Wednesday, December 24, 2008

အထူအပါး - နိဂုံးပိုင်း


ထို့နောက် နဂိုက ပုံကျနေသော မျက်ခုံးကလေးပေါ်တွင် ခဲတံဖြင့် အသာလိုက်ပြီး ကော့ပျံနေအောင် မထူမပါး အနေတော်ခွဲပေးပြီး နောက်ဆုံး နှုတ်ခမ်းနီ ပန်းရင့် ရောင်ကို ပုံကျပန်းကျ ဆိုးပေးနေသာ ဦးလေးညိုကို ကြည့်ကာ သည်ပညာတွေကို ဘယ်လိုတတ်နေပါ လိမ့်ဟု ပေတိုးစိတ်ထဲက ချီးကျူးလိုက်သည်။


ထို့နောက် ဂန္ဓမာပန်းများကို အပွင့်လိုက်ခြွေပြီး ဆံပင်ကြားမှ ပေါ်ထွက်နေသော ဒဏ်ရာများနှင့် မျက်နှာဘေး တဖက်တချက်တွင် သာမက ခန္ဓာကိုယ်ဘေးမှ လွတ်နေသော နေရာအနှံ့အပြားတွင် အစီအရီချပြီး နှင်းဆီပွင့်ဖတ်များကိုပါ လှပစွာဖြင့် ဖြန့်ဖြူးလိုက်သောအခါ ပန်းမွေ့ယာပေါ်တွင် နှစ်ရှည်လများ အိပ်မောကျနေသော ပုံပြင်ထဲက နတ်သမီးလေးတပါးကဲ့သို့ လှချင်တိုင်း လှနေပါတော့သည်။


“ပေတိုးနှယ် ငေးရန်ကောကွာ၊ ရေခဲတိုက်မှာနေပြီး မသာမမြင်ဖူးတာကျနေတာပဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်မှပေါ့၊ ဟိုဆရာလေးတို့ ပန်းခြင်းလေး ပန်းခွေလေးချထားမှ လှမှာပေါ့ဗျ၊ ပါမလာရင်လည်း အချိန်ရှိတုန်း ဝယ်လိုက်လေ၊ ဒီကောင်လေးတွေ ဆီမှာ ရှိတယ်”


ပေတိုးကိုသတိပေးရင်း တဆက်တည်း မသာရှင်တွေကိုပါ လှမ်းအကြောင်းကြား လိုက်သည်။


“အိမ်ကလာရင် ပန်းခွေပါချင်ပါလာမှာ၊ လိုလိုမယ်မယ် ပန်းခြင်းတခြင်း လောက်တော့ ဝယ်ချင်တယ်၊ ဘယ်လောက်လဲ …”


“လိုက်ကြည့်ပေါ့၊ အကိုတို့ ကြိုက်တာရွေးပေါ့၊ ပြီးမှဟိုမှာ ဈေးပြော”


ပေတိုး သွက်လက်ဖျတ်လတ်စွာ ပန်းထားရာ စတိုခန်းဘက်သို့ ဦးဆောင်ခေါ် လာပြီး စတိုခန်းတံခါးကို အသာတွန်းဝင်လိုက်ပြီး …


“အမရေ ပန်းယူမယ်”


ဟု လှမ်းအသံပြုလိုက်သည်။ အခန်းထဲတွင် ပန်းခြင်း သုံးလေးခြင်း နှင့် ပန်းခွေအချို့ကို မတူးက စီတန်းပြရင်း …


“ကြိုက်တာရွေးပါ”


ဟုဆိုရင်း ဝယ်သူမျက်စိကျမည့် ပန်းခြင်းကို ပန်းများထပ်မံဖြည့်စွက်ပြုပြင်ကာ မွမ်းမံပေးနေသဖြင့် ရှိုးပန်း တုတ်တုတ်ကြီးများဖြင့် ဝေဝေဆာဆာလှနေသော သစ္စာပန်းခြင်းကြီးကိုရွေးပြီး တရာ့လေးဆယ်နှင့် ဝယ်ဖြစ်သွားသည်။ ဝယ်သူပြန် ထွက်သွားသောအခါ ပေတိုးက …


“အမတို့ပဲကောင်းတယ်၊ အလုပ်ကိုဖြစ်လို့”


“ ဟဲ့ … နင်ကရော မဖြစ်လို့လား”


“ဘယ်မှာဖြစ်သေးလို့လဲဗျ၊ တမနက်လုံး အမကိုပဲ လုပ်ပေးနေတာ”


“ဒီခြင်းပြန်ဝင်မှာပေါ့၊ ဒါပေမယ့် ပန်းက သိပ်မလတ်ချင်တော့ဘူး၊ အသစ်ကလေး ဘာလေး ရှာဦးလေ”


“ဟာ … ကျနော် အခုမှသတိရတယ်၊ ခန်းမ ၁ မှာထားမယ့် သစ်ခွပန်းခြင်း အရမ်းလှတာပဲ၊ ကျနော် အဲဒါသွားစောင့်ပြီး အမဆီယူလာခဲ့မယ် သိလား”


“အေး … ရအောင်လုပ်နော်၊ စောစောရရင် ပိုကောင်းမယ်၊ နောက်အချိန်တွေမီရင် ဒီနေ့ပဲ ဈေးဦးပေါက်နိုင်တာပေါ့၊ သစ်ခွဆို အကြာကြီးခံမှာ ဟ”


“ အဲဒါလဲ ငါးဆယ်ပဲလား”


“နင်ကလဲဟယ်၊ ပိုပေးမှာပေါ့”


ပိုမှဖြစ်မည်။ သည်ကနေ့ ပေတိုးငွေလိုနေသည်။ ညည ဝေဠုဝန်မှ လူငယ်တွေစုစုပြီး ဂစ်တာတီးနေတာကို အားကျပြီး သွားထိုင် ငေးမောခဲ့တာ ကြာပြီ။


သူတို့အချင်းချင်းတောင် လူနဲ့ဂစ်တာမမျှလို့ အချိန်ပိုင်းနှင့် တီးကြရသည်။ တခါတရံ သူတို့အချင်းချင်း စကားပြောခိုက်၊ ဆေးလိပ်ဖွာခိုက် ခဏတဖြုတ် ကောက်ကိုင်ပြီး ဟိုခေါက် ဒီခေါက် ခေါက်ကြည့်ရတာကိုက အရသာရှိလှသည်။


သို့သော် ပေတိုးက ကော့ပ်တွေတောင် အားလုံး လက်မယဉ်သေး။ ဂစ်တာရှိလျှင် သင်ပေးမည်ဆို၍ ဂစ်တာတလုံးကို အသည်းအသန် လိုချင်နေသည်။


ညက ထိုဝိုင်းမှတယောက်က ဂစ်တာအဟောင်းတလုံးကို တရာ့ငါးဆယ်နှင့်ရောင်းမည်ဆို၍ ပေတိုး ရောဂါတက်နေသည်။


ရှိစုမဲ့စု ခြစ်ခြုတ်ထုတ်လိုက်တော့ ငွေ လေးဆယ် ရသည်။ သည်ကနေ့ အလုပ်ဖြစ်လျှင်တော့ အငတ်ခံ၍ ထိုဂစ်တာကို ဝယ်လိုက်မည်ဟု အားခဲထားသည်။ သည်တရက် နှစ်ရက်မှ မဝယ်နိုင်လျှင် သူများလက်ထဲပါသွားပေတော့မည်။


သို့ပေမယ့် ကုသိုလ်ကံကောင်းချင်တော့ သည်ကနေ့ သစ်ခွပန်းခြင်းတခြင်းကပဲ အနိမ့်ဆုံး ခြောက်ဆယ် ခုနှစ်ဆယ်တော့ ရပေလိမ့်မည်။ ရှိုးပန်းခြင်းကို ပြန်သွင်းလျှင် ငါးဆယ် ရမည်။ ကိုယ်ရှိတဲ့ငွေနှင့်ပေါင်းလျှင် ဒီနေ့ ဂစ်တာကို အဝကြီး တီးပစ်လိုက်နိုင်တော့မည်။


ပေတိုး စိတ်အေးလက်အေးနှင့် မီးသင်္ဂြိုဟ်စက်နားက အုတ်ခုံပေါ်မှာ ခြေတွဲလောင်း ချထိုင်၍ ရေခဲထုပ် တထုပ် ဝယ်စုပ်ရန် စောင့်နေလိုက်သည်။


အသုဘတွေ တလောင်းပြီးတလောင်း ချသွားသည်။ မက်မောလောက်စရာ လုပ်ကွက်ကို ရှာမတွေ့သေး။ ပုဏ္ဍရိတ်ပန်းတွေ၊ ငွေပန်းတွေ နှင့် တနေ့ခံ ဖြစ်သလိုလုပ်ထားသော ပန်းခွေများက ပိုများသည်မို့ မီးသင်္ဂြိုဟ်စက်ရှေ့ရောက်လိုက်၊ အသုဘရှင်တွေက ဘေးသို့ လှမ်းပစ် ချိတ်လိုက်၊ သုဿန်ဝင်းထဲ လာကျောင်းထားသော ဆိတ်တွေက ဆွဲစားလိုက်နှင့် ပန်းခွေအစအနများက မီးသင်္ဂြိုဟ်စက်ဘေးမှာ ဖရိုဖရဲ။


သစ်ခွခြင်းနှင့် ချလာမည့်အသုဘကိုမျှော်နေဆဲ စောစောက ဦးလေးညိုပြင်ပေးထားသော ရှိုးပန်းခြင်းဝယ်သွားသည့်အလောင်းကို လှည်းပေါ်မတင်ဘဲ လူတွေဝိုင်းထမ်းပြီးချလာကြ၍ ပေတိုး အုတ်ခုံပေါ်မှ ခုန်ဆင်းကာ ရောယောင်ပြီး လိုက်ပါသွားသည်။


အသုဘအလောင်းကို မီးသင်္ဂြိုဟ်စက်ဘက်သို့ သယ်မလာဘဲ မြေမြုပ်ရန် ဂူတွေဘက်သို့သယ်ချသွားစဉ် ဆူပူ ငိုယိုနေသူတွေကြား ပန်းခြင်းကိုင်ထားသူနှင့် အနီးဆုံးတွင် ပေတိုး နေရာယူထားလိုက်သည်။


အလောင်းကို တွင်းနှုတ်ခမ်းဘေးမှ ဆိုင်းကြိုးပေါ်တွင်ချပြီး ခေါင်းကို ခဏဖွင့်ပြသည့်အခိုက် အော်ဟစ်ငိုယိုသံများ ဆူညံသွားသည်။


‘မေကြည်ဝင်း’ အတွက် မိသားစု ပန်းခြင်းဟု စာတန်းအသစ်ပြန်ထိုးထားသော ပန်းခြင်းကြီးကိုမူ ခုချိန်ထိ ကိုင်ထားသူ လူရွယ်က လက်ဆင့်မကမ်းသေး။


ဖရိုဖရဲ မနိုင်မနင်းနှင့်ဆွဲသူ၊ ရုန်းသူ၊အော်သူ၊ ဟစ်သူများကြား ခေါင်းကိုပြန်ပိတ်ပြီး ကြိုးဖြင့်ဆိုင်း၍ မြေတွင်းထဲ ချလိုက်ကြသည်။

ပြီးတော့ မြေကြီးခဲတွေ တလုံးပြီးတလုံး ကောက်ပြီးပစ်ထည့်ပေးကြသည်။ ပန်းခြင်းကိုမူ ကိုင်သူက ကိုင်ထားဆဲ။ မြေဖို့ပြီးမှ မြေပုံပေါ်တွင် တင်သွားလေမည်လားဟု ကြည့်နေစဉ် ပန်းခြင်းကိုင်ထားသူ လူရွယ်က တွင်းနှုတ်ခမ်း နားသွားရပ်ပြီး ခြင်းထဲက သစ္စာပန်းတွေကို တပင်ချင်းဆွဲနုတ်ပြီး ခေါင်းပေါ်သို့ ပစ်ချရင်း မျက်ရည်ပေါက်ပေါက်ကျနေသည်။


“သွားပြီ …”


မသာရှင်နှင့်အတူ သူပါ ရောငိုချင်သွားသည်။ စိတ်ပျက်လက်ပျက်နှင့် လှည့်ထွက်ခဲ့စဉ် အဝေးမှ စူးစူးရှရှ အော်သံတခုကို ကြားလိုက်ရသည်။


ဟော … သစ်ခွပန်းခြင်းပါတဲ့ အသုဘချလာပြီ။ မီးသင်္ဂြိုလ်စက်ရှေ့သို့ပင် ရောက်လုပြီမို့ မြေပုံတွေ ဂူတွေကြားမှ ပေတိုး အပြေးအလွှား ထွက်လာခဲ့သည်။ ခြင်းကို အောက်နားသွားချိတ်ထားလိုက်လို့ ဆိတ်စားသွားလျှင် ခက်ရချည့်။


ဟူး … တော်ပါသေးရဲ့။ မီရုံလေးရှိတော့လို့  ခေါင်းကို မီးစက်ထဲသွင်းမည့် လှည်းပေါ်တင် …


အဖုံးဖွင့်ကြည့် …


ပြန်ပိတ် …


ပန်းခွေအပေါစားများကို ဘေးနားက သံချိတ်ဆီပို့ …


ဟော … ပန်းခြင်းကိုလည်း သွားစွန့်ဖို့ လက်ဆင့်ကမ်း … ပေတိုး အားရဝမ်းသာ သံချိတ်နှင့် လေးငါးလှမ်း အကွာက လက်ဆင့်ကမ်းယူရန် လက်အလှမ်း …


“အဲဒီပန်းခြင်းကလေးကို သူနဲ့အတူ ရောသင်္ဂြိုလ်ပေးပါ။ သူ့အတွက် တကူးတက လေယာဉ်နဲ့တောင် သယ်လာရတာပါ”


တဖြည်းဖြည်းနှင့် ပန်းခြင်းက လက်သုံးလေးဖက်ကို ပြန်ကျော်ပြီး ခေါင်းပေါ်ပြန် အရောက် …


‘ဂျိုင်း’ ခနဲ မီးစက်တံခါးပိတ်သံက ပေတိုး ရင်ကို သိမ့်သိမ့်တုန်သွားစေသည်။


ဒီကနေ့ ပေတိုး ကံဆိုးလေပြီ။ ရီဝေဝေမျက်ဝန်းများနှင့် ပန်းခွေများကို ဖဲ့ရွဲ့ စားသောက်နေသော ဆိတ်မည်းမည်းတကောင်ကို မလိုတမာငေး ကြည့်နေရင်းမှ ခေါင်းပြန်အမော့မှာ လေအပင့်တွင် ကစဥ့်ကလျားဖြစ်သွားသော မီးစက်ခေါင်းတိုင်ဝမှ မီးခိုးငွေ့  များကြောင့် တက်တချက် ခေါက်လိုက်မိသည်။


“တောက် … မီးခိုးကလဲ ထွက်တာတောင် ရိုးရိုးမထွက်ဘူး။ ဂစ်တာပုံပေါက်အောင်များ တွန့်လိမ်ပြီး ထွက်ပြလိုက်ရသေးတယ် ဟင်း”


* * *

သရုပ်ဖော်ပန်းချီ - သန်းမြင့်အောင်


၁၉၉၃ ခုနှစ် မေလ၊ ရင်ခုန်ပွင့်မဂ္ဂဇင်း


No comments: