Friday, August 23, 2013

ကျနော် နှင့် မမချို - ကိုမာကီ (၈၈ မျိုးဆက်)

၂၀၀၅ ခုနှစ် ဇူလိုင်လ၊ ကျွန်တော် ထောင်ကပြန်လွတ်လာပြီး တစ်ပတ်လောက်အကြာမှာ အန်ကယ်ဦးစိန်လှဦးနဲ့အတူ NLD ရုံးချုပ်ကို ရောက်ဖြစ်ပါတယ်။ အန်ကယ်ဦးစိန်လှဦးရဲ့မိတ်ဆက်ပေးမှုကြောင့်ပဲ လူမှုအထောက်အကူပြုအဖွဲ့က မမချိုနဲ့ မဆွေတို့ကို စတင်သိကျွမ်းရင်းနှီးခွင့်ရခဲ့ပါတယ်။ 

မမချိုက အသက် ၄၀ နှစ်လောက်၊ အသားလတ်လတ် အရပ်ပျပ်ပျပ်၊ မျက်နှာက ရှေးမြန်မာအမျိုးသမီးကြီးတွေရဲ့ မျက်နှာမျိုး။ အိနြေ္ဒကြီးကြီးနဲ့ ကျက်သရေရှိတဲ့ မျက်နှာမျိုးပေါ့။ ရှုတည်တည်နဲ့နေရင် အတော်မာနကြီးတဲ့သူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ နာမည်နဲ့လိုက်ဖက်အောင်ကိုပဲ လှိုက်လှိုက်လှဲလှဲ ရယ်မောပြုံးချိုစွာ ပြောဆိုတတ်ပါတယ်။ မဆွေကတော့ အသက် ၃၅ နှစ်လောက်ရှိပြီ။ အသားနည်းနည်းညိုတယ်။ ပိန်ပိန်သွယ်သွယ်။ မျက်နှာက အမြဲတမ်းချိုပြုံးပြီး ကြည်လင်နေတတ်တဲ့ မျက်နှာမျိုး။ အိနြေ္ဒရရနဲ့ ခေတ်ဆန်တဲ့အဝတ်အစားမျိုး ဝတ်လေ့ရှိတယ်။ 

မဆွေက ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွားရရှာတဲ့ NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးမောင်ကိုရဲ့သမီးပါ။ သူတို့နှစ်ယောက်စလုံးရဲ့ထူးခြားမှုက အလွန်ဖော်ရွေပွင့်လင်းကြတာပါပဲ။ သူတို့ရဲ့ ရိုးရှင်းတဲ့မျက်နှာနဲ့ ပွင့်လင်းဖော်ရွေတဲ့စကားပြောဟန်တွေက တစ်ဖက်သားကို ယုံကြည်ရင်းနှီးမှုရလွယ်စေတယ်။ မိသားစုရဲ့စီးပွားရေးနောက်ခံတွေလည်း တောင့်တင်းကြတယ်။ မိသားစုရဲ့ထောက်ခံအားပေးမှုကိုလည်း အပြည့်အဝရရှိကြတယ်။ သိပ်အချမ်းသာကြီးမဟုတ်ရင်တောင် မိသားစုအရေး မပူပင်ရသူတွေ၊ သူတစ်ပါးကို ကူညီဖြည့်ဆီးပေးနိုင်ကြသူတွေပေါ့။ နှစ်ယောက်စလုံးက အပျိုကြီးတွေဖြစ်နေလို့လည်း အချိန်ပေးပြီး အလုပ်ပိုလုပ်နိုင်ကြတယ်။ အပင်ပန်းလည်း ခံနိုင်ကြတယ်။ သတ္တိလည်းရှိကြတယ်။ ဒါကြောင့်လည်း NLD လူမှုအထောက်အကူပြု တာဝန်နဲ့သူတို့နှစ်ယောက် အလွန်လိုက်ဖက်ပါတယ်။ 


ကျွန်တော်နဲ့ ပိုပြီးရင်းနှီးခင်မင်သွားစေတာကတော့ ကျွန်တော်တို့ 88 ခေါင်းဆောင်တွေဖြစ်တဲ့ ကိုပေါ်၊ ကိုကိုကြီးတို့နဲ့လည်း စကတည်းက ခင်မင်ရင်းနှီးပြီးသား ဖြစ်နေကြလို့ပါပဲ။ ဒါ့အပြင် မိသားစုဝင်တွေချင်းပါ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ (ဒါပေမယ့် နောင်တစ်နှစ်လောက်အကြာမှာတော့ အကြောင်းကြောင်းသော၊ အကြောင်းကြောင်းတွေကြောင့် မဆွေက ပြည်ပကို (တရားဝင်) ထွက်သွားခဲ့ရတယ်။ ဒီနေရာမှာတော့ မမချိုအကြောင်းကိုသာပြောလိုရင်းမို့ မဆွေနဲ့ပတ်သက်တဲ့အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့ပါဦးမယ်။) 

မမချိုမှာ ထူးခြားမှုပိုတာ ရှိသေးတယ်။ အဲဒါကတော့ အိမ့်အပြင်ထွက်တဲ့အခါ ဘယ်ကိုသွားသွား ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံရင်ထိုးလေးကို ရင်ဘတ်မှာ အမြဲတမ်းထိုးသွားတတ်တာပါပဲ။ သူလွယ်နေကျ ဆလင်းဘတ်အိတ်မှာလည်း NLD အမှတ်အသားဖြစ်တဲ့ ခွပ်ဒေါင်းနဲ့ကြယ်ပုံ စတေကာ ကပ်ထားသေးတယ်။ ကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေ၊ နီးစပ်ပတ်သက်ရာမိသားစုတွေထဲက သာရေး၊ နာရေး အလှူအတန်းလုပ်ကြတဲ့အခါ အကျွေးအမွေးအတွက် အပ်တဲ့အချိုပွဲကို မမချိုဆီမှာ အကူအညီ တောင်းလေ့ရှိကြတယ်။ 

အကူအညီတောင်းတိုင်းလည်း မမချိုက ဝမ်းပမ်းတသာနဲ့ တာဝန်ယူပေးလေ့ရှိတယ်။ မြန်မာမုန့်တွေဖြစ်တဲ့ ရွှေချီဆနွင်းမကင်း၊ ပူတင်း၊ ကျောက်ကျော၊ လက်ဖက်သုတ်စတာတွေကို အကုန်အကျခံ၊ အပင်းပမ်းခံပြီး တာဝန်ယူပေးတာပါ။ အလှူပွဲလုပ်မယ့်နေရာနဲ့ အချိန်ကိုသာကြိုပြောထားလိုက်ရုံပဲ။ အလှူပွဲစီစဉ်သူတွေကသာ အခြားဗာဟီရအလုပ်တွေနဲ့ သူ့ကို မေ့နေကောင်းမေ့နေကြလိမ့်မယ်။ မမချိုကတော့ အဲဒီနေ့မှာသူ့ရဲ့မုန့်ဗန်းတွေ ပန်းကန်ခွက်ယောက်ပစ္စည်း ပစ္စယတွေ အစုံအလင်နဲ့ ပြောထားတဲ့အတိုင်း အတိအကျ ရောက်လာမှာသေချာတယ်။ အလှူပွဲတစ်လျှောက်လုံးမှာလည်း ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွနဲ့ သူကိုယ်တိုင် တည်ခင်းဧည့်ခံပေးလိမ့်ဦးမယ်။ ဘယ်တော့မှ ငြီးငြူတာ၊ ငြိုငြင်တာမျိုးလည်းမရှိခဲ့ဖူးဘူး။ 

ကျွန်တော်တို့အင်အားစုတွေရဲ့ အလှူအတန်းဆိုတာမျိုးကလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လုပ်ခွင့်ရကြတာမဟုတ်ပါဘူး။ အန္တရာယ်တွေကြားထဲ၊ ခြိမ်းခြောက်မှုတွေကြားထဲမှာ လုပ်ရတာကများပါတယ်။ ကြာလာတော့ကျွန်တော်တို့ကတောင် မမချိုကို အကူအညီတောင်းရမှာ အားနာလာကြတယ်။ ဒါကိုလည်း သူက ရိပ်မိပါတယ်။ “မောင်လေးတို့နော်၊ အလှူရှိရဲ့နဲ့မပြောဘဲနေရင်တော့၊ အစ်မစိတ်ဆိုးမှာ” ဆိုပြီးရယ်ရယ်မောမောနဲ့ စကားကြိုခံထားသေးတယ်။ ပြီးတော့ သူကူညီပေးစရာမလိုအပ်တဲ့ သာရေး၊ နာရေးဆိုရင်လည်း မရောက်ရောက်အောင်သွားတာပဲ။ ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်ချောင်ကျကျ၊ ပွဲတွေ ဘယ်လောက်ပဲဆက်ဆက် ရောက်အောင်သွားတယ်။ 

တစ်ကြိမ်မှာတော့ ကျွန်တော့်ကို စိတ်ဆိုးစရာဖြစ်သွားသေးတယ်။ မန္တလေးထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ကိုသက်ဝင်းအောင်(ကိုပြုံးချိုရဲ့ညီ) ရက်လည်ဆွမ်းကျွေးကို သူလာဖို့။ ကိုသက်ဝင်းအောင်အတွက် ဂုဏ်ပြုကဗျာရေးပြီး မှန်ပေါင်နဲ့ အကျအနထည့်သွင်းလို့လည်း ပို့ထားပေးပြီးပြီ။ ဒါပေမယ့် တာမွေလေးက ကိုပြုံးချိုတို့အိမ်ကို မမချိုက မရောက်ဖူးဘူး။ ဒီတော့ ကျွန်တော် လာခေါ်ပါ့မယ်ဆိုပြီး ပြောထားလိုက်မိတယ်။ 

အဲ့ဒီ့နေ့ကျတော့ အရုဏ်ဆွမ်းကပ်ကို ကျွန်တော်က Movie, Photo ရိုက်ပေးရတယ်။ မနက်အစောကြီးကတည်းက ကိုပြုံးချိုတို့အိမ်ကို ရောက်နေပြီး Movie ရိုက်၊ Photo ရိုက်။ ဘုန်းကြီးတွေပြန်ကြွ။ ဧည့်သည်တွေက တဖြည်းဖြည်းရောက်လာ။ ဧည့်ခံလိုက်၊ Movie ရိုက်လိုက်၊ Photo ရိုက်လိုက်နဲ့ မမချိုကိုသွားခေါ်ဖို့ ကျွန်တော်မေ့သွားပါလေရော။ နေ့ခင်းကျမှပဲသတိရလို့ ဖုန်းဆက်ပြီးတောင်းပန်တော့ ကျွန်တော်ကိုဆူလိုက်တာလေ၊ အားရပါးရပဲ။ ကျွန်တော်လည်း ဆူပလေ့စေဆိုပြီး စကားဆုံးအောင်နားထောင်နေလိုက်တယ်။ မမချို စိတ်ဆိုးပြေဖို့ကတော့ အလွယ်လေးပါ။ သူ့စကားဖြတ်တာနဲ့ အကူအညီတစ်ခုခုတောင်းလိုက်ရုံပဲ။ အံ့သြစရာပါ။ သူတစ်ပါးကို ဘယ်လိုကူညီရပါ့မလဲဆိုတာပဲ အမြဲတမ်းတွေးနေတတ်သလား မသိဘူး။ စိတ်ဆိုးတာတွေ၊ ဆူပူတာတွေ ချက်ချင်းရပ်ပြီး၊ အကူအညီပေးနိုင်ဖို့ တစ်ခါတည်း စကားလမ်းကြောင်းပြောင်းသွားရော။ 

ကျွန်တော်တို့နဲ့ဆုံလိုက်ရင်လည်း သူ့ရဲ့ပဋိသန္တာရစကားက “မောင်လေးတို့အဆင်ပြေကြရဲ့လား၊ ဘာလိုသေးလဲ၊ သုံးဖို့ စွဲဖို့ရော ရှိရဲ့လား” ဆိုတာပဲ။ ၂၀၀၆ ခုနှစ် နှစ်လယ်ပိုင်း ကျွန်တော်တို့ 88 တွေကို ဖမ်းမယ်၊ ဆီးမယ်ဆိုတဲ့ အသံတွေထွက်ပေါ်လာတဲ့အခါကျတော့၊ တစ်ရက်မှာ ကိုကိုကြီးက ကျနော့်ကိုပြောတယ်။ “အေး... အခြေအနေတွေက ဘာမှန်းမသိဘူး။ ရှောင်ရင်းတိမ်းရင်း အလုပ်လုပ်ဖို့ လိုအပ်ရင် လိုအပ်လာမယ်။ အဲဒါ မမချိုဆီခင်ဗျားဆက်သွယ်လိုက်ဗျာ။ သူ့မှာ နေရာတွေရှိတယ်လို့ပြောတယ်။ ခင်ဗျား သွားကြည့်ထားလိုက်” 

ကျနော် မမချိုနဲ့ဆုံပြီး အဲဒီ့ကိစ္စမေးမြန်းဖြစ်တော့ သူ ကူညီနိုင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သိရတယ်။ နှစ်ရက်တစ်ကြိမ်လောက် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ပြီး အလုပ်မပျက် လုပ်လို့ရတဲ့နေရာတွေ၊ တစ်နေရာစီမှာ တစ်ပတ်လောက်ခိုအောင်းပြီး အလုပ်လုပ်လို့ရတဲ့နေရာတွေ။ အပြင်ကိုသိပ်မထွက်ဘဲ တစ်လလောက်နေလို့ရတဲ့နေရာတွေ။ အဲဒါတွေအားလုံးအတွက် ရန်ကုန်မြို့ထဲက နေရာတွေကတော့ ကြိုတင်သွားကြည့်ထားဖို့ မလိုအပ်ဘူး။ အရေးကြုံလာမှ မမချိုဆီလှမ်းဆက်သွယ်ပြီး သွားလိုက်ရုံပဲ။ ရန်ကုန်မြို့ပြင်ကနေရာကိုတော့ ကြိုတင်သွားကြည့်ထားဖို့ စီစဉ်ကြတယ်။ 

တစ်ရက်မှာ မမချိုနဲ့အတူလိုက်ကြည့်ဖြစ်တယ်။ မမချိုရဲ့တူ(တူမရဲ့အမျိုးသား) က ကားနဲ့လိုက်ပို့တယ်။ သန်လျှင်မြို့စွန်ဘက်မှာပါ။ လမ်းမတန်းကနေအတွင်းထဲကို မိုင်ဝက်လောက် ဝင်ရတယ်။ အတွင်းဘက်ကိုရောက်လေ လူနေအိမ်ကျဲပါးလာလေနဲ့၊ နောက်ဆုံးမှာတော့ ဥယျာဉ်ခြံကျယ်ကြီးတွေရှိတော့တယ်။ မမချိုတို့ခြံက ၅ ဧက လောက်ကျယ်လိမ့်မယ်ထင်တယ်။ ရေကန်ကြီးတစ်ကန်လည်း ရှိတယ်။ စိုက်ခင်းတွေ၊ မာလကာပင်၊ သရက်ပင်၊ ရှောက်ပင်တွေနဲ့သစ်ပင်အုပ်အုပ်တွေရဲ့ကြားထဲမှာမှ တိုက်ခံနှစ်ထပ်အိမ် အသေးလေးတစ်လုံးရှိတယ်။ မမချိုတို့ရဲ့ဆွေမျိုးနီးစပ် ကျောင်းဆရာမမိသားစု နေနေကြတယ်။ အနေအေးဆေးပြီး သဘောသက္ကာရကောင်းမွန်ကြပုံရပါတယ်။ မမချိုက ကျွန်တော်နဲ့မိတ်ဆက်ပေးပြီး လိုအပ်ရင်အကူအညီပေးဖို့ မှာတယ်။ အရေးအကြောင်းရှိရင် ကျွန်တော်တို့သူငယ်ချင်းတွေ ဒီမှာလာနေကြလိမ့်မယ်ပေါ့။ ကူညီစောင့်ရှောက်ပေးထားပါပေါ့။ 

အတော်လုံခြုံစိတ်ချရပြီး နေလို့ထိုင်လို့ကောင်းမယ့်နေရာလေးပါ။ လျှပ်စစ်မီးတော့ မရှိဘူး။ Hand Phone လိုင်းလည်း မမိဘူး။ အနီးအနားမှာလည်း ဖုန်းဆက်လို့ရတဲ့နေရာ မရှိဘူး။ ဒါပေမယ့် အလုပ်တွေဖြတ်ပြီး ကိုယ့်လုံခြုံရေးအတွက် ခိုအောင်းနေရုံသက်သက်ဆိုရင်တော့ အကောင်းဆုံးနေရာလေးပါပဲ။ ပတ်ဝန်းကျင်က တိတ်ဆိတ်အေးချမ်းတာရော၊ လုံခြုံစိတ်ချရမှုရှိတာရော ဘာမှကိုပြောစရာမရှိပါဘူး။ 

ဒါပေမယ့် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှာတော့ ကျွန်တော်တို့ 88 ခေါင်းဆောင်တွေ ငါးယောက် အဖမ်းခံလိုက်ရတယ်။ ရှောင်တိမ်းဖို့အချိန်ရပေမယ့် ကိုယ့်အချင်းချင်းကြေလည်အောင် ညှိနှိုင်းပြီးတဲ့နောက် အဖမ်းခံဖို့ပဲ ဆုံးဖြတ်လိုက်ကြလို့ပါ။ သူတို့အဖမ်းခံနေရတာကိုအကြောင်းပြုပြီး ကျွန်တော်တို့ 88 တွေနိုင်ငံရေးလှုပ်ရှားမှု စတင်ခဲ့ကြတယ်။ NLD ပါတီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအဝင်၊ တက်ကြွတဲ့နိုင်ငံရေးအင်အားစုတွေအားလုံးရဲ့အပြည့်အဝ ဝန်းရံပံ့ပိုးမှု၊ အားပေးထောက်ခံမှုကြောင့် လှုပ်ရှားမှုတွေအဆင့်ဆင့် ဆင်နွှဲနိုင်ခဲ့ကြတယ်။ 

အဲဒီ့ကာလဟာ ကျွန်တော့်ဘဝမှာ အလုပ်အများဆုံး၊ အပင်ပန်းအခံရဆုံး၊ စိတ်အရှုပ်ရဆုံး ပြီးတော့ စိတ်ကျေနပ်မှုလည်း အဖြစ်ရဆုံးအချိန်တွေပါပဲ။ အဲဒီအချိန် 88 ရဲ့ရုံးခန်းသဘောစုရပ်အဖြစ် ရန်ကင်းက ကိုကိုကြီးရဲ့အခန်းနဲ့ ကိုအံ့ဘွယ်ကျော်ရဲ့အခန်းကို သတ်မှတ်ထားကြတယ်။ ကိုအံ့ဘွယ်ကျော်ရဲ့အခန်းမှာက အစည်းအဝေးလုပ်၊ ကိုကိုကြီးရဲ့အခန်းကတော့ အားလုံးရဲ့ဆုံရပ်။ မနက်မိုးလင်းတာနဲ့ ဧည့်သည်တွေ တဖွဲဖွဲရောက်လာကြပြီ။ ရန်ကုန်က ကိုယ့်အင်အားစုတွေအပြင် အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေပါ ရောက်လာကြတယ်။ ရောက်လာကြသူတွေအားလုံးကတော့ ကျွန်တော်တို့ ‘88’ ကိုလာပြီး ဝန်းရံပေးကြ၊ ကူညီပေးကြတာပါပဲ။ 

ဒါပေမယ့် VIDEO ဓာတ်ပုံ၊ ကွန်ပြူတာစာစီအလုပ်တွေ လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ အလုပ်ကိုဖြောင့်အောင်လုပ်လို့မဖြစ်တော့ဘူး။ အတွင်းခန်းထဲမှာ ကွန်ပြူတာထည့်ပြီး ဝင်လုပ်နေပေမယ့် အင်အားစုတွေအားလုံးက သူတို့ကိုယ်သူတို့ လူရင်းတွေပဲလို့ သတ်မှတ်ထားကြတာကြောင့် ဘယ်လိုမှ မတားဆီးသာဘူး။ မဟန့်တားရက်ဘူး။ သူတို့ကလည်း ကျွန်တော့်ကို အလဟဿတွေ့ချင်ကြ၊ စကားပြောချင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့နဲ့သက်ဆိုင်ရာ ပတ်ဝန်းကျင်က၊ အနယ်နယ်အရပ်ရပ်က ပြဿနာတွေ၊ သတင်းတွေ၊ အခြေအနေတွေကို ပြောပြကြ၊ ဆွေးနွေးကြ၊ အကြံဉာဏ်ဖလှယ်ကြတာပါ။ တကယ်ဆို ဒါတွေအားလုံးက ကျွန်တော်တို့ ‘88’ ကိုကူညီဖြည့်ဆီးပေးနေကြတဲ့သဘောပါပဲ။ သာမန်ဧည့်ထောက်ခံတာ၊ စာရွက်စာတမ်းလက်ခံတာတို့ကတော့ အမျိုးသမီးတပ်ဖွဲ့ရှိတယ်လေ။ မစုစုနွေး၊ မီးမီး၊ ဘုတ်လေး၊ တင်မိုးလွင်နဲ့ လေးလေးမွန်တို့ပေါ့။ 

ဒါပေမယ့် အလုပ်နဲ့ပတ်သက်တဲ့၊ အရေးကြီးတဲ့စကားတွေပြောချင်ပါတယ်ဆိုရင်တော့ ကျွန်တော်နဲ့ပဲပြောလိုကြတယ်။ တစ်ဖက်က ကွန်ပြူတာအလုပ်တွေမှတော့ နှောင့်နှေးကုန်ရရော။ ဒါနဲ့ အခန်းထဲမှာမဖြစ်တော့ဘူးဆိုပြီး၊ အထပ်ခိုးပေါ်ရွှေ့အလုပ်လုပ်တော့လည်း ရောက်လာကြတာပါပဲ။ ကျွန်တော့်မှာ ကွန်ပြူတာက တန်းလန်း၊ ဟန်းဖုန်းက တစ်ဖက်၊ ကြိုးဖုန်းက တစ်ဖက်၊ ဧည့်သည်က သုံးလေးဖွဲ့ဆုံ၊ သူတို့ပြတဲ့ document တွေကိုလည်း ကြည့်ပေးရဆိုတော့ … ။ ရန်ကင်းအခန်းမှာ ညီမတွေကိုပဲ လူစားထားပြီး သီးခြားအလုပ်လုပ်လို့ရမယ့် တစ်နေရာကို စဉ်းစားရတော့တယ်။ 

မမချိုဆီကနေ အခန်းတစ်ခန်း အကူအညီတောင်းလိုက်ရတယ်။ လမ်းမတော် ၁၀ လမ်းထဲက ပထမထပ်အခန်းတစ်ခန်း။ လူမနေဘူး မမချိုရဲ့တူမလေးတွေကျောင်းတက်ဖို့ ငှားထားကြတာ။ အခုကျောင်းပိတ်ထားလို့ အားနေတယ်။ နှစ်လလောက်တော့ သုံးလို့ရမယ်။ အခန်းကတော့ Hall Type ပဲ။ ကွန်ပြူတာ P3 တစ်လုံးလည်း ရှိနေတယ်။ ဝရံတာတော့ မရှိဘူး။ အတွင်းထဲမှာလည်း ဟန်းဖုန်း မမိဘူး။ ပြောချင်ရင်တော့ မီးဖိုချောင်ပြတင်းပေါက်နားမှာသွားပြောလို့ရတယ်။ 

ကျွန်တော်နဲ့ မမချို အခန်းထဲမှာလှည့်ပတ်ကြည့်။ ဖုန်းခေါ်ကြည့်။ မီးတွေဖွင့်ပိတ်ကြည့်။ အလုပ်လုပ်ဖို့ အဆင်ပြေတယ်။ မနက်ဖြန်မှာ ရန်ကင်းအခန်းက ကွန်ပြူတာတွေ ရွှေ့မယ်ဆိုပြီး ပြန်ခဲ့ကြတယ်။ အပြန်မှာ ကျွန်တော်တံခါးပိတ်တော့ သော့မှားပြီး ခတ်မိတယ်။ လှေခါးခြေရင်းတံခါးက တစ်တိုက်လုံးနဲ့ဆိုင်တဲ့ သော့ခလောက်ကို ကိုယ့်အခန်းမှာခတ်မိပြီး ကိုယ့်အခန်းကသော့ခလောက်ကိုတော့ လှေခါး ခြေရင်းတံခါးမှာ ခတ်လိုက်မိတယ်။ ဒါကို ကျွန်တော်ရော မမချိုရော သတိမထားမိလိုက်ကြဘူး။ ကျွန်တော်တို့လည်းပြန်သွားရော တစ်တိုက်လုံးပြဿနာတက်ကုန်ကြတာပေါ့။ နောက်ဆုံးတော့ သော့ကို ရိုက်ဖွင့်လိုက်ကြပြီး မမချိုတို့ဆီကို ဖုန်းလှမ်းဆက်ပြောကြတယ်။ သော့ချင်းပြန်လဲပေးပေါ့။ ဒါပေမယ့် သိုသိုသိပ်သိပ်အလုပ်လုပ်ဖို့စီစဉ်မှပဲ အုတ်အော်သောင်းနင်းဖြစ်သွားရတော့ အဲဒီအခန်းကို လက်လျှော့လိုက်ရတယ်။

နောက်အခန်းလွတ်တစ်ခုက ပိုင်ရှင်ခရီးသွားနေလို့ လောလောဆယ်မှာ သော့မရှိဘူးဖြစ်နေတယ်။ နောက်တစ်ခန်းကတော့ မမချိုရဲ့တူမမိသားစုလက်ရှိနေကြတဲ့အခန်း။ (လမ်းမတော် ၅ လမ်းက ဒုတိယအထပ်) ဒါပေမယ့် တစ်မိသားစုလုံးက မိုးလင်းတာနဲ့အိမ်ကထွက်ကြ၊ ညဆိုလည်း ၉ နာရီကျော်လောက်မှ ပြန်ရောက်ကြတာမို့ တစ်နေကုန်တော့ လူမရှိဘူး။ နေ့ပိုင်းအလုပ်လုပ်ရုံတော့ အဆင်ပြေမယ်။ ကျွန်တော်က မိသားစုတွေနေနေတာဆိုတော့ အားနာနေတယ်။ မမချိုကလည်း အခန်းအလွတ်မဟုတ်လို့ အားနာနေတယ်။ သူ့တူမမိသားစုပဲမို့ အားနာစရာမလိုတဲ့အကြောင်းလည်း ပြောပါတယ်။ ဒါနဲ့ပဲ အဲဒီအခန်းကို ကွန်ပြူတာ dest top နဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေရွှေ့ပြောင်းပြီး အလုပ်လုပ်ဖြစ်တယ်။ 

အဲဒီအခန်းနဲ့ပတ်သက်ပြီး မမချိုကလည်း ဘယ်သူ့ကိုမှမပြောဖို့၊ ကျွန်တော်ကလည်း အဓိကကျတဲ့သူတွေကိုပဲ အသိပေးဖို့ သဘောတူလိုက်ကြတယ်။ ကျွန်တော် ၅ လမ်းထဲမှာ အလုပ်လုပ်နေတဲ့အချိန်နဲ့ သူမြို့ထဲရောက်တာနဲ့ ကြုံတဲ့အခါမျိုးမှာ တစ်ခါတစ်လေ မမချို ဝင်လာလေ့ရှိတယ်။ လာရင်လည်း စားစရာသောက်စရာတွေ အမြဲဝယ်လာတတ်တယ်။ ကျွန်တော်အားနာလို့ မဝယ်လာပါနဲ့ဆိုလည်း မရဘူး။ ဝယ်လာတဲ့အခါလည်း ကျွန်တော်မစားဖြစ်မှာစိုးလို့ထင်ပါရဲ့၊ သူကိုယ်တိုင် ပြင်ဆင် ကျွေးမွေး၊ သိမ်းဆည်းပြီးမှပြန်တယ်။ ကျွန်တော်ကလည်း နေ့စဉ်တော့ အလုပ်သွားလုပ်စရာမရှိပါဘူး။ တစ်ပတ်မှာ သုံးလေးရက်လောက်ပဲ သွားလုပ်ဖြစ်တာပါ။ တော်တန်ရုံအလုပ်တွေကို ရန်ကင်းအခန်းမှာပဲ လုပ်ဖြစ်ပါတယ်။ အဲဒီ့မှာလည်း lap top တစ်လုံးနဲ့ printer, scanner တွေရှိတယ်လေ။ video capture တင်ရမှာမျိုး၊ အရေးကြီးတဲ့စာ ရိုက်ရမှာမျိုး၊ ရန်ကင်းအခန်းမှာ လူအရန်းများနေတဲ့အခါမျိုးမှသာ ၅ လမ်းကို သွားရတယ်။ ရန်ကင်းအခန်းကနေ သွားရတာတော့ ခရီးနည်းနည်းထောက်တယ်။ ဘတ်စ် ကားစီးရင် ၂ နာရီကြာတယ်။ တစ်ခါတလေဆို ၃ နာရီကျော်ကြာတယ်။ Taxi နဲ့သွားရင်တော့မိနစ် ၂၀ လောက်ပဲ။ ဒါပေမယ့် Taxi ခက ၂၅၀၀။ အလျင်လို၊ အချိန်လုရတဲ့အခါမျိုးမှာတော့ Taxi နဲ့သွားရတာပါပဲ။ 

ပြီးတော့ ကျွန်တော်တို့မဟာရန်ကုန်ရဲ့ လျှပ်စစ်မီးပေါ့။ ရန်ကင်းအခန်းမှာ မီးပျက်တဲ့အချိန်က ၅ လမ်းမှာ မီးလာတယ်။ အလျင်လိုတဲ့အခါမျိုးမှာ ဟိုဘက်ဒီဘက်ကူးပြီး အလုပ်လုပ်ရတယ်။ ရေသမင်လိုက်ရတာ မဟုတ်ပဲ၊ မီးသမင်လိုက်ရတယ် ခေါ်မလားပဲ။ ကျွန်တော် ကွန်ပြူတာကိုင်နေတာဆိုတော့ မမချိုကို ကူညီပေးရတာမျိုးလည်းရှိပါတယ်။ သူရေးတဲ့ ကဗျာတွေ၊ စာတွေကို ကွန်ပြူတာနဲ့ စာစီ၊ ဒီဇိုင်းဆင်လုပ်ပေးရတာပါ။ NLD ရုံးချုပ်ကို ကျွန်တော် ဝင်ထွက်နေကတည်းက နံရံတွေမှာကပ်ထားတဲ့ ဓာတ်ပုံတွေ၊ ပန်းချီတွေနဲ့တွဲလျက် ကဗျာတွေ၊ စာတွေတချို့ကို သတိထားမိတယ်။ ရေးသူက ‘စုမြတ်မေ’ တဲ့။ အဲဒါ မမချိုမှန်း အစက မသိခဲ့ဘူး။ ကဗျာတွေက သိပ်အပျံစားကြီးတွေတော့ မဟုတ်ပါဘူး။ အတွေးအခေါ် ပါတယ်။ ကာရံမိတယ်ဆိုရုံ အသင့်အတင့်၊ ဝါသနာရှင်အဆင့်ပေါ့။ အဲဒါလည်း မမချိုရဲ့ကြီးမားတဲ့ ဝါသနာတစ်ခုပါ။ ကိုယ့်အင်အားစုထဲက ကွယ်လွန်သူတချို့အတွက်လည်း ဂုဏ်ပြုကဗျာတွေရေးဖွဲ့ပြီး ကျန်ရစ်သူမိသားစုဆီ ပို့ပေးလေ့ရှိတယ်။ ကွယ်လွန်သူအတွက် သူခံစားရသလိုဂုဏ်ပြုရေးဖွဲ့တာပါ။ ကွန်ပြူတာစာစီ၊ မှန်ပေါင်တွေ အကျအနသွင်းပြီး ပေးပို့တာပါ။ 

မမချိုတို့က လှည်းတန်းလမ်းဆုံနားမှာ လက်ဖက်ရည်နဲ့ စားသောက်ဆိုင်ဖွင့်ထားတယ်။ လူစည်ကားတဲ့နေရာမို့ အတော်ရောင်းရတဲ့ဆိုင်လေးပါ။ ဆိုင်နာမည်က ‘ငွေဒေါင်းမင်း’ တဲ့။ အောက်ထပ်မှာက ဆိုင်ခန်း၊ အပေါ်ထပ်မှာက မမချိုနေတာ။ တူမမိသားစုကတော့ ည ၉ နာရီလောက် ဆိုင်ပိတ်ချိန်မှာ ၅ လမ်းကိုပြန်ကြတယ်။ အပေါ်ထပ်ကိုတက်ဖို့ကတော့ ကန်ထရိုက်တိုက်တွေရဲ့ထုံးစံအတိုင်းပါပဲ။ ဆိုင်ခန်းနောက်ဖက်နားမှာ အတွင်းလှေခါးရှိတယ်။ အပေါ်ထပ်မှာလည်း တိုက်လှေခါးကို ထွက်တဲ့ တံခါးတစ်ခုရှိသေးတယ်။ အမြဲတမ်းတော့ အသုံးပြုလေ့ရှိပုံ မရဘူး။ 

အဲဒီ့အပေါ်ထပ်မှာ ထူးခြားတာက တစ်ခန်းလုံး ဒေါင်းရုပ်တွေနဲ့ ပြည့်နေတာ။ ပြခန်းခင်းကျင်းထားသလိုပဲ။ ဒေါင်းရုပ်မျိုးစုံပါ။ ဟိုးနှစ်ပေါင်းများစွာကတည်းက စုဆောင်းသိမ်းဆည်းထားခဲ့ပုံရတယ်။ ပန်းချီ၊ ပန်းထိုး၊ ပန်းပု၊ သစ်ထွင်းဒေါင်းလင်ပန်း၊ ဒေါင်းဒင်္ဂါး၊ ဒေါင်းရင်ထိုး၊ ဒေါင်းဆံထိုး၊ သစ်သားနဲ့လုပ်ထားတာ၊ ဆင်စွယ်နဲ့လုပ်ထားတာ၊ ဝါးနဲ့လုပ်ထားတာ၊ အုန်းခွံနဲ့၊ ငွေနဲ့။ ရွှေနဲ့၊ ကြေးနဲ့စုံနေတာပါပဲ။ ဒေါင်းရုပ်တွေတစ်ခုချင်းစီမှာကို သမိုင်းကြောင်းတစ်ခုစီ ရှိနေပုံလည်းရပါတယ်။ 

ကျွန်တော်တို့ 88 ရဲ့နောက်ဆုံးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ White Sunday Campaing တစ်ရက်မှာ ကိုကိုကြီးက ကျွန်တော့်ကိုမေးတယ် “ဒီတစ်ပတ် WS အတွက် မမချိုတို့ဆိုင်မှာ စုရပ်လုပ်ရင်အဆင်ပြေမလား” တဲ့။ ကျွန်တော်ကတော့ “အဆင်ပြေမယ်လို့ ထင်တယ်။ မမချိုကတော့ ဝမ်းသာအား ရလက်ခံမှာပဲ။ ဒါပေမယ့် မိသားစုဆိုင်ဖြစ်နေတော့ ကြိုတင်မေးကြည့်မှကောင်းမယ်” ဆိုတော့ “ခင်ဗျား မေးထားကြည့်ဗျာ” တဲ့။ 

ကျွန်တော် မမချိုကို အကျိုးအကြောင်းပြောပြတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဝမ်းသာအားရ လက်ခံပါတယ်။ ခွင့်တောင်းနေစရာတောင်မလိုဘူးလို့လည်း ဆိုပါတယ်။ ကျွန်တော်တို့က မမချိုရဲ့မိသားစုကိုလည်း အားနာနေကြတာ ဆိုတော့ “ အားနာစရာမလိုပါဘူးမောင်လေးရဲ့၊ သူတို့တွေလည်း နားလည်ကြပါတယ်။ ချိန်းသာချိန်းလိုက်ပါ အစ်မတာဝန်ယူတယ်”။ အဲဒီ့တနင်္ဂနွေနေ့က ၉ မိုင်မှာရှိတဲ့ ရှမ်း SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့မိသားစုတွေဆီ သွားကြဖို့ပါ။ ငွေဒေါင်းမင်းကို ကျွန်တော်ရောက်တော့ ဆိုင်ထဲမှာတချို့တောင် ရောက်နှင့်နေကြပါပြီ။ မစုစုနွေး၊ မဖြူဖြူသင်း၊ မီးမီး…။ တချို့လည်း အားနာလို့ထင်ပါရဲ့ ဆိုင်ထဲအထိ မဝင်ကြဘဲ အနီးဝန်းကျင်မှာပဲ စောင့်ဆိုင်းနေကြတယ်။ 

ကိုပေါ်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့ရောက်လာတော့ မမချိုက ဆိုင်ထဲကိုမဝင်စေဘဲ ဘေးလှေခါးကနေ အပေါ်ထပ်ကိုခေါ်ခဲ့ဖို့ ကျွန်တော့်ကိုမှာတယ်။ ဆိုင်ထဲမှာ အာဏာပိုင်တွေဘက်ကလည်း အရပ်ဝတ်တွေနဲ့ရောက်နေကြပြီလေ။ ဒီပုဂ္ဂိုလ်တွေကဆိုင်ထဲဝင်လာကြတဲ့သူတွေ၊ ရှိနေကြတဲ့သူတွေကို ဓာတ်ပုံရိုက်လို့ မမချိုက ဝင်တားရင်းစကားများကြသေးတယ်။ “ဒါ ကျွန်မဆိုင်၊ ကျွန်မ ပိုင်နက်၊ ဒါမျိုးလာလုပ်စရာမလိုဘူး”ဆိုပြီးကို ပြောပစ်တာ။ 

တစ်ဆိုင်လုံးလိုလိုကလည်း ကျွန်တော်တို့တွေချည်းပဲလေ။ ဒီလူတွေ မျက်စေ့မျက်နှာကို ပျက်နေတာပဲ။ မမချိုကို အလွန်အားနာဖို့ကောင်းတာက ကျွန်တော်တို့လူတွေစားသမျှ၊ သောက်သမျှကို ပိုက်ဆံမယူတာပဲ။ အားလုံးကလည်း မသိကြဘူးလေ။ တချို့ဆို မမချိုရဲ့ဆိုင်မှန်းတောင် မသိကြဘူး။ ငွေရှင်းတဲ့အခါ ဘယ်သူ့ဆီကမှ မယူဘူးဆိုတော့မှ အားနာကြတာ။ ပိုက်ဆံယူဖို့ ကျွန်တော်ဝင်ပြောပေးတာလည်း မရဘူး။ ကျွန်တော်နဲ့ ကိုကိုကြီးတောင် စုရပ်လုပ်ပြီးချိန်းမိတာကို အားနာနာနဲ့ နောင်တရကြတယ်။ 

မမချိုကို ကျွန်တော်ကူညီခွင့်ရတယ်ဆိုတာ နည်းနည်းလေးပါ။ ကျွန်တော်တို့အပေါ် မမချို ကူညီပေးခဲ့တာတွေကသာ မရေမတွက်နိုင်လောက်အောင် များပါတယ်။ အရေးပေါ်ငွေလိုအပ်လို့ တောင်းရတဲ့အခါတွေ၊ အအိပ်မမှန်အစားမမှန် အလုပ်လုပ်နေကြတာကိုသိလို့၊ တမင်တကာလှမ်းခေါ်ပြီး စားသောက်ဆိုင်ကောင်းကောင်းတစ်ခုခုမှာ လိုက်လံကျွေးမွေးတာတွေ၊ အပြန်မှာ တစ်ဖွဲ့လုံးစားကြဖို့အတွက် ဝယ်ပေးလိုက်တာတွေ…။ အဲဒါတွေက မရေတွက်နိုင်၊ မမှတ်မိနိုင်တော့လောက်အောင်ပါပဲ။ 

၂၀၀၇ ခုနှစ်၊ သြဂုတ်လမှာတော့ ကျွန်တော်အပါအ၀င် 88 တွေအားလုံးနီးပါး အဖမ်းခံကြရတယ်။ အချုပ်ဘဝမှာပဲ အပြင်နဲ့(အောက်လိုင်းကနေ) အဆက်အသွယ်ရတော့ မမချိုဆီ ကျွန်တော် စာတစ်စောင် ရေးပို့ခဲ့တယ်။ ကူညီထောင့်ပံ့ရေးကိစ္စတွေအတွက် ကျွန်တော့သူငယ်ချင်း ‘ကိုဖုန်း’ ကြိုးစားနေတော့ သူ့ကို မမချိုနဲ့ချိတ်ပေးတာပါ။ မမချိုဆီ မိတ်ဆက်ပေးပြီး အာမခံတဲ့စာရေးပေးလိုက်တာပါ။ ကိုဖုန်းရဲ့ ရိုးဖြောင့်မှု၊ ကူညီလိုစိတ်ရှိမှုနဲ့၊ အကျင့်စာရိတ္တ၊ စိတ်ထားကောင်းမွန်မှုတွေကြောင့် မမချိုလက်ခံလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်ထားပါတယ်။ ကျွန်တော်မျှော်လင့်ထားသလိုပဲ အလုပ်တွဲပြီးလုပ်နိုင်ကြကြောင်း နောင်တော့ သိရပါတယ်။ အဲဒီကနေမကြာခင်မှာပဲ ကျွန်တော့်ညီလေး ကက်နက် အဖမ်းခံရ၊ ကိုဖုန်းက ရှောင်တိမ်းနေလိုက်ရဆိုတော့ မမချိုအတွက်လည်း စိုးရိမ်ခဲ့မိပါသေးတယ်။ ဒါပေမယ့် ကိုဖုန်းကိုဖမ်းမမိလို့ မမချိုလည်း အန္တရာယ်မရှိခဲ့ပါဘူး။ 

အဖမ်းခံလိုက်ရတဲ့ ကျွန်တော့်ညီလေး ကက်နက်ကိုလည်း မမချို အစစအရာရာ ကူညီပေးခဲ့ပါတယ်။ ကက်နက် ရုံးထွက်ရတိုင်းမှာလည်း တရားရုံးကို ကိုယ်တိုင်ရောက်အောင်လာ အားပေးပြီး၊ လိုအပ်တာတွေလည်း ကူညီပေးပါတယ်။ ဒီတစ်ခေါက်ထောင်ထဲရောက်မှ မျက်စေ့မှုန်လာလို့ မျက်မှန်တပ်ရတဲ့အခါမှာလည်း ကျွန်တော့အတွက် မျက်မှန်လုပ်ပေးပါသေးတယ်။ ကျွန်တော်တို့ 88 တွေကို အမိန့်ချပြီးတဲ့နောက် တစ်နိုင်ငံလုံးအနှံ့ ထောင်တွေကိုပြောင်းရွှေ့ပစ်လိုက်တယ်။ ကျွန်တော်က ၂၀၊ ၁၁၊ ၂၀၀၈ နေ့မှ မြိတ်ထောင်ကိုရောက်တယ်။ ထောင်အပြောင်းခံရရင် အလောတကြီးလိုက်မလာဖို့၊ သေချာစုံစမ်းပြီး အဆင်ပြေမှပိုက်ဆံပို့ပေးဖို့ပဲ အိမ်ကိုကြိုမှာထားပါတယ်။ 

ဒါပေမယ့် ပြောင်းပြီးတစ်လမပြည့်ခင် ၁၅၊ ၁၂၊ ၂၀၀၈ နေ့မှာပဲ အိမ်ကထောင်ဝင်စာလာတွေ့ပါတယ်။ အဲဒီ့နေ့က မြိတ်ထောင်မှာ ထောင်ပိုင်တန်းစီလှည့်တဲ့နေ့ဆိုတော့ ထောင်ပိုင်ကြီးက ပြောတယ်။ “ခင်ဗျားအိမ်က ဒီနေ့ ထောင်ဝင်စာလာတွေ့လိမ့်မယ်။ ထောင်ကိုတော့ ရောက်မလာကြသေးပါဘူး။ SB က ဖုန်းဆက်ပြီးပြောတာ။ ခင်ဗျားညီမ ထင်တယ်။ မခင်မိုးမိုးအေး တဲ့။ နောက်တစ်ယောက်က မမြင့်မြင့်စန်း တဲ့” ။ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ အံ့လည်းအံ့သြသွားတယ်။ အိမ်က ထောင်ဝင်စာလာ တွေ့နိုင်လိမ့်ဦးမယ်လို့ ထင်မထားဘူးလေ။ 

မခင်မိုးမိုးအေးဆိုတာက ကျွန်တော့်ညီလေး ကက်နက်ရဲ့ မိန်းမပါ။ နောက်အမျိုးသမီးတစ်ယောက်ရဲ့နာမည်ကိုတော့ မကြားဖူးဘူး။ ထင်လိုက်တာက အိမ်နီးနားချင်း အမျိုးသမီးတစ်ယောက်၊ မိုးမိုးနဲ့အဖော်လိုက်လာတာဖြစ်မယ်ပေါ့။ ဒါပေမယ့် မဟုတ်ဘူး။ ထောင်မှူးတံခါးအပြင်ကိုထွက်ခွင့်ရတဲ့ ရိုးရိုးအကျဉ်းသားတချို့က တိုးတိုးတိတ်တိတ် လာပြောကြတယ်။ မြိတ်က NLD အဖွဲ့တွေလည်း ပါလာတယ်။ ဒေါ်အောင်ဆန်းစုကြည် ရင်ထိုးထိုးထားတဲ့ ရန်ကုန်က အစ်မကြီးတစ်ယောက်လည်း ပါလာတယ်တဲ့။ 

အဲဒီတော့မှ မမချိုဖြစ်မယ်ဆိုပြီး တွေးမိတာ။ မိုးမိုးနဲ့တွေ့မှပဲ မမချိုကို နေသိပ်မကောင်းတဲ့ကြားက အဖော်ခေါ်လာတဲ့အကြောင်း သိရတယ်။ ကျွန်တော် အရမ်းလည်း အားနာမိတယ်။ အရမ်းလည်း ကျေးဇူးတင်မိတယ်။ မမချိုကတော့ ထောင်ဝင်စာတွေ့ခွင့် မရဘူး။ သူတို့က မော်လမြိုင်မှာလည်း တစ်ထောက်နားခဲ့ကြသေးတာဆိုတော့ အဲဒီမှာကတည်းက SB သိပြီး ထောင်ကို ကြိုအကြောင်းကြားထားလိုက်ပုံရတယ်။ မြိတ် NLD နဲ့ချိတ်ဆက်ပြီးလည်း လာတွေ့ကြတာဆိုတော့ SB နဲ့ ထောင်က အတော်လေးပျာယာခတ်နေကြတယ်။ ၁၈၊ ၁၂ ၊၂၀၀၈ နေ့မှာ ရန်ကုန်ကိုပြန်ကြတယ်။ 

စိတ်မကောင်းစရာကတော့ မြိတ်ကနေပြန်သွားပြီး သိပ်မကြာဘူး၊ မမချို အဖမ်းခံလိုက်ရတယ်။ ပိုက်ဆံတွေအတော်များများ အသိမ်းခံရတယ်လို့လည်း သိရတယ်။ မမချို အဖမ်းခံလိုက်ရတာဟာ အပြင်မှာရှိတဲ့ အင်အားစုတွေအတွက်သာမက ထောင်ထဲက ကျွန်တော်တို့အတွက်ပါ တစ်အားလျော့တာပါပဲ။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူမှန်သမျှကို အမြစ်ပါမကျန် သုတ်သင်နေချိန်မှာ မမချိုလို တန်ဖိုးရှိတဲ့ အင်အားစုဝင်တစ်ယောက်ကို သူတို့ဖမ်းတာ အံ့သြစရာတော့ မဟုတ်ဘူးပေါ့။ နောက်ပိုင်းမှာတော့ ပြစ်ဒဏ် ၃ နှစ်အမိန့်ကျပြီး ကသာထောင်ကိုရောက်သွားတယ်လို့ သိရတယ်။ ပြစ်ဒဏ်အပြည့်နေခဲ့ရပြီး ၂ဝ၁၁ ခုနှစ်ထဲကျမှ ပြန်လည်လွတ်မြောက်လာကြောင်း ကြားသိရတယ်။ ။ 

ကိုမာကီ (၈၈ မျိုးဆက်) 

(၂ဝ၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် အာရှအလင်းဂျာနယ် မှ)


 

No comments:

Post a Comment