း (အကျဉ်းသားအားလုံးက) တညီတည်း လက်မခံကြပါ။ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ လဲပေးရမယ်လို့ တောင်းဆိုတာကို အာဏာပိုင် တွေက ပယ်ချပါတယ်။ သူတို့လည်း ဒီငါးပိစားနေတာပဲလို့ မဟုတ်မဟတ် အကြောင်းပြကြတယ်။ ဒီလိုနဲ့ ငါးရက်ကြာ ငါးပိတိုက်ပွဲ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ်။ သွေးတိုးစမ်းတိုက်ပွဲ ပွဲဦးထွက်တိုက်ပွဲမို့ အရေးကြီးပါတယ်။

ပထမအသုတ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဆရာ ရာဂျန်ဦးဆောင်ပါဝင်တယ်။ ၂ ရက် ကြာတော့ နားပြဿနာရှိတဲ့ ဆရာ ရာဂျန် လုံးဝ နားထိုင်းသွားပါတော့တယ်။ ၃ ရက်အကြာမှာ ဒုတိယအသုတ် တိုက်ပွဲဆက်ဝင်ပါတယ်။ ၅ ရက်ရောက်တော့ ကျွေးတဲ့ငါးပိ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ မရှိ ဆရာဝန်ကို ပြကြည့်ပါတယ်။ ဒေါက်တာ ဖေစိန်က ‘စားမဖြစ်ဘူး’ဆုံးဖြတ်တာနဲ့ တိုက်ပွဲနိုင်လိုက်ပါတယ်။

ငါးပိကောင်းတွေ အစားထိုးပေးလာပါတယ်။ လွတ်လပ်ခွင့်တွေလည်း ပိုရလာ ပါတယ်။ ဆရာဝန်ကိုတော့ ခြောက်လနဲ့ပြန်ပို့လိုက်ပြီး ဆရာဝန်အသစ် အစားထိုး ပို့ပါတယ်။ ရခိုင်အမျိုးသား ဒေါက်တာ ကျော်ဇံဝင်းပါ။ သူလည်း စာနာစိတ်ရှိပြီး သဘောကောင်းတာမို့ ၃ လနဲ့ ပြန်အပို့ခံရပြန်တယ်။

သူ့ရဲ့ဆိုစမှတ်ပြုစကားတခွန်းကတော့ “သူတို့က နိုင်ငံရေးသမားတွေ၊ ဒီ အထဲမှာ နောင်တနေ့ ဘယ်သူ သမ္မတ ဖြစ်မယ်၊ ဘယ်သူ ဝန်ကြီးချုပ်ဖြစ်မယ် ပြောနိုင်တာမှ မဟုတ်ပဲ” တဲ့။

တတိယမြောက် ဆရာဝန် ဒေါက်တာ သန်းအောင်ကိုတော့ အာဏာပိုင်တွေ အကြိုက် တွေ့သွားပါတယ်။ သူက အာဏာပိုင်တွေ အလိုကျ ဆက်ဆံပါတယ်။ ဆေး ချွေတာလွန်း၊ ဟန်ရေးပြလွန်း လို့ “မျက်စိကိုဖြဲ၊ လက်ကိုဆွဲ၏။ လမ်းများများ လျှောက်၊ ရေကိုသောက် လမ်းသူရဲ ဆရာဝန်” လို့ စာချိုးခံရသူပါ။

အာဏာပိုင်တွေက အသုံးတည့်တဲ့သူဆိုတော့ အချိန်ကျတဲ့တိုင် ပြန်မလွှတ်တော့ပါ။ တနှစ်ခွဲလောက်ရှိလာတော့ ကျုပ်တော့ သွားပါပြီဗျာ၊ Further Study (နောက်ထပ် အဆင့်မြင့် ဘွဲ့အတွက်) မလုပ်နိုင်တော့ပါဘူး။ ဒုက္ခပဲဗျာလို့ အော်ညည်းခဲ့ရသူ ဖြစ်တယ်။

ဆက်လက်ဖော်ပြပါမယ်။

No comments: