ရဲရင် မင်းဖြစ်တယ် ပြောသူက ပြော
ကြိုးစားရင် ဘုရားတောင်မှ ဖြစ်တယ်လို့ …
ဆိုသူကလည်း ဆို
ဖြစ်နိုင်ရင်
တို့နှစ်ယောက်အချစ်နဲ့
ကမ္ဘာကြီးကို
စစ်မက်ကင်းဝေးစေချင်တယ်
ဖြစ်နိုင်ရင်
တို့နှစ်ယောက်အချစ်နဲ့
ကမ္ဘာကြီးကို
စိမ်းလန်းငြိမ်းချမ်း
ကျန်းကျန်းမာမာ ရှိစေချင်တယ်
ဖြစ်နိုင်ရင်
ငါ့ကိုချစ်ရင် စစ်ကိုမုန်းပါ... ဆိုတဲ့
သီချင်းနဲ့
မနက်ခင်းတိုင်းမှာ
ကမ္ဘာ့နိုင်ငံတော်အလံကို
တင်ချင်တယ်
ဖြစ်ချင်တော့
သူဌေးကြီး မစ္စတာရှန်ဒရဲလားရဲ့
စာရင်းထဲလည်း
တို့နှစ်ယောက်က မပါ
နုရင်ဘတ်ခုံရုံးမှာ
စစ်ရှုံးသူတွေထဲ သူတို့လည်း မပါ
ဖြစ်ချင်တော့
ပစ်မိန့်ရပြီးသား
သေမင်းတမန်
လက်ဖြောင့်သေနတ်သမားတွေ
အမဲလိုက်တမ်းကစားနေတဲ့
မိုင်းကွင်းထဲ
တို့နှစ်ယောက်က
တယောက်လက်ကို တယောက်ဆွဲ
ဖြတ်ပြေးနေတဲ့ သုံ့ပန်းနှစ်ယောက်
ကမ္ဘာကြီးနဲ့ပါဆိုရင်တော့
တို့ သုံးယောက်။ ။
သစ်ကောင်းအိမ်
(၂၉ သြဂတ်စ်လ၊ ၂၀၁၃)

No comments:
Post a Comment