Tuesday, November 26, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၆ (မင်းကျော်ခိုင်)

ကျနော်တို့ မွန်ဗဟိုစခန်းမှာ သိပ်မကြာခဲ့ပါဘူး၊ ဒါပေမယ့် ရန်ကုန်က စထွက်ခဲ့ကြတဲ့ရက်တွက်လိုက်ရင် ရက် ၂၀ ကျော်ပြီ။ နောက်ဘယ်နှစ်ရက် ဆက်လျှောက်ရမယ်ဆိုတာ မသိကြဘူး။ ဗဟိုစခန်းကနေထွက်တော့လည်း တတောင်တက် တတောင်ဆင်းနဲ့ပါပဲ။ ဒီတခေါက် လမ်းပြတွေကတော့ မွန်ပြည်သစ်ရဲ့ တခြားတပ်စိတ်တစိတ်ပါ။ အားလုံး ကျနော်တို့အပေါ် ဂရုစိုက်ကြပါတယ်၊ လမ်းသွားရင်းနားကြတဲ့အခါ ကျနော်မေးကြည့်တယ် မွန်ရဲဘော်လေးကို။ နောက်ဘယ်နှစ်တောင်တက်ရဦးမလဲလို့။ ဟာ... အကိုရာ ဟိုမှာမြင်နေရတဲ့တောင်ကို ကျော်လိုက်ရင်ရောက်ပြီ ဘုရားသုံးဆူကို တဲ့။ ဒါနဲ့ တောင်ကြီးဖဝါးအောက်ပေါ့ကွာဆိုပြီး စိတ်တင်းထားရတာပေါ့။

အမှန်ပြောရရင်အားလုံးဟာ တော်တော်တော့ ပန်းနေကြပြီ။ မှောင်ရီပျိုးပျ နေဝင်ရီတရောမှာ တောင်ခြေတခုက ရွာတရွာကို ရောက်ကြတယ်။ တောင်ယာလုပ်ကိုင်စားသောက်ကြတဲ့သူတွေ နေကြတာ၊ ရွာနာမည်တော့ မမှတ်မိတော့ဘူး။ တောင်ယာဆိုတာ တောင်တွေပေါ်မှာ စပါးတို့ ပဲတို့ စိုက်ကြတာ။ တချို့တောင်စောင်းတွေမှာ လှေခါးထစ်စိုက်ခင်းတွေလုပ်ထားပြီး စိုက်ကြတာ လမ်းမှာတွေ့ခဲ့သေးတယ်။ 

ရွာထဲဝင်ကြတော့ ရွာသူရွာသားတယောက်မှ မတွေ့ရဘူး။ အိမ်တွေအားလုံးကတော့ တဲကြီးတဲငယ်တွေပါပဲ။ ကျနော်တို့လည်း ထူးခြားလှချေလားပေါ့၊ နေ့လည်နေ့ခင်းလည်းမဟုတ်ဘဲ ညဘက်အိပ်ချိန်ရောက်ခါနီးမှာမှ ရွာသားတယောက်မှ မရှိတဲ့အိမ်တွေတွေ့ရလို့ပါ။ ဒါနဲ့ပဲ ကြုံရာအိမ်တွေပေါ် ကိုယ့်အုပ်စုနဲ့ကိုယ်တက်ပြီး ညစခန်းချဖို့ ပြင်ကြတာပေါ့။ အိမ်တွေအားလုံးမှာ အိမ်ရှေ့တံခါးပေါက်ရယ်လို့ မရှိကြဘူး၊ အခန်းရယ်လို့လည်း မရှိဘူး၊ အိမ်ရှေ့နဲ့ အိမ်နောက် ဒိုးယိုပေါက်ချည်းပါပဲ။ 


အိုးခွက်ပန်းကန်တွေတော့ တွေ့တယ်၊ ငါးပိအိုးတွေ ငါးခြောက်တွေလည်း တွေ့ကြပေမယ့် အိမ်ရှင်တွေမရှိမသိဘဲ ကျနော်တို့လည်း ဘာမှသွားမတို့မထိကြပါဘူး။ ခဏအကြာ ကျနော်တို့တက်နေကြတဲ့ တဲရှေ့က မွန်သံဝဲဝဲနဲ့ ဟေး... ကျောင်းသားတွေဆို... ဒို့က ဗမာစစ်သားတွေရွာထဲ ဝင်လာတယ်ထင်ပြီး ဒို့တရွာလုံး တောထဲသွားပုန်းနေကြတာ၊ နောက်မှ တော်လှန်ရေးကျောင်းသားတွေဆိုလို့ ရွာထဲပြန်လာကြတာလို့ပြောပြီး သူတို့မှာရှိတဲ့ ဆန်၊ ငါးပိ၊ ငါးခြောက်တွေထုတ်ပြီး ကျနော်တို့အုပ်စုကို စေတနာအပြည့်နဲ့ ချက်ပြုတ်ကျွေးကြပါတယ်။ 

ဗမာစစ်တပ် ရွာထဲဝင်လာရင် ပြေးရတာပဲ၊ ဒို့ရွာထဲကလူတွေကို အထမ်းပေါ်တာဆွဲတယ်၊ ဒို့မှာရှိတဲ့ ကြက်တွေ၊ ဝက်တွေ၊ နွားတွေ လိုချင်တာ အကုန်ယူကြတဲ့အပြင် တခါတခါ ဒို့ရွာသားတွေ အရိုက်ပါခံရသေးတယ်ဟေ့ လို့ ရင်ဖွင့်ကြတယ်။ သူတို့စိတ်ထဲစွဲနေကြတာက စစ်အုပ်စုရဲ့စစ်တပ်ဆိုရင် ဗမာလို့တွေးပြီးသား၊ အမှန်က စစ်တပ်ထဲမှာ တိုင်းရင်းသားပေါင်းစုံဆိုတာ သူတို့မသိဘူးလေ။ ရွာမှာ ကျောင်းမရှိတော့ စာမတတ်ကြဘူး၊ စာသင်ရကောင်းမှန်းလဲမသိကြဘူး။ အဲဒီတော့ ဗဟုသုတမရှိကြတော့တာ မဆန်းဘူးလို့ပဲပြောရတော့မှာပေါ့။ သူတို့ရဲ့ဘဝတွေက ကလေးသူငယ်တွေလည်း မိဘတွေနဲ့အတူ တောင်ယာလိုက်ကူ၊ မိုးတွင်းဆိုရင် တောင်ပေါ်မှာ မျှစ်ချိုးသွားကြ၊ တောတွင်းမှာ အမဲလိုက်ကြ ဒီလိုနဲ့ စားဝတ်နေရေးဖြေရှင်းကြရင်း အရွယ်ရောက်လာကြတာပဲ။ သူတို့ရွာက မြို့ကိုရောက်ဖူးတဲ့သူမရှိသလောက်ပဲလို့ပြောကြတော့ ကျနော် စိတ်မကောင်းတော်တော်ဖြစ်မိတယ်။ ကျနော်တို့တိုင်းပြည်မှာရော ပြည်သူတွေမှာရော လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုတာ လက်တွေ့ကွင်းဆင်းလေ့လာနေရသလို ခံစားရတယ်။ 

ကျနော်တို့ရောက်တဲ့ညက ရွာက ဆူဆူညံညံ စည်စည်ကားကားဖြစ်သွားတယ်။ တရွာလုံး ရယ်မောသံတွေညံလို့၊ ရွာသူရွာသားတွေကလည်း သူတို့ရဲ့ရိုးသားတဲ့ အရင်းခံစိတ်ဓာတ်တွေနဲ့ ရှိသမျှလေးတွေ ထုတ်ကျွေးကြ၊ ကျနော်တို့က သူတို့ချကျွေးသမျှ မြိန်ရည်ယှက်ရည်စားကြပေါ့။ ကျနော်တို့စားနေကြတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေကြတဲ့ သူတို့အပြုံးတွေကို ခုထိမြင်ရောင်နေဆဲပါ။ သူတို့စိတ်ထဲမှာတော့ ငါတို့ရွာကို စစ်တပ်က ခဏခဏလာလာနှိပ်စက်တဲ့ရန်က ကင်းဝေးအောင် ကယ်တင်ကြမယ့် သူရဲကောင်း တော်လှန်ရေးကျောင်းသားတွေဆိုပြီး အားကိုးကြတဲ့အကြည့်တွေဆိုတာ သဘောပေါက်ပေမယ့် ခုချိန်အထိ ကျနော်တို့ တိုက်ပွဲဝင်နေရဆဲပါ။ တိုက်ပွဲက ခုချိန်အထိ မပြီးဆုံးနိုင်သေးတာ ကိုယ့်ကိုယ်ကိုရှက်မိတာတော့ ဝန်ခံပါတယ်။ 

နောက်နေ့မနက် ရွာသူရွာသားတွေကိုနှုတ်ဆက်ကြပြီး ခရီးဆက်ကြတယ်။ တောင်တွေကျော် တောတွေဖြတ်ကြရပြန်ပေါ့လေ။ လမ်းမှာ တောင် ၂ လုံးလောက်ကျော်လာပြီး ခဏနားကြတဲ့အခါ မွန်ရဲဘော်လေးကို မေးကြည့်တယ်။ မင်းပြောတော့ ဒီတောင်တလုံးကျော်ရင် ရောက်ပြီဆို ဆိုတော့ ကိုရွှေရဲဘော်လေးက ဟာဗျာ... ခု အကိုတို့ကျော်လာတာ တောင်မဟုတ်ဘူး၊ တောင်ကုန်းလေးပဲဥစ္စာ ဆိုတော့ ... သြော်... တောင်ကုန်းလေးကိုးလို့သာ ညည်းမိပါတော့တယ်။ သူတို့အတွက် တောင်ကုန်းလေးဆိုတာ ကျနော်တို့ရန်ကုန်သားအတွက်က တောင်အကြီးကြီးပါ၊ သူတို့ရဲ့ တောင်ဆိုရင်တော့ ကျနော်တို့အတွက် ဘာဆိုတာပြောရမှန်း မသိတော့အောင်ပါပဲ။ 

နောက် ၂ ရက်ကြာတဲ့အခါ ရွာဈေးတန်းကြီးတခုကို ရောက်ကြတယ်။ ဈေးဆိုင်တဲတန်းကြီးပေါ့၊ ထိုင်းနိုင်ငံထုတ်ပစ္စည်းတွေ အစုံတွေ့ရတယ်။ အဝတ်အစားတွေ၊ မုန့်တွေ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေ စုံမှစုံ။ လက်ဖက်ရည်ဆိုင်တွေရောပဲ၊ အဲဒီနေရာမှာ ထိုင်းဘတ်ငွေရော မြန်မာကျပ်ငွေရော သုံးလို့ရတယ်။ ကျနော်တို့အုပ်စုထဲက လူငယ်တချို့က ထိုင်းကထုတ်တဲ့ နို့ဆီဗူးဝယ်ပြီး ချက်ချင်းဖောက် မော့သောက်ကြ၊ တချို့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နဲ့ စီးကရက်နဲ့ ဇိမ်ခံတဲ့သူကခံ။ ကျနော်တို့လည်း ပါလာတဲ့မြန်မာကျပ်ငွေနဲ့ ထိုင်းသုံးဘတ်ငွေနဲ့တွက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်းရှေ့ဆက်ရမယ့် ကျနော်တို့ရဲ့ ရည်ရွယ်ချက် မျှော်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကိုယ့်အချင်းချင်းတိုင်ပင်ကြတယ်။ ဘာလို့ဆို ကျနော်တို့ရောက်နေတဲ့ ဈေးတန်းရှည်ရွာကြီးကနေ စက်လှေ (အင်းလေးက စက်လှေမျိုး) နဲ့ မိနစ် ၂ဝ လောက် ခရီးဆက်လိုက်ရင် ထိုင်းနိုင်ငံနယ်စပ် စမ်ခပူရီကို ရောက်ကြမှာကိုး။ 

လက်ဖက်ရည်ဆိုင်ထိုင်ပြီး တိုင်ပင်နေကြတုန်း လေယဉ်ပျံအသံကြားလိုက်ရပြီး စစ်အုပ်စုရဲ့ လေယဉ်ပေါ်ကနေ စာတွေကြဲချလိုက်တာ တွေ့လိုက်ရတယ်။ အားလုံးတော်တော်များများ လေယျဉ်ပေါ်ကကျလာတဲ့စာတွေ ယူကြည့်ကြတော့ ကျနော်တို့ရှေ့ကကြိုတင်ပြီး နယ်စပ်ကိုထွက်သွားခဲ့တဲ့ ကိုလှအောင် အပါအဝင် ပညာရေးဝန်ကြီးရဲ့ လက်မှတ်ထိုးထားတဲ့ ကျနော်တို့ကျောင်းသားတွေကို ပြန်လာခဲ့ကြဖို့ အချိုသတ်ရေးထားတဲ့စာတွေပါပဲ။


ဆက်ပါဦးမည်။

မင်းကျော်ခိုင်  


 



No comments:

Post a Comment