Sunday, September 1, 2013

နိုင်ငံ့အရေး မိုးလေကင်းလျှင်ဖြင့် (ခင်ငြိမ်းသစ်)

မဲဆောက်ကနေ ၇၅ မိုင်ဝေးတဲ့ ဖုတ်ဖရမြို့နယ်အတွင်းမှာ စိမ်းလန်းစိုပြေတဲ့ တောင်တန်းတောင်ဆွယ်တွေ ရှိပါတယ်။ အဲဒီတောင်တန်းတွေထဲက တောင်တချို့ပေါ်မှာတော့ ဝါးခင်း၊ ဝါးကာ၊ သက်ကယ်မိုးထားတဲ့ တဲအိမ်လေးတွေက တချို့နေရာမှာ ခပ်စုစု၊ တချို့နေရာတွေမှာ ကျို့တို့ကျဲတဲ၊ နေရာအတော်များများမှာ သက်ကယ်မိုးတွေကို ကြပ်ကြပ်ညပ်ညပ် မြင်နေရပါတယ်။ တနေရာက တနေရာသွားဖို့အတွက် တောင်တွေ တက်ရ၊ တောင်တွေ ဆင်းရ။ တနှစ်မှာ ၈ လလောက် မိုးတွေရွာနေတတ်တဲ့ နေရာ။ တောင်တန်းတွေပေါ်ကို ကြည့်နေရင်းက မြူတွေ ဆိုင်းလာတတ်တဲ့ နေရာ။ အမြဲလိုလို စိမ့်ချမ်းနေတတ်တဲ့ နေရာ။ လူအတော် များများမှာ အောင့်အီးသည်းခံနေရပုံပေါက်နေတဲ့ နေရာ။ 

အဲဒီ့နေရာလေးမှာ ငြင်းပယ်ခံရသူတွေ နေပါတယ်။ သူတို့ဟာ ထိုင်းမြေပိုင်နက်ထဲမှာနေပေမယ့် ထိုင်းလူမျိုးတွေ မဟုတ်ကြပါဘူး။ တစ်ခါတစ်ရံ အဲဒီ့နေရာလေးမှာ သေနတ်သံတွေ ကြားနေရတတ်တယ်။ အဲဒီ့မှာ မြန်မာပြည်ဖွားတွေနေကြတယ်။ တချို့ဆိုရင် အဲဒီ့နေရာလေးမှာနေကြတာ နှစ်ပေါင်း ၃၀ နီးနေပြီလို့ ပြောပါတယ်။ ဒီနေရာမှာနေသူတွေကို မြန်မာ အစိုးရ အဆက်ဆက်က သောင်းကျန်းသူတွေလို့ သတ်မှတ်တယ်။ တကယ်တော့ သူတို့ဟာ ခေတ်စနစ်ဆိုးရဲ့သားကောင်တွေပဲဖြစ်ပါတယ်။ 


အုန်းဖျန် ဒုက္ခသည်စခန်းမှာ လူပေါင်း ၂ သောင်းကျော်လောက်နေထိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ့စခန်းလေးမှာ ရပ်ကွက် ၁၆ ခုရှိပြီးတော့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ က အများအားဖြင့် ကရင်လူမျိုးတွေ နေထိုင်ကြပါတယ်။ တချို့ကရင်တွေက အုန်းဖျန်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြတာ နှစ်ပေါင်း ၃၀ နီးပါးလောက်ရှိနေပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ရွာတွေဟာ စစ်ဘေးသင့်နယ်မြေတွေပါ။ နှစ်ပေါင်း ၆၀ လောက်ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ သားကောင်တွေလည်း ဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ်က ကျွန်မတို့မိသားစု ဒုက္ခသည်စခန်းကိုသွားတော့ အဲ့ဒီ့စခန်းမှာ နှစ် ၂၀ ကျော် နေထိုင်ခဲ့တဲ့ အမိုး နော်လေးဒီ ပြောပြတာက “အမိုးတို့ဒီမှာနေတာ ၁၉၈၆ လောက်ကတည်းက၊ အမိုးတို့ရွာတွေက ကရင်တပ်ဖွဲ့ဝင်တွေနဲ့ အမျိုးမကင်းကြဘူးလေ။ သူတို့က တစ်ခါတစ်ရံ ရွာကိုဝင်ပြီး ထမင်းဝင်စားတာမျိုးတွေရှိတယ်။ သူတို့လိုအပ်တာရှိရင်လည်း ရွာမှာဝင်တောင်းတာပဲ၊ အစိုးရတပ်တွေကတော့ အမိုးတို့ရွာကို သူပုန်ရွာလို့ သတ်မှတ်တယ်။ ဒါကြောင့် ရွာကိုဝင်ပြီး မီးရှို့လို့ အမိုးတို့တွေ ထွက်ပြေးလာတာ ဒီနေရာလေးကို ရောက်ခဲ့တယ်။ ဒီနေရာလေးမှာနေရင်းနဲ့ အမိုးသားအကြီးကို မွေးတာ။ ဒီကောင်လေးတောင် အခုဆိုရင် ၂၄ နှစ်ရှိသွားပြီ” လို့ ပြောပြခဲ့ပါတယ်။ 

အမိုးသား နာမည်က စောအယ်ထူးတဲ့။ စောအယ်ထူးကတော့ တတိယနိုင်ငံလို့ အပြောများတဲ့ နောက် နိုင်ငံတစ်ခုကို ဒုက္ခသည်အဖြစ်နဲ့ သွားချင်ပါတယ်။ စောအယ်ထူးက “ကျွန်တော် လူရယ်လို့သိတတ်တဲ့အရွယ်ထဲက ဒီနေရာလေးမှာပဲ နေခဲ့ရတယ်။ ကျွန်တော် နည်းနည်းအသက်ကြီးတော့မှ စာသင်ကျောင်းကို သွားရတယ်။ အဲဒီတော့မှ ကျောင်းကလည်း စဖွင့်တာကိုး။ ကျွန်တော်တို့မောင်နှမ ၆ ယောက် လူလားမြောက်တဲ့အထိ UNHCR ကပေးတဲ့ ဒုက္ခသည် ဆန်တွေ၊ ငပိတွေနဲ့ပဲ စားခဲ့ရတာ။ ကျွန်တော်တို့ဘဝတွေ ဒီထဲမှာနေရင် ဘာမှဖြစ်လာဖို့မရှိဘူးလို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ကျွန်တော် ထွက်ချင်တာပါ။ ဖြစ်နိုင်ရင်တော့ အမေရိကားကိုပဲ သွားချင်တယ်။ 

အမိုးရယ် အရင်တုန်းက ခွင့်မပြုဘူး။ အခုတော့ သူက သွားချင်သွားလို့ ပြောပါတယ်။ သူကတော့ မသွားဘူးတဲ့။ ငပိနဲ့ ရွှေဖရုံသီး စားလို့ရနေသေးသမျှ သူဒီမှာပဲ နေချင်တယ်တဲ့။ ကျွန်တော် အမေရိကားရောက်ရင် အမိုးအတွက် ငွေပို့ပေးမယ်လေ။ အခုလည်း ကျွန်တော်ကြုံသလို အလုပ်လုပ်လို့ရတဲ့ငွေနဲ့ မိသားစု လိုအပ်တာတွေကို ဖြည့်ဆည်းရတယ်။ ကျွန်တော် မျော့ရွာတွေ(ထိုင်းရွာ) မှာ ငရုတ်သီးသွားခူးတယ်။ ထိုင်းဥပဒေအရတော့ ဒုက္ခသည်တွေဆိုတာ အလုပ်လုပ်ခွင့် မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ခိုးထွက်ရတယ်။ မနက် ၅ နာရီခွဲကို တောင်အောက်အရောက် သွားရတာပေါ့။ ၆ နာရီခွဲလောက်ဆိုရင် ထိုင်းတွေက ကားတွေနဲ့လာခေါ်တယ်။ တစ်နေ့ကို ဘတ် ၁၀၀ ကျော်လောက်တော့ ရတယ်။ ငရုတ်သီးဆိုတာက အမြဲခူးလို့ရတာမှ မဟုတ်တာ။ ဒါကြောင့် ငရုတ်မခူးရရင် ပန်းရံလိုက်လုပ်တယ်” လို့ သူတို့ရဲ့ဘဝအကြောင်းကို ရှင်းပြပါတယ်။ 

 အမိုးနော်လေးဒီလိုပါပဲ ကရင်လူမျိုးအများစုကတော့ တတိယနိုင်ငံဆိုတဲ့ အိပ်မက်ကို မမက်ကြပါဘူး။ သူတို့ရဲ့ ဇာတိရပ်ရွာတွေမှာ အေးအေးလူလူ ခေါင်းချချင်ကြတယ်။ သူတို့ဆုတောင်းနေတာက သူတို့ရွာလေးတွေ စစ်ဘေးကနေလွတ်ဖို့ပါပဲ။ ဒီစခန်းလေးထဲမှာ ဗမာလူမျိုးတွေလည်း ရှိပါတယ်။ အများအားဖြင့် ၁၆ ရပ်ကွက်မှာနေကြတယ်။ ABSDF က ရဲဘော်ဟောင်း မိသားစုတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တချို့က မိသားစုဝင်တွေ တတိယနိုင်ငံတွေမှာရှိနေတာကြောင့် မိသားစုပြန်လည်ပေါင်းစည်းဖို့ ဒုက္ခသည်စခန်းတွေကနေ စောင့်နေသူတွေဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ 

၁၆ ရပ်ကွက်မှာနေတဲ့ သိင်္ဂီအောင် လို့ခေါ်တဲ့ ကိုတင့်လွင်နဲ့လည်း တွေ့ခဲ့ရတယ်။ ကိုတင့်လွင်က နိုင်ငံရေးအကျဉ်းသားဟောင်းတဦးပါ။ သူ့ကို ကျမက အခုမှသိခဲ့တာ မဟုတ်ပါဘူး။ သူ အထက်တန်းကျောင်းသားအရွယ် ၈၈ အရေးတော်ပုံအတွက် ကျောင်းသားတွေ ပြင်ဆင်နေကြတဲ့ ၁၉၈၈ ဇူလိုင်လလောက်က သိခဲ့တာပါ။ အခြေခံပညာ ကျောင်းသားသမဂ္ဂလို့ လူသိများတဲ့ (အကသ) မှာ သူ ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ မျိုးချစ်လူငယ်အစည်းအရုံးရဲ့ ဦးဆောင်သူတွေထဲမှာ ပါဝင်ခဲ့ပြန်ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ နဝတ အစိုးရက မတရားအသင်းကြေညာတဲ့အထဲမှာ မျိုးချစ်လူငယ်အစည်းအရုံးလည်း ပါဝင်ခဲ့ပြီး ဦးဆောင်သူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ကိုတင့်လွင်လည်း ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကလွတ်မြောက်ခဲ့ပြီးနောက်မှာ မိသားစုဘဝကို ထူထောင်ခဲ့ပါတယ်။ 

“ကျနော် ၁၉၉၈ ခုနှစ်မှာ ထောင်က လွတ်တယ်။ ထောင်ကလွတ်ပြီးမှ ကျနော် အိမ်ထောင်ကျတယ်။ အမျိုးသမီးလည်း နိုင်ငံရေးလှုပ်ရှားတက်ကြွတဲ့သူပဲ။ ကျနော်နဲ့ သူက ၁၉၈၈ အရေးတော်ပုံကြီးအတွင်းမှာ တွေ့ခဲ့ကြတာပါ။ ကျနော်တို့အိမ်ထောင်ကျပြီး ကျနော်က ပွဲစားလုပ်တယ်။ အဲဒီမှာ ထောက်လှမ်းရေးက သူတို့နဲ့ပူးပေါင်းဖို့ လာပြောတယ်။ ကျနော်က ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တယ်။ ကျနော်ယုံကြည်လို့ နိုင်ငံရေးလုပ်တယ်။ ထောင်ကျတယ်။ ဘာဖြစ်လဲဗျာ ကျနော် ဝမ်းမနည်းဘူး။ နဝတ ကို ကျနော် မယုံဘူး။ ဒါကြောင့် သူတို့နဲ့ မပေါင်းဘူးဗျာ။ ဒါကြောင့် ထောက်လှမ်းရေးက ကျနော့်ကို ရစ်တော့တာပေါ့။ ကျနော့်မိန်းမက ဘယ် ထောက်လှမ်းရေးမှ ဂရုစိုက်နေဖို့ မလိုဘူး၊ ကိုယ့်အလုပ်ကိုယ်လုပ်ဆိုပြီး ရပ်တည်ပေးခဲ့တယ်။ ကျနော်တို့နိုင်ငံရေးလုပ်တဲ့လူတွေက အမြဲအဆက်အသွယ်ရှိနေတာပဲလေ။ ဒါကြောင့် နိုင်ငံရေးဆက်လုပ်ဖြစ်တာကြောင့် ထွက်ပြေးလာခဲ့တယ်။ 

ကျနော်တို့ မဲဆောက်မှာ ၂ ရက်နေပြီး အုန်းဖျန် ကန့်မ်ထဲကို လာခဲ့တယ်။ ကျနော်တို့ဆီမှာ ဘာလက်မှတ်မှမရှိတော့ မဲဆောက်မှာနေဖို့ မလွယ်ဘူးလေ။ ကျနော်တို့ ကန့်မ်ထဲရောက်လာပြီးတော့ စားဝတ်နေရေးအတွက် စီစဉ်ရတယ်။ ကျနော်တို့လင်မယား ဈေးရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမဦးဆုံး မုန့်လုံးကြီး လုပ်ရောင်းကြတယ်။ မရဘူး၊ ရှုံးသွားတယ်။ အရင်းပြုတ်သွားတာပေါ့။ လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး။ ဒါကြောင့် မျော့ရွာသွားပြီး ဂေါ်ဖီသွားသယ်လိုက်တယ်။ ရလာတဲ့လုပ်အားခကို ထပ်ပြီးအရင်းလုပ်တယ်။ ၃ ကြိမ်လောက်ရှုံးပြီးတော့မှ ကျနော် သဘောပေါက်လာတယ်။ အခုတော့ မနက်ပိုင်းကို အီကြာကွေး၊ ဆီထမင်း၊ ကောက်ညှင်းပေါင်း လိုက်ရောင်းတယ်။ နေ့လည်ကျရင် ကျနော်တို့ကိုယ်တိုင်လုပ်တဲ့ မုန့်လုံးကြီး၊ သူများဆီကယူရောင်းတဲ့ စမူဆာ လိုက်ရောင်းတယ်။ အမြတ်လား မဆိုးပါဘူး။ အခု ကျနော့်အိမ်မှာတည်းတာက လူလေးယောက်။ အားလုံး နိုင်ငံရေး အကျဉ်းသားဟောင်းတွေချည်းပဲ။ ကျနော်တို့လင်မယား သူတို့ကို ကောင်းကောင်းကျွေးထားနိုင်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးအခြေအနေကောင်းသွားရင်တော့ ကျနော်ရောက်တဲ့နေရာကပြန်မှာပေါ့။ အခု အချိန်အခိုက်အတန့်လေးမို့ပါ။ ကျနော်ရောက်တဲ့နိုင်ငံမှာ မုန့်လုံးကြီး ဆက်ရောင်းချင်နေ သေးတယ်။ တကယ်တော့ ကျနော်တို့၊ တတိယနိုင်ငံကို သွားချင်လွန်းလို့ မဟုတ်ဘူး” လို့ သူ့အတွေ့အကြုံကို ပြောပြခဲ့ပါသေးတယ်။ 

ဒုက္ခသည်စခန်းကလူတွေအတွက် ဘဝရပ်တည်ဖို့ဆိုတာ ခက်ခဲပါတယ်။ အနည်းအကျဉ်းလောက်ပဲ အဆင်ပြေတာပါ။ တချို့ကတော့ တတိယနိုင်ငံကို အရင်အခြေချနေတဲ့ ဆွေမျိုးသားချင်းတွေထံက လစဉ်ထောက်ပံငွေရလို့ အေးအေးချမ်းချမ်း နေနိုင်ကြပါတယ်။ တချို့ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပျောက်ဆုံးနေတယ်။ ဒါကြောင့် တတိယနိုင်ငံကို အိပ်မက်ကြတာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအဖို့ကတော့ အခြေအနေအရပ်ရပ်ကြောင့် တတိယနိုင်ငံကို လှမ်းမျှော်မိနေတာပါ။ ဒါပေမယ် ကျမ ထင်ပါတယ်။ မြန်မာပြည်ကြီးမှာ နိုင်ငံရေး မိုးလေဝသ မှန်နေပြီဆိုရင်တော့ ဘယ်သူမှ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို စွန့်ခွာမှာ မဟုတ်ပါဘူး။      ။

ခင်ငြိမ်းသစ် 

ဓာတ်ပုံ - ကရင်သတင်းဌာန (KIC) 


 

No comments: