Monday, January 31, 2011

မယ်မြန်မာ၊ မောင်မြန်မာ

ဇန်နဝါရီလ ၃၀ ရက်နေ့က ရန်ကုန်မြို့ Myanmar Convention Center မှာ ကျင်းပတဲ့ မယ်မြန်မာ၊ မောင်မြန်မာ ပြိုင်ပွဲက ပုံရိပ်တချို့ပါ။



Photos : AP

ဟေ့လား မောင်ရို့ ဝါး (ကာတွန်း စောငို)

နေပြည်တော်က တံခါးပိတ် လွှတ်တော်

မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီးကို ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီကပဲ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ အရွေးခံရပါတယ်။




လွှတ်တော် ၂ ရပ်စလုံးရဲ့ ဒုတိယ ဥက္ကဋ္ဌတွေကလည်း ကြံ့ခိုင်ရေးပါတီကပဲ ဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ ဒီလွှတ်တော် ၂ ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမ အစည်းအဝေးကိုလည်း ကျင်းပခဲ့ပါတယ်။
တိုင်းရင်းသားပါတီထဲက ကိုယ်စားလှယ်တွေ တယောက်မှ အရွေးမခံခဲ့ရတာကို စိတ်ပျက်မိတယ်လို့လည်း ကိုယ်စားလှယ်တချို့က ပြောကြပါတယ်။



နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေကို ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို လုံးဝ တက်ရောက် သတင်းရယူခွင့်ကို မပေးခဲ့ပါဘူး။ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေကပဲ လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်လာခဲ့ပါတယ်။



မနက်ဖြန်မှာတော့ ဒုတိယသမ္မတ တဦးစီကို လွှတ်တော် ၂ ရပ်က တဦးစီနဲ့ တပ်မတော်သားကိုယ်စားတွေက တဦးစီ ရွေးကြမှာဖြစ်ပါတယ်။ အဲဒီအထဲကမှ သမ္မတ တဦးကို ရွေးကြမှာလည်း ဖြစ်ပါတယ်။



သတင်း - ဘီဘီစီ

Photos : AP, Reuters, Getty Images

Sunday, January 30, 2011

တံခါးပိတ် လွှတ်တော် (ကာတွန်း စောငို)

စည်းရုံးရေးဆိုတာ နားလည်ဖို့လိုတယ် (လူထုစိန်ဝင်း)

နိုင်ငံရေးဆိတ်သုဉ်းလုနီးပါး အခြေအနေမျိုးနဲ့ နှစ်ပေါင်း ၅၀ လောက်နေခဲ့ကြရလေတော့ နိုင်ငံရေးသမားမျိုးဆက် ပြတ်သလိုဖြစ်သွားတယ်။ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ခေတ်ကို သိမီခဲ့သူတွေနဲ့ နိုင်ငံရေးသမားကြီးတွေ ရှိတန်သလောက်ရှိနေသေးပေမယ့် ရှစ်ဆယ်ကျော်၊ ကိုးဆယ်ကျော် အရွယ်တွေ ဖြစ်ကုန်ကြပြီဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါကြရှာတော့ဘူး။

ကြေညာချက်တွေ ဝေကြ

၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ အစိုးရက ကြေညာပြီး ပါတီတွေ ဖွဲ့စည်းတည်ထောင်ခွင့် ပေးလိုက်တဲ့အခါမှာ တနိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ အသွေးအရောင်တူသူတွေ စုပေါင်းပြီး ပါတီ ထောင်ကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေကလည်း သူတို့ဒေသ သူတို့လူမျိုးကို အခြေခံပြီး ပါတီ ထောင်ကြတယ်။ အဲဒီနောက်တော့ ထုံးစံအတိုင်း မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အများအားဖြင့်တော့ ကြေညာချက်တွေရိုက်ပြီး ရပ်ကွက်ထဲလိုက်ဝေကြတယ်။ လူစုလူဝေးနဲ့ တရားပွဲတွေ ဘာတွေ သိပ်မလုပ်နိုင်ကြဘူး။ ပါတီတွေအတွက်ကောင်းသွားတာက ဂျာနယ်တွေ တရာ့လေးငါးဆယ်လောက် ရှိနေတာဖြစ်တယ်။

ဂျာနယ်တွေ တာဝန်ကျေ

ဂျာနယ်တွေက ပါတီတွေနဲ့အမတ်လောင်းတွေအကြောင်း ပြည်သူလူထုသိအောင် အမျိုးမျိုးသတင်းပေးကြတယ်။ လူငယ်ဂျာနယ်သမားတွေ တာဝန်ကျေကြတယ်။ ကျေးဇူးတင်စရာ သိပ်ကောင်းတယ်။ ဂျာနယ်တွေက မျှမျှတတဖြစ်အောင် ကြိုးစားကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော် ပါတီစုံခေတ်ကလို မလိုတဲ့ ပါတီအဖွဲ့အစည်းကို နည်းလမ်းမျိုးစုံသုံးပြီး အပုပ်ချတာမျိုး ကင်းရှင်းကြတယ်။ ပုပ်လို့ပေါ်လာတဲ့ပါတီနဲ့ လူပုဂ္ဂိုလ်တွေကိုတောင် ဖုံးဖုံးဖိဖိနဲ့ သက်သက်ညှာညှာ ရေးကြတာ တွေ့ရတယ်။

စည်းရုံးရေးဆိုတာ နားမလည်ကြ

သတင်းသမားတစ်ယောက်အနေနဲ့ စောင့်ကြည့်လေ့လာရင် ဘာသွားတွေ့ရလဲဆိုတော့ နိုင်ငံရေးပါတီတွေနဲ့ အမတ်လောင်းတွေအားလုံး မဲဆွယ်တာပဲ လုပ်တတ်ပြီး စည်းရုံးရေးမလုပ်နိုင်ကြဘူးဆိုတဲ့ အားနည်းချက် ဖြစ်တယ်။ တော်တော်များများက စည်းရုံးရေးဆိုတာကို နားမလည်ကြတာ။ ကြေညာချက် စာရွက်စာတမ်းတွေ ဝေတာနဲ့ တရားဟောတယ်ဆိုတာက မဲဆွယ်တာပဲ။ စည်းရုံးတာ မဟုတ်ဘူး။

စည်းရုံးတယ်ဆိုတာက ရွေးကောက်ပွဲတပွဲအတွက် တပွဲထိုးလုပ်တာ မဟုတ်ဘူး။ ကိုယ့်ပါတီကို နှစ်နှစ်ကာကာ ယုံကြည်ထောက်ခံတဲ့ အမာခံပါတီဝင်တွေဖြစ်အောင် လုပ်ရတာ ဖြစ်တယ်။ ကိုယ့်ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ကြေကြေညက်ညက် နားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လိုသူတွေ ဖြစ်လာအောင် လုပ်ရတာဖြစ်တယ်။

အမာခံမဟုတ်ဘူး

မဲဆွယ်စဉ်ကာလမှာ ရွေးကောက်ပွဲနိုင်ရင် ဘာလုပ်ပေးပါမယ်ဆိုတဲ့ ကြေညာချက်ကိုသဘောကျပြီး မဲထည့်တဲ့ မဲဆန္ဒရှင်ဆိုတာက ကိုယ့်အတွက် စိတ်ချရတဲ့အမာခံအဖြစ် ယူဆလို့မရဘူး။ နောက်တယောက်က ကိုယ့်ထက်သာအောင် လုပ်ပေးပါမယ်ပြောရင် ပြောတဲ့ဘက်ကိုပါသွားမှာပဲ။

ဒါမှမဟုတ် ရှေး ဖဆပလခေတ်က ပျူစောထီးတွေလို သေနတ်ပြပြီး ခြောက်ရင်လည်း ကြောက်လို့ပါသွားမှာပဲ။ ဘယ်လိုအန္တရာယ်မျိုးမဆိုရင်ဆိုင်ပြီး ကိုယ်ယုံကြည်တဲ့ပါတီဘက်က ရပ်တည်မယ်ဆိုတာက ပါတီရဲ့ မူဝါဒလမ်းစဉ်ကို နှစ်နှစ်ကာကာ ယုံကြည်လို့ဝင်လာတဲ့ ပါတီဝင်တွေသာဖြစ်တယ်။

အမည်မခံဘဲထည့်ဝင်

အဲဒီလို ပါတီဝင်မျိုး များများရအောင် စည်းရုံးနိုင်တာကို စည်းရုံးရေးကောင်းတယ်လို့ ခေါ်တယ်။ သူတို့က မူဝါဒကို ယုံကြည်တဲ့အတွက် ဝင်ကြေးတို့ လစဉ်ကြေးတို့ပေးပြီး ဝင်လာကြတယ်။ အခွင့်အရေးလိုချင်လို့ ဝင်ကြတာမဟုတ်ဘူး။ ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပြီး ဝင်လာကြတာ။ အနောက်နိုင်ငံတွေမှာ 'Paid Member' လို့ ခေါ်တဲ့ အဲဒီလို ပါတီဝင်မျိုးတွေကိုမှ အမာခံလို့ သတ်မှတ်နိုင်တယ်။

ပါတီရန်ပုံငွေလိုတယ်ဆိုရင်လည်း သူတို့က ဝိုင်းရှာပေးကြတယ်။ နိုင်ငံရေးခေတ်မှာ နိုင်ငံရေးပါတီတွေဟာ ဒီနည်းနဲ့ပဲ ရပ်တည်ကြတယ်။ ပါတီက စည်းရုံးရေးကောင်းရင် ကောင်းသလောက် ရန်ပုံငွေ တောင့်တောင့်တင်းတင်း ရှိလာတယ်။ သူဌေးသူကြွယ်တွေကလည်း မူကြိုက်လို့ဖြစ်ဖြစ်၊ လူကြိုက်လို့ဖြစ်ဖြစ် အလုံးအရင်းနဲ့ ထည့်ဝင်လေ့ရှိတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းသူတွေရှိသလို မူ ဒါမှမဟုတ် လူကို ကြိုက်လို့ အမည်မခံဘဲ ထည့်ဝင်လှူဒါန်းသူတွေလည်း ရှိပါတယ်။

လူထုက မဏ္ဍိုင်

စည်းရုံးရေးလုပ်တယ်ဆိုတာ ကိုယ့်မူဝါဒလမ်းစဉ်ကို လူတွေသိအောင်ချပြပြီး လူထုထောက်ခံမှု များသထက် များအောင် လုပ်ခြင်း ဖြစ်တယ်။ လူထုထောက်ခံမှု အပြည့်အဝ အခိုင်အမာရရှိတဲ့ပါတီ ဒါမှမဟုတ် လူပုဂ္ဂိုလ်ဟာ ရှင်သန်ရပ်တည်မှုအတွက် ဘာမှပူစရာမလိုဘူး။ အမာခံပါတီဝင်တွေနဲ့ လူထုက ကျောရိုးမဏ္ဍိုင်အဖြစ် နောက်က အမြဲထောက်ခံ ရပ်တည်ပေးမှာ ဖြစ်တယ်။

အရေးကြီးဆုံးအချက်က ကိုယ်ကိုင်စွဲတဲ့ မူဝါဒလမ်းစဉ်တွေဟာ လူထုရဲ့လိုအပ်ချက်နဲ့ အမြဲတမ်း တထပ်တည်းကျနေဖို့ပဲ ဖြစ်တယ်။ ဆန္ဒစွဲအားကြီးပြီး ခြေလှမ်းက ရှေ့ကိုသိပ်ကျွံနေလို့မဖြစ်သလို နှေးကွေးထုံထိုင်းပြီး လူထုရဲ့နောက်မြီး ဆွဲလုပ်နေလို့လည်း မဖြစ်ဘူး။ လူထုနဲ့အမြဲတမ်း တသားတည်း ရှိနေရမယ်။

တသွေး၊ တသံ၊ တမိန့်

ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ စည်းရုံးရေးသဘော နားမလည်ရုံသာ မဟုတ်သေးဘူး။ တော်တော်များများက မူဝါဒလမ်းစဉ်ဆိုတာတောင် ဘာမှန်းမသိကြတာ တွေ့ရတယ်။ ဒါလည်း သူတို့ကိုအပြစ်မတင်ပါဘူး။

ပြည်သူက ရှေ့အများကြီးရောက်

တပ်မတော်အစိုးရက ဒီမိုကရေစီလမ်းကိုသွားမယ်ဆိုပြီး ပါတီတွေထောင်ခွင့် ပေး၊ ရွေးကောက်ပွဲကျင်းပပေး လုပ်ခဲ့ပေမယ့် ထူထောင်လိုက်တဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်က နိုင်ငံရေးဆိုတာ ဘာမှန်းသိပ်သိကြသေးတာ မဟုတ်ဘူး။ အားလုံးသော ပါတီတွေက ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးဆိုတဲ့ ယေဘုယျမူဝါဒကိုသာ ပြောနိုင်ကြတယ်။

ဘယ်လို ဒီမိုကရေစီလဲ၊ ဘယ်ပုံစံနဲ့ ဈေးကွက်စီးပွားရေးလဲ ဆိုတဲ့ တိကျရေရာတဲ့ လမ်းစဉ်မျိုးချပြနိုင်တာ မရှိပါဘူး။ ဒီနေ့ မဲဆန္ဒရှင်ပြည်သူလူထုက နိုင်ငံရေးပါတီတွေထက်ရှေ့ကို အများကြီးရောက်နေတယ်။ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီမျိုးလဲ ယိုးဒယား ဒီမိုကရေစီမျိုးလား၊ အရှေ့အလယ်ပိုင်းက ဘုရင်တွေနဲ့ စော်ဘွားတွေရဲ့ ဒီမိုကရေစီမျိုးလားဆိုတာ အတိအကျ သိချင်ကြတယ်။

ယေဘုယျနဲ့ မလုံလောက်

ဈေးကွက်စီးပွားရေးမှာလည်း ဂျပန်တို့၊ အမေရိကန်တို့က ပုံစံလား၊ တရုတ်က ဈေးကွက်စီးပွားရေး ပုံစံလား၊ ဗီယက်နမ် ပုံစံလားဆိုတာ ရေရေရာရာ သိချင်ကြတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Saturday, January 29, 2011

ထေရဝါဒ ကပြား

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံဖြစ်ပြီး၊ မြန်မာ့ ထေရဝါဒဗုဒ္ဓသာသနာသည် များမကြာမီကာလအတွင်း ကမ္ဘာကိုပင် လွှမ်းတော့မည်ဟု စကားလုံး ဖောဖောသီသီများသုံးကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီး တည်ဆောက်နေသည်ကိုလည်း မကြာခဏ သွားရောက်နှမ်းဖြူးနေသူကား နအဖ၏ ထေရဝါဒ သာသနာ့ ဒါယကာကြီး ဗိုလ်ခင်ညွန့်သာ ဖြစ်ပေ၏။

အနှီကဲ့သို့ ထေရဝါဒ သာသနာ့ ဒါယကာကြီး ဗိုလ်ခင်ညွန့်တယောက် သာသနာရေးများကို လိုက်လံ၍ ရာဇသံပေးနေချိန် သူ၏ လက်ချောင်းတွေပြည့် မတတ်ဝတ်ထားသော အင်းအိုင်လက်ဖွဲ့ အဆောင်လက်စွပ်တို့ကဖြင့် အတော့်ကို အနေရကြပ်ရှာမှာပဲဟု ကျနော် တွေးနေမိပေသည်။

နိုင်ငံတကာမှ ကျင့်သုံးနေသော ဒီမိုကရေစီကိုလက်မခံဘဲ မြန်မာ့ဟန်၊ မြန်မာ့ဒီမိုကရေစီကိုသာ ကျင့်သုံးမည်ဟု ခေါင်းမာနေသော ထေရဝါဒစွမ်းဆောင်ရှင် ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့ကိုယ်တိုင် ဘုရားထီးတင်သည်မှအစ လမ်းဖောက်၊ တံတားဆောက်တာအဆုံး မဟာယာန၊ တန္တရယာန၊ မန္တရယာန ဂိုဏ်းထောင်ဘိုးတော်များ၏ အမိန့်ပေးမှု နောက်က တကောက်ကောက်လျှောက်လိုက်ရင်း တသဝေမတိမ်း လုပ်ကိုင်နေကြသည်ကိုကြည့်ပြီး မအံ့သြမိသည့်အပြင် ရယ်ချင်စိတ်ကိုပါ ဖိနှိပ်မြိုသိပ်ထားရပြန်၏။

စစ်အုပ်စုကြီး တန်ခိုးအာဏာထွားဖို့ ဘိုးတော်အပါးမှာခစား၊ ထိုဘိုးတော်များ၏ အိမ်မက်နှင့် အခါပေးမှုကြောင့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုး စေတီတန်ဆောင်းတို့အား ဖျက်သိမ်းကာ အသစ်တည်ဆောက်ကြသည် တဲ့ …။

တွေးသာ ကြည့်ကြစမ်းပါတော့။ ထေရဝါဒနှင့်ဆန့်ကျင်ကာ အယူလွဲနေသော ဘိုးတော်များ၏နှုတ်မိန့်ကို ရှေ့တန်းတင်ကာ ဂေါတမ မြတ်စွာဘုရားရှင်၏ ဓမ္မစေတီ၊ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဓိဿစေတီတို့ကိုဖျက်ပြီး အသစ်ပြင်ရဲသည့် အတွေးအခေါ် ဟက်တက်ကွဲကြီး နှင့် နအဖပါတကား။

တစုံတယောက်သော ပုဂ္ဂိုလ်သည် လူအများ ထူးဆန်းအံ့သြဖွယ်ဖြစ်အောင် ဖြားယောင်းလှည့်ပတ် သွေးဆောင်တတ်၏။ တည်ကြည်မှုမရှိ။ ဝင့်ကြွား မောက်မာလေ့ရှိ၏။ လောဘ၊ ဒေါသ၊ မာနတို့ကို ထိန်းသိမ်းနိုင်စွမ်း မရှိ။ ထိုသူ၏ စည်းရုံး လမ်းညွှန် ဟောပြောမှုများသည် ဗုဒ္ဓ၏သာသနာအတွက် အချည်းနှီးသာ ဖြစ်၏။ ထိုသူမျိုးသည် မြတ်စွာဘုရားကို မကြည်ညို။ မရိုသေသူသာ ဖြစ်၏”

(အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ကုဟသုတ်)

ဗိုလ်ချုပ်ကြီး အေချမ်းသာယာရေးတို့၏ အတုမြင်အတတ်သင်မှုကြောင့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်ဆန်းဟေ့ဆိုလျှင် မိမိအိမ်မှ ဘုရားစင်ကိုမေ့ပြီး အပြေးအလွှား လျှောက်လိုက်ကြသော ဓလေ့၊ မြန်မာနိုင်ငံအတွင်း အတော့်ကို မွေ့လျော်လာကြပြီ ဟု ဆိုရတော့မည်။

မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး ပြဿနာကြီးအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အမြီးလှည့်ခေါင်းလှည့် လုပ်နေသော နအဖ စစ်အုပ်စုကြောင့် လူမှုဘဝ ဘက်စုံချို့ယွင်းနေကြရသည့် မြန်မာလူထုအတွက် ဒုက္ခအကျပ်အတည်းကြားမှ အလင်းတန်းမျှင်မျှင်ကလေးသည် ဘိုးတော်၊ မယ်တော်၊ နတ်ကတော်နှင့် ပုဂ္ဂိုလ်ထူးများဟု လွဲမှားစွာယုံကြည်ရင်း မျှော်တလင့်လင့် စိတ်မောနေကြတော့၏။

သို့ပေသော်လည်း ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့၏ နှုတ်ဖျားကတော့ဖြင့် ယခုအထိ “ထေရဝါဒ” ဆိုသော စကားလုံးကို ဖောဖောသီသီကြီး အသုံးပြုနေဆဲ။

“ထေရဝါဒဆိုတာ ဘုရားအလိုတော်ကျ တသဝေမတိမ်းလိုက်နာရတဲ့ လမ်းစဉ်ပဲ။ မတော်တရော်တွေ လျှောက်ခေါ်ပြီး အိမ်ပေါ်တင်ကိုးကွယ်ခွင့်ပေးထားတဲ့ လမ်းစဉ်မဟုတ်ဘူး” ဟု မြန်မာနိုင်ငံတွင်းက ဘာသာရေး ဆောင်းပါးရှင်တဦး ရေးသားတင်ပြခဲ့ဖူးသည်။

ဟုတ်ပေ၏။ မှန်ပေ၏။ မြန်မာနိုင်ငံမှာတော့ဖြင့် ဗုဒ္ဓဘာသာဝင်အတော်များများ၏ ဘုရားစင်များပေါ်တွင် မဟာယန၊ တန္တရယာန၊ မန္တရယာန ဝါဒများ၏ အဆောင်လက်ဖွဲ့ နှင့် ရုပ်တုမျိုးစုံတို့ နေရာယူထားကြပြီ ဖြစ်သည်။

အရောင်းရတွင်ကျယ်သော နက္ခတ္တရောင်ခြည်မဂ္ဂဇင်းထဲတွင်လည်း ဗုဒ္ဓမြတ်စွာဘုရားတော်၏ နှုတ်ကပါတ်တော်လာ ပရိတ်ရတနာတော်များကို အပိုင်းပိုင်း ဖြတ်တောက်နေရာချပြီး သိဒ္ဓိအဖုံဖုံ ကုံလုံကြွယ်ဝရေးနည်းသစ်ဟု အမည်တပ်ကာ ရေးသားဖော်ပြဖျက်ဆီးပစ်နေကြပြီဟု ဆိုချင်သည်။
ထို့ပြင်တဝ … ရှိနေကြပါသေး၏။ နအဖ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှ “အလှူဒါန … ပြုကြသူငါ” သတင်းများ။

ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွားရေးအတွက်(သို့မဟုတ်) ပုဗ္ဗ၊ မုံစ၊ ပရ ဆိုသော စေတနာသုံးတန် ပေါက်ဖွားကာ လှူဒါန်းကြတာမျိုး မဟုတ်။ သွင်းကုန် ထုတ်ကုန်ပါမစ်၊ ဆောက်လုပ်ရေးပါမစ်၊ ကုမ္ပဏီထောင်ခွင့်၊ သစ်ခုတ်ခွင့်များရသဖြင့် သာသနာ့အလှူထဲ ဖိတ်စင်ပေးရခြင်းပင်။

တပုံက ဘုရားလှူ၊ တပုံက နအဖ နှင့် အကျိုးတူ၊ နှစ်ပုံက စီးပွားရေးလုပ်ငန်းရှင်က စားဆိုသည့် “အလှူဒါန၊ ပြုကြ ပါတနာ” ခေတ် ကြီးဖြစ်နေ၏။

“ယခုအခါ မြန်မာပြည် ဗုဒ္ဓဘာသာဝင်တို့သည် ယေဘုယျအားဖြင့် လာဘ်နေ၊ နတ်နေ၊ စက်နေ၊ မိတ်-ရန်၊ ဓာတ်ဖက်၊ မြေခံ၊ နဂါးလှည့်၊ ပြဿဒါး၊ ရက်ရာဇာ၊ ကောင်းကင်နက္ခတ်၊ လကြတ်၊ နေကြတ်၊ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ သိုက်၊ တဘောင်၊ စံနည်း၊ ဘဝေါ၊ ရွှေပေလွှာ၊ မင်္ဂလာ၊ အမင်္ဂလာ၊ အတိတ်၊ နိမိတ်၊ အိပ်မက်၊ အင်းအိုင်၊ လက်ဖွဲ့၊ မန္တာန်၊ ဓားပြီး၊ တုတ်ပြီး၊ ကာယသိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဣတ္ထသျှို၊ ဓနသျှို၊ ငှက်မြည်၊ ငှက်နား၊ ပျားစွဲ၊ တောင်ပို့ပေါက် စသည်တို့၏ အကောင်းအဆိုး၊ အကျိုး အပြစ်ကို ဒိဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်တို့ဖြင့် စွဲစွဲမြဲမြဲယုံကြည်ကြကုန်သည်။ ဝိဇ္ဇာမယိဒ္ဓိ ခေါ် ထွက်ရပ်ပေါက်အတတ်တို့ကို လေ့လာလိုက်စားမှု၊ နတ်ကိုးကွယ်ပူဇော်ပသမှု၊ ဗေဒင်ကိုယုံကြည်လိုက်နာမှု စသည်တို့ကိုလည်း ဘာသာရေးနှင့် ရောထွေးကာ ပြုလုပ်ကြကုန်သည်။
ဤမျှလောက်သော အရှုပ်အထွေးတို့၏အကြား၌ ထေရဝါဒ ဗုဒ္ဓဘာသာသည် အနှောင့်အယှက် အခက်အခဲများစွာနှင့် မလွှဲမရှောင်သာ တွေ့ကြုံနေရပေသည်”

အရှင်ပညိန္ဒာဘိဝံသ
(မြန်မာနိုင်ငံ ထေရဝါဒ ဗုဒ္ဓဘာသာစစ်တမ်း)

သပ္ပူရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ …။

ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာနှင့်အဝှမ်း ပျံ့နှံ့အောင်ရွက်ဆောင်မည်ဟု မီးရှူးမီးပန်းဖောက်နေသော ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့ကိုယ်တိုင် မနေ့တနေ့ကမှ ပိတ်ဖြူဝတ်ပြီး လောကီနည်းအစုံစုံနှင့် ဥုံဖွဆရာကို ကိုးကွယ်ဆည်းကပ် အမိန့်ချမှတ်သမျှ အတွေးအခေါ် ဟက်တက်ကွဲကြီးဖြင့် ကျွဲပြဲစီးနေကြသောကြောင့် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ဝင်အတော်များများ “ထေရဝါဒ ကပြား” များဖြစ်လာကြတော့မည်ဟု စိုးရိမ်နေရပါ ကြောင်း သာသနာအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါပေ၏။

ရေစီးသံဂျာနယ်
အတွဲ ၄၊ အမှတ် ၁၃
၁ အောက်တိုဘာ၊ ၂၀၀၁ ခုနှစ်


Friday, January 28, 2011

မြန်မာ့ ရုပ်သေး

ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ ကရဝိတ်မှာ ဖျော်ဖြေခဲ့တဲ့ မြန်မာ့ ရုပ်သေးပွဲက ပုံရိပ်တချို့ပါ။

Photos : AP

သင့်ကိုလည်း အလိုရှိနေပါတယ် … (ကာတွန်း စောငို)

အမေ - နီလွင်သွေး (ဒဿနိက)

ပဲခူးရိုးမဆီက
နေဝန်းနီပေါ်ထွက်လာတဲ့အခါ
ရေနံဆီမီးအိမ်လေးအောက်မှာ
အမေ့အိမ်လေး တောက်ပလင်းလက်
နံနက်ခင်းကို အမေ့ရဲ့ မီးဖိုချောင်ဂီတနဲ့ စတင်ခဲ့။

အစုန်သာရှိပြီး အဆန်မရှိတဲ့မြစ်
အမေ့မေတ္တာနဲ့ ထုဆစ်ထားတဲ့ခေတ်မှာ
သစ္စာတရားကို အဆုပ်လိုက်ပွင့်လှပ်ခဲ့ကြ
ကံ့ကော်တောအုပ်မှာ တတောလုံးဝါလို့
ကြွေပြီးရင် ဝေဖို့အသင့်ရှိကြတယ်။

ကိုယ်တိုင်သူရဲကောင်းမဟုတ်ပေမယ့်
သူရဲကောင်းတွေကို ထုဆစ်ခဲ့သူ
အဖေ နိုင်ငံရေးမှုနဲ့ထောင်ကြတဲ့အခါ
ထောင်ဝင်စာ ပုံမှန်တွေ့နိုင်ဖို့အတွက်
ခေါင်းရွက်ဗျက်ထိုး လယ်သူမ တမန်းနိုး
ကောက်စိုက် ပျိုးနှုတ်ရင်း လောကဓံတရားထဲမှာ
နေသားတကျနဲ့ သားတွေကိုလုံခြုံစေခဲ့ပေါ့
အမေဟာ ကျနော်တို့ရဲ့သူရဲကောင်းဖြစ်ခဲ့ပေါ့။

၁၉၈၈ မှာ အမေ့အိမ်ကိုခွဲခွာ
မိုးမခတောကို ထွက်ခွာသွားတဲ့ သားနှစ်ယောက်
တယောက်က ပုန်းခိုရာဆီ
တည်ငြိမ်ရင့်ကျက်တဲ့ သစ္စာတရားနဲ့
သားတွေကို ဂုဏ်ယူရင်း
လောကဓံနဲ့ စီးချင်းထိုးခဲ့ရ
လောကကောင်းကျိုးအတွက်
အမေ အားတက်ခဲ့တယ်။

အမေဟာ
ဂေါ်ဂီရဲ့အမေကို မသိပေမယ့်
ကိုအောင်ဆန်းရဲ့အမေကို သိတယ်
ဗိုလ်အောင်ကျော်ရဲ့အမေကို သိတယ်
ကိုဖုန်းမော်ရဲ့အမေကို သိတယ်
ကိုမင်းကိုနိုင်ရဲ့အမေကို သိတယ်
ကိုမင်းအောင်ရဲ့အမေကို သိတယ်။

အမေဟာ
နယ်စင်မန်ဒဲလားကို မသိပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ကို သိတယ်
ကိုမင်းကိုနိုင်ကို သိတယ်
မစုစုနွေးကို သိတယ်
မမီးမီးကို သိတယ်
မနီလာသိန်းကို သိတယ်။

အမေရဲ့ခြံထဲက
နှင်းဆီပွင့်အနီတွေ
နွေဦးမှာ ရဲရဲတွတ်နေလိမ့်မယ်။

ခေတ်သစ်သူပုန်အိမ်
အမေ့အိမ်ဂုဏ်ဓာတ်က
အမေ့ရဲ့ မြင့်မြတ်တဲ့သစ္စာတရား
ပုန်ကန်သူထက် ပုန်ကန်သူကိုမွေးဖွားပေးခဲ့သူက
ပိုပြီးတောက်ပလိမ့်မပေါ့
နွေဦးကိုကြိုတော့ အမေ။

မီးနေစဉ်မှ
ဘဝမဆုံးခင်
မိခင်အရိပ်နဲ့
လိပ်ပြာလုံ
အသက်ပေးပြီးပုံချစ်ခဲ့
တုနှိုင်းမမီတဲ့ အမေ့ရဲ့မေတ္တာတရား
ကျေးဇူးကြီးမားခဲ့။

အမေ့အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးမှာ
ခရီးသွားဆဲအမေ
အမေ့ကို လက်နှစ်ဖြာထိပ်မှာမိုးလို့
ရှိခိုးကန်တော့ပါတယ် အမေ။ ။

(အမေနဲ့ ဗမာပြည်အမှောင်ခေတ်က အမေများသို့ ပူဇော်လျှက်)

၂၃၊ ဇန်နဝါရီ၊ ၂၀၁၁ (တနင်္ဂနွေ)

သရုပ်ဖော် အောင်ထက်


Tuesday, January 25, 2011

အောင်မြေမှာ စောင့်နေမယ်ဆိုတာ ယုံတယ် (ဒဿ)

ခင်ဗျားတို့ဗျာ
သိပ်ရက်စက် သူစိမ်းဆန်ကြတယ် …
ဘာလို့ ဖြတ်လမ်းကို သုံးပြီး
ငြိမ်းချမ်းတဲ့ ဘုံကို အရင်နှင့်သွားကြတာတုန်း။

ကိုမြင့်ဇော်
ကိုချစ်တီး (စိုးဝင်းညို)
မိုင်အိုက်ပန်
အဘ ဦးမြင့်အောင်
ကိုနိုင်ထွန်း
ကိုဘုန်းနိုင်
ဂုရု
ကိုငြိမ်း
အခု …
ခင်ဗျား ... ကိုသော်ဇင်

ဘာလို့များ
မပြောမဆိုနဲ့
ရုတ်တရက်
ဒိုးသွားကြတာလဲ။

စောင့်ကြအုံးလေဗျာ …
ကျုပ်တို့သွားရမယ့်နေရာက အတူတူပဲလေ …
ဘာလို့ ဖြတ်လမ်းကို သုံးပြီး
ငြိမ်းချမ်းတဲ့ ဘုံကို အရင်သွားနှင့်ကြတာတုန်း။

ဒါပေမယ့်ဗျာ ကျုပ် ယုံပါတယ် …
မာနယ်ပလော အောင်မြေမှာ
ခင်ဗျားတို့ စောင့်နေကြမယ်ဆိုတာကိုလေ။

သရုပ်ဖော် - အောင်ထက်


စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ … (ကာတွန်း စောငို)

Monday, January 24, 2011

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ် (လူထုစိန်ဝင်း)

လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထ မဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။

အခါမလပ်စောင့်ကြည့်

သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲ ထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထ မဏ္ဍိုင်ထဲ ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ် စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့် သတင်းစာနဲ့ သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။

ဘဝချင်းမတူ

စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမဝင်ဘူးလို့ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေက အလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများ အရေးကြီးသလို ဖျော်ဖြေရေးလည်း လိုအပ်တယ်။

ဒါပေမယ့် အဲဒီကဏ္ဍများရဲ့သဘာဝက အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြပ်ကြည့်ရှုတဲ့ ‘watch dog’ သဘာဝမဟုတ်ဘူး။ သတင်းစာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံ တင်ပြတဲ့အလုပ်ကို လုပ်တာဖြစ်လို့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တာဖြစ်တယ်။

လူသူတော်ကောင်းကြီးတွေ

စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကို တာဝန်ကြီးတယ်။ နိုင်ငံသားတိုင်း လိုက်နာကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ်အပြင် အင်မတန်တင်းကြပ်တဲ့ သတင်းသမားကျင့်ဝတ်တွေကိုလည်း လိုက်နာစောင့်ထိန်းရတယ်။ သတင်းသမားကျင့်ဝတ်တွေကို အတိအကျ အမှန်အကန် လိုက်နာစောင့်ထိန်းနိုင်ရင် အဲဒီ ပုဂ္ဂိုလ်ဟာ အလွန့်အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်တယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။

ဆရာ ဂျာနယ်ကျော် ဦးချစ်မောင်လို၊ ဆရာ လူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့ လူသူတော်ကောင်းကြီးတွေပါ။ အင်မတန် ထူးချွန်ထက်မြက်တဲ့ သတင်းစာဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာ ရှားတယ်။ ကမ္ဘာမှာကို ရှားတာ။ တော်သူတွေ ပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်း ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ

လူတော်လူကောင်းလို့ ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီးပြောဖို့ နည်းနည်းတော့ လိုအပ်တယ်။ လူတော်ဆိုတာနဲ့ ပတ်သက်လို့ကတော့ ပြောစရာမရှိပါဘူး။ ပညာရပ်နယ်ပယ်တခုခုမှာ ထူးထူးချွန်ချွန် ကျွမ်းကျင်တတ်မြောက်ထားသူကို လူတော်လို့ ခေါ်ကြတာပါပဲ။ နိုင်ငံလူမျိုး ကွဲပြားခြားနားမှု မရှိ၊ စံနှုန်းတခုတည်းပါပဲ။

တောင်အာဖရိကနိုင်ငံသား နှလုံး အစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန်ရောက်တော့လည်း နှလုံးခွဲစိတ်ကုသ ဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာတခုလုံးကလည်း တွေးခေါ်ပညာရှင်ကြီးအဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ

လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့နှုန်းစံက လူမျိုးတမျိုးနဲ့တမျိုး၊ နိုင်ငံတခုနဲ့တခု မတူကြလို့ဖြစ်တယ်။ အလွယ်ဆုံး ဥပမာပေးရရင် အရက်ကိစ္စကို ပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့လူမျိုးတိုင်းလိုလိုက အပြစ်ကြီးတခုလို့ မယူဆကြတော့ဘူး။ အရက်သောက်တတ်လို့ လူကောင်းမဟုတ်ဘူးလို့ မသတ်မှတ်ဘူး။

ဗုဒ္ဓဘာသာ လက်ခံကျင့်သုံးတဲ့ မြန်မာလူမျိုးတွေကတော့ အရက်သောက်တာကို အပြစ်ကြီးတခု၊ သီလပျက်ယွင်းမှုတခုလို့ သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပကရွေးရင် တခြားစာရိတ္တပိုင်းမှာ ဘယ်လောက်ပဲကောင်းကောင်း၊ အရက်သေစာ သောက်စားသူဆိုရင် ဝင်ရောက် အရွေးခံခွင့်တောင် မရှိပါဘူး။ ဂေါပကအဖွဲ့တိုင်းရဲ့စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြတယ်။

တောင်ပေါ်မြေပြန့် ခြားနားမှု

ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့ မြေပြန့် မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက်သောက်တာကို သီလပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီလို မမြင်တော့ဘူး။ အအေးဒဏ်ကို ကာကွယ်ဖို့ လူကြီး လူငယ် ကျားမ မရွေး အရက်သောက်ကြတယ်။

အနောက်နိုင်ငံတွေမှာလည်း ဒီလိုကွဲပြားမှုတွေရှိကြတာပဲ ဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးသမားတွေ အိမ်ထောင်ဖက်အပေါ် သစ္စာမစောင့်မှုကြောင့် ပြဿနာဖြစ်ရတဲ့သတင်းတွေ အမြဲမပြတ်သတင်းစာတွေမှာ ဖတ်နေရတယ်။ အင်္ဂလိပ်တွေက ဒီကိစ္စကိုတော်တော် ရေးကြီးခွင်ကျယ် သဘောထားတယ်။

ပြင်သစ်ဘောလုံးလောကမှာတော့ ဒါမျိုးတွေကို သတင်းစာတွေက ရေးကြီးခွင်ကျယ် လုပ်ပြီးရေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင် ချစ်သူ(Lover)ထားတာမျိုးက မဆန်းတော့တဲ့ကိစ္စအဖြစ် သဘောထားကြလို့ ဖြစ်တယ်။ ယောက်ျား၊ မိန်းမ ဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး

အတိအကျ အခိုင်အမာ ပြောချင်တာတခုတော့ ရှိတယ်။ မြန်မာလူမျိုးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေသမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။

မျက်စိရှက်လို့

အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ကိစ္စမှာလည်း နိုင်ငံနဲ့လူမျိုးအလိုက် ကွဲပြားခြားနားတဲ့ နှုန်းစံတွေရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျ အမှန်အကန် ရေးသားတင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ ရှိကြတယ်။

မှုခင်းသတင်းတပုဒ်ကိုဖော်ပြရာမှာ အနောက်နိုင်ငံများက မှုခင်းကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာ အတိအကျ ဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာ အများစုက နာမည်နဲ့ လိပ်စာနေရာမှာ ကွက်လပ်ထား ဖော်ပြကြတယ်။

အနောက်နိုင်ငံ သတင်းစာတွေမှာ မျက်နှာဖုံးသတင်းအဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ သတင်းတမျိုးဆိုရင် မြန်မာလူမျိုးတယောက်အနေနဲ့ ရေးသားဖော်ပြဖို့ဆိုတာ ထား။ ဖတ်ရမှာတောင် မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏ လာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်းတယောက် အခေါ်ခံရဖို့က နိုင်ငံခြားမှာထက် ပိုခက်တဲ့အကြောင်း အမြဲပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ်ကြီးမားတဲ့ နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက် ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့ အလုပ်

အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက် လုံးဝ မသောက်ပေမယ့် တခြားနည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်း အများကြီးရှိပါတယ်။

အဓိကအကျဆုံးကတော့ စာနယ်ဇင်းသမားအလုပ်ကို ခုတုံးလို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတဲ့အလုပ်မျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ်ဆိုတာ သာသနာပြုလုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့အလုပ် ဖြစ်တယ်၊ ကိုယ်ကျိုးရှာသမားများနဲ့ လုံးဝ မအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Sunday, January 23, 2011

ဒေါ်အောင်ဆန်းစုကြည် (တင်မိုး)

အောင်ဆန်း တဲ့ စုကြည်
အောင်ဆန်းဆို ဗိုလ်ချုပ်သမီး
ကြီးမြတ်ဂုဏ်ရည်။

အာဇာနည်
မြန်ပြည်ရဲ့ချစ်သမီး။

ယနေ့အရေးမှာဖြင့်
ဖအေ့သွေးပီပီမို့
ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့
မြန်မာပြည် ဒေါင်းတောင်နိမိတ်တွေနဲ့
ကျောင်းခေါင်ရိပ် အနီးမှာလ
ကောင်းအောင် ဟိတ်ကြီးပါဘိ
ခေါင်းဆောင်ထိပ်သီး။

တင်မိုး
၁၁၊ ၁၂၊ ၈၈ နံနက်ခင်း

၁၉၉၀၊ ဇွန်လ ၁၉ ရက်နေ့က ထုတ်ဝေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) မန္တလေး အရှေ့တောင်မြို့နယ်၊ မဟာအောင်မြေ အရှေ့ ရဲ့ ပို့စကဒ်မှ


အလိုတူ အလိုပါ (ကာတွန်း စောငို)

ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ

U_TIN_MOE

ရဲဘော်သန်းလွင်သို့ … (ATN)

ဟောသည် ကမ္ဘာပေါ်မှာ
ဖက်တွယ်စရာတွေ သိပ်မရှိတော့တဲ့အခါ
ငါတို့ဟာ …
အချင်းချင်းကိုသာ ဖက်တွယ်ထားရလေတော့တယ် …

ရင်ဘတ်ကို ရင်ဘတ်ချင်း
လက်ကို လက်ချင်း …
နှလုံးသားကို နှလုံးသားချင်း …
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း …
သေနတ်မောင်းကို ဖြုတ်တတ်သောလက်များ အချင်းချင်း …

သူငယ်ချင်း …
မင်းကို … ညီလေး လို့ … ငါက ခေါ် …
င့ါကို … အကိုကြီး လို့ … မင်းက ခေါ် …

တကယ်တော့
ညီအကိုဆိုတာထက်တောင် ပိုနေသေးတယ် …
မင်းအသက်ကို ငါ့ ပေးထားတာ …
ငါ့အသက်ကို မင့် ပေးထားတာ …
ငါ့တို့ဟာ ကျောချင်းကပ်လျက် …
နှလုံးသားချင်းကတော့ …
ရင်ချင်းအပ်လျက် …
ချစ်တတ်သူတွေလိုမျိုး …
ဆေးအိတ်ကလေး လွယ်ပြီး ပြုံးပြုံးနေတတ်တဲ့ မင်း …

ရဲဘော် သန်းလွင် …
သင် ယုံကြည်ခဲ့သော မနက်ခင်းများ …
ငါတို့အားလုံး ယုံကြည်ခဲ့ …
တပ်မဟာ ၆ ရဲ့နေ့ရက်များ
သင့်အား သတိရနေကြလိမ့် …
င့ါစာမျက်နှာ တခုမှာ
သင့်အမည်အား ရေးထိုးထားပါမည် …
ထာဝရ ဘုရား …
သင့်အား ကောင်းချီးပေးပါ့ …
အာမင် …

Thursday, January 20, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၈

ငှက်ပျောသီးလေး စားလိုက်၊ ထန်းလျက်ခဲ ကိုက်လိုက်၊ ပဲကြီးလှော် ဝါးလိုက်၊ ထမင်းချိန်မှာ ပေါင်မုန့်စားလိုက်နဲ့ တရွာဝင် တရွာထွက် စနည်းနာရပါတယ်။ ဒီခေတ်လို ရေသန့်ဘူး မရှိ။ ဆာတဲ့အချိန် တွေ့တဲ့ရွာ ရေဝင်တောင်း သောက်ကြတယ်။

ဘယ်ရွာကမှ သတင်းမရ။ တချို့အိမ်တွေက ဝင်လိုက်တာနဲ့ တံခါးပိတ်ပြီး ငြိမ်နေကြတယ်။ အသံပေးလည်း ထွက်မလာ။ တချို့အိမ်တွေက ပြတင်းပေါက်တွေက ချောင်းကြည့်နေတာ ရိပ်ခနဲ တွေ့လိုက်ရတယ်။

ညနေလည်း စောင်းလာပြီ။ ဆာကလည်း ဆာ။ တနေကုန် လျှောက်နေရလို့ လူတွေကလည်း ပန်းလှပြီ။ ကျနော့်ရှေ့က ဦးဆောင်နေသူ ရဲဘော်တောင် ခြေဒရွတ်ဆွဲနေရာက “ခက်တာပဲ” လို့ ညည်းစပြုနေပြီ။ ရွာတရွာကို လှမ်းဝင်ကြရပြန်ပြီ။ ဒီစဉ် ရွာထဲက ခွေးတအုပ် ပြေးထွက်လာပါတယ်။

ရဲဘော်က “ဟာ … ခွေးတွေနဲ့တော့ မဖြစ်ဘူး။ ကျနော်က ခွေးတော့ ကြောက်တယ်” ဆိုပြီး ကျနော့်ဆီ လာကပ်ပါတယ်။

ကျနော်လည်း သူရဲကောင်း မဟုတ်။ ခွေးတွေကလည်း ဆွဲတော့မလို တဟုန်တိုး ပြေးလာနေကြပြီ။ ဒေါသတွေက ဘယ်ကြို ဘယ်ကြားက ထွက်လာတယ်မသိ။

“ဖယ်စမ်း၊ ဖယ်စမ်း။ ဒီလောက်တောင် ကိုက်ချင်ကြတဲ့ကောင်တွေ လာ … ကိုက်စမ်း”

ဆိုပြီး ကျနော်က ခွေးအုပ်ဆီ ခပ်သွက်သွက်ထွက်ပြီး ရင်ဆိုင်လိုက်ပါတယ်။ ခွေးတွေက ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိ၊ ခဏကြောင်ရပ်သွားပြီးမှ နောက်ပြန်လှည့်သွားကာ ခပ်လှမ်းလှမ်းကနေ ဟောင်နေပါတော့တယ်။

ရဲဘော်က ကျနော့်ကို အထင်ကြီးသွားပြီး …

“ဟာ … ခင်ဗျား တယ်စွမ်းပါလား”

လို့ အမှတ်ပေးပါတယ်။

ကျနော်က …

“ခင်ဗျားနှယ် ဘာဆန်းလို့လဲ၊ သူတို့ကကိုက်ရင် ကျနော်ကလည်း ပြန်ကိုက်မှာပေါ့ဗျ”

လို့ အဖြေပေးလိုက်တော့ သူက ကျနော့် မျက်နှာကိုစိုက်ကြည့်လိုက်ပြီး …

“ဟုတ်တယ်၊ ခင်ဗျားမျက်နှာက တကယ်ကိုက်မယ့်ပုံပဲ” တဲ့။

ရွာသား ၃-၄ ယောက် ထွက်လာပါတယ်။ ရဲဘော်က ခရီးသွားနေတာ အချိန်လည်း မရှိတော့ဘူး၊ ရွာမှာ တည်းခိုပါရစေ။ ထမင်းလည်း ဝယ်စားချင်တယ်။ ဆိုတော့ “ရပါတယ်” လို့ ပြောတယ်။ တကယ်က သူတို့ ရခိုင်သံကို ကျနော် အဓိပ္ပာယ် မပေါက်ပါ။ ရဲဘော်ကပဲ ဦးဆောင်ပြောဆိုနေခြင်း ဖြစ်ပါတယ်။

အိမ်တအိမ်မှာ ထမင်းကျွေးပါတယ်။ ပိုက်ဆံပေးတာ လက်မခံပါ။ စားပြီးလို့ လက်ဆေးခါရှိသေး။ သေနတ် ၂ လက် လွယ်ထားတဲ့လူ ၂ ယောက် ဝင်လာပါတယ်။ စကားများများ မပြော။ “လာ … လိုက်ခဲ့” ဆိုလို့ လိုက်သွားရပါတယ်။ ရွာအပြင် တောစပ်မှာ သေနတ်လွယ်ထားတဲ့ နောက် ၂ ယောက်ကို တွေ့လိုက်ရပြန်ပါပြီ။

တယောက်က ဘာကိစ္စလာသလဲလို့ မေးပါတယ်။ ‘ ပါတီကို လာရှာကြောင်း၊ ပါတီက ရဲဘော်တွေဖြစ်ကြောင်း’ ဖြေရတယ်။ ဘာအထောက်အထားပါသလဲ လို့ မေးပြန်ပါတယ်။ ကျနော့်ရဲဘော်က အားလုံးရှေ့မှာပဲ အောက်ခံဘောင်းဘီတို ခါးရှုံ့လိုင်းထဲက စာလိပ်လေးတလိပ် ဆွဲထုတ်ပြီး ပေးလိုက်ပါတယ်။

ခေါင်းဆောင် ရခိုင်ရဲဘော်က မှောင်ပျပျ လက်ကျန် နေရောင်လေး အကူအညီနဲ့ မျက်မှောင်ကုပ်ကြည့်နေပြီးမှ …

“ဟုတ်တယ်၊ အတွင်းရေးမှူးရဲ့လက်ရေးပဲ” တဲ့။

တယောက်က “ဘာတွေ ရေးထားသလဲ” လို့ မေးလိုက်တယ်။

“ဟာ … ဖတ်မရလို့ အတွင်းရေးမှူးရဲ့လက်ရေးလို့ ပြောတာပေါ့” တဲ့။

သူ့အဖြေ တိကျလိုက်ပုံက အတွင်းရေးမှူး ရဲဘော် ကျော်မြနဲ့ တွေ့တော့မှ အဓိပ္ပာယ်ပေါက် ပါတယ်။ ခုအထိ ဦးနှောက်စားရဆဲ။ (နာမည်ကျော် လက်ရေးပါ)

ပါလာသူရဲဘော်က ရှင်းလင်းပြောပြတယ်။ ကျနော့်ကို ရခိုင်ရဲဘော်တွေ လက်ထဲအပ်လိုက်ကာ နှုတ်ဆက်ပြီး ရွာသားတယောက်နဲ့အတူ လိုက်သွားပါတယ်။

သူတို့ခေါ်ရာ လိုက်ခဲ့ပါတယ်။ မိုးဖွဲဖွဲလေး ကျလာတယ်။ မှောင်မှောင်မဲမဲထဲမှာ အားစိုက်လိုက်ရင်း စဉ်းစားနေမိတယ်။ တောင်ယာတဲထဲ အိပ်ရမှာလား။ စိတ်ချရတဲ့ ရွာတရွာမှာ အိပ်ရမလား။ ပါတီပြောက်ကျားစခန်းကို တန်းခေါ်သွားမှာလားပေါ့။

ဆက်လက်ဖော်ပြပါမည်။


သံလွင် သူရဲကောင်း (ဒေါင်းနီ)

ရုတ်တရက် ဒေါင်းတွန်သံ ဆွံ့အ
ကျန်ရစ်သူ ပုလဲခ ကြွေကျရှာပေါ့။

သြော်-မြေခစရာ အရွေးမှားလေရော့လား။

ရဲဘော်ဟာ ဖြစ်တည်ရာအရပ်
လူထုအာရုံ ရင်ဝယ်ခြုံလွှမ်း
ကြယ်စင်လမ်းမှာ အလံလွှင့်နေရော့သလား။

သင်ဟာ နှုတ်မဆက် လက်မပြ ဘဝတွေရဲ့
ဖြစ်ပျက်နဲ့ မလွဲသာတဲ့နိဂုံး
ဂုဏ်သိက္ခာရှိစွာ သံလွင်ကမ်းပေါ် ဖြန့်ကြဲခဲ့ရော့သလား။ ။


01/19/2011 ရက်နေ့တွင် တိုင်းပြည်အတွက် သူရဲကောင်းပီသစွာ ကျဆုံးသွားသော ရဲဘော် သော်ဇင် (သို့) ရဲဘော်သန်းလွင် အား အမှတ်တရ။

----------------------


ရဲဘော် သန်းလွင် (ခေါ်) သော်ဇင် (အသက် ၄၄ နှစ်) ၏ ကိုယ်ရေးအကျဉ်း

(ကိုယ်ပိုင်အမှတ် ၃၃၅၄)။

ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)။

(၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁)။

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက်သား ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလ၌ မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက်ရောက်နေဆဲ ဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုးသို့ ထွက်ခွာလာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များအတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများအတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင် လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင်လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ်နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် (၆) နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်းတွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေး ကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံအပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေး ကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကိုထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီတွင် ဦးနှောက် သွေးကြောပြတ်၍ အသက် ၄၄ နှစ် တွင် ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ်ခဲ့သည်။

Wednesday, January 19, 2011

ကြယ်တွေကောက်နေသူ (မောင်လွမ်းဏီ)

ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီး ယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်းတွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ဝသုန်သော်၊ တနေ့သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော် ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော် သော်ဇင်၊ ကိုသန်းလွင် တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။

မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁


ယနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ။

ရဲဘော်များ နှင့် မိတ်ဆွေများ ခင်ဗျား ...

မကဒတ ဗဟိုကော်မတီဝင်၊ ဗဟိုဘဏ္ဍာရေးတာဝန်ခံ နှင့် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး၊ ကိုယ်ပိုင်အမှတ် ၃၃၅၄ ရဲဘော်သန်းလွင် ခေါ် သော်ဇင် သည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂း၀၀ နာရီတွင် ကျဆုံးသွားပါကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်။


Monday, January 17, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၇

ရခိုင်ခရီး

မှတ်ပုံတင်အတုလုပ်ရ၊ လိုအပ်တာဝယ်ခြမ်းနဲ့ ငွေက အတော်ကုန်သွားပါတယ်။ ၂ ယောက်အတွက် လေယာဉ်လက်မှတ်ဝယ်ဖို့ အိမ်က ဝယ်ဆင်ထားတဲ့ ၉ဝဝ တန် Seiko L.M နာရီကလေးကို လမ်းဘေးမှာ ၆ဝဝ ကျပ်နဲ့ ရောင်းလိုက်ရပါတယ်။

မင်္ဂလာဒုံလေဆိပ်မှာ ချိန်းထားတဲ့ ရဲဘော်ကို တွေ့ရတယ်။ ကျွန်းရဲဘော်တယောက်နာမည်နဲ့ တူနေလို့ အတော်အားရှိသွားပါတယ်။ လေဆိပ်မှာ အတူတပူးတွဲတွဲ မနေပါ။ ကျနော်က တံခွန် အားကစားဂျာနယ် တစောင်ဝယ်ပြီး ရေတပ် တပ်ကြပ်ကြီးတယောက် ထိုင်ခုံဘေးမှာထိုင်ပြီး ဖတ်နေပါတယ်။ တပ်ကြပ်ကြီးက ကျနော့် တံခွန်ဂျာနယ်ကို ကြည့်ပါရစေ ခွင့်တောင်းလို့ ပေးလိုက်ရာက အားကစား ဝါသနာရှင် ၂ ဦး မိတ်ဆွေဖြစ်သွားပါတယ်။ သူလည်း စစ်တွေကို လိုက်မှာတဲ့။

တစင်းပြီးတစင်း ဆင်းလာတဲ့ လေယာဉ်တွေ …။ နောက် တက်သွားတဲ့ လေယာဉ်တွေကို တမေ့တမော ကြည့်နေမိတယ်။ တောသားဆိုတော့ အမျိုးအစား မခွဲတတ်။ ကောင်းမှန်း ဆိုးမှန်း မသိ။ တရုတ်ပြည်က ဂျက်လေယာဉ်ကြီး ဆင်းလာတော့ တခြားလေယာဉ်တွေထက် ကြီးနေတာတွေ့ရပြီး အားရနေမိတယ်။ မကြာလိုက်ပါဘူး၊ အမေရိကန် ဂျက်လေယာဉ်ကြီး တစင်း မြေတုန်အောင်ဆင်းလာတော့ ပီတိစိတ်တွေ ပျောက်သွားပြန်တယ်။

ရခိုင်ဘက်ပျံသန်းမယ့် ဗမာ့လေကြောင်းပိုင် လေယာဉ်ကလည်း ဂျက်လေယာဉ်ပဲ။ တပြည်လုံး ၂ စီးပဲရှိတယ်။ ဝယ်တာ မကြာသေးဘူးလို့ တပ်ကြပ်ကြီးက ကျနော့်ကို ရှင်းပြနေပါတယ်။

လေယာဉ်ပျံပေါ်တက်ကြတော့ တပ်ကြပ်ကြီးက ကျနော့်ဘေးမှာကျတယ်။ လက်မှတ်ဝယ်ကတည်းက ခွဲဝယ်ထားတဲ့ ကျနော့်ရဲဘော်က ခပ်လှမ်းလှမ်းမှာ ရှိတယ်။ တပ်ကြပ်ကြီးဘေးမှာထိုင်နေရလို့ တလမ်းလုံး စိတ်ထဲမှာလုံခြုံသလို ခံစားမိတယ်။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တဝက်ကျော်က နိုင်ငံခြားသား တိုးရစ်စ်တွေဖြစ်နေတော့ လူတွေအာရုံက သူတို့ အပေါ်မှာ ရောက်နေတာကလည်း ကောင်းတာပဲ။

ဧရာဝတီတိုင်းပေါ် ဖြတ်ပျံနေစဉ် တပ်ကြပ်ကြီး လက်ညှိုးတညွှန်ညွှန်နဲ့ မိတ်ဆက်ရှင်းလင်းပြတာတွေကို နားထောင်နေမိတယ်။ စစ်တွေအကြောင်း၊ ရခိုင်အကြောင်းကိုလည်း မသိမသာ မေးမိတယ်။

စစ်တွေလေဆိပ်ကို ရောက်ပါပြီ။ ရည်မှန်းချက် တဆင့်ပေါက်ခဲ့ပြီ။ ဒီနေရာကစပြီး အရာရာကို၊ ခေါင်းဆောင်မှုကို ပါလာသူ ရဲဘော်အား လွှဲလိုက်ရပါတယ်။ ကျနော် ဘာမှမသိ၊ ဘာမှမကျွမ်း။ သူစီစဉ်သမျှ လိုက်နာရုံပဲရှိတယ်။

ထမင်းဆိုင် တဆိုင်သွားပြီး တည်းခိုကြတယ်။ ထမင်းလည်းစား အိပ်လို့လည်းရ။ ဒီခေတ်လို တခြား ဝန်ဆောင်ခငွေ ကုန်စရာတယ် မရှိလှ။ နာမည်ကြီး ရခိုင်ငပိထောင်း။ ငရုပ်သီးစပ်စပ်နဲ့ စားလို့ကောင်းပါဘိ။

၁၄-၅ ယောက်အိပ်နိုင်တဲ့ အိပ်စင်ကြီးပေါ် ဧည့်သည် ၆ ယောက်လောက် ခပ်ခွာခွာ အိပ်ကြပါတယ်။ ရှေ့ အခက်အခဲ ဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းတတ်။ ပါလာသူ ရဲဘော်အပေါ် အရာရာပုံအပ်လိုက်ပြီမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်မိတယ်။

(၃)

ပြောက်ကျားဒေသ

နောက်တနေ့ ပုဏ္ဏားကျွန်းဘက်ထွက်မယ့် သင်္ဘောတစင်း ပေါ်တက်ခဲ့ကြတယ်။ ကုလားတန်မြစ်အတိုင်း ကွေ့လိုက် ကောက်လိုက် မြစ်လက်တက်တွေထဲ ဝင်လိုက်ထွက်လိုက်နဲ့ ညနေစောင်းမှ ပုဏ္ဏားကျွန်းကို ရောက်ပါတယ်။

ဘုန်းကြီးကျောင်းတကျောင်းမှာ တည်းပါတယ်။ အထူးအထွေ တင်လျှောက်စရာလည်း မလို။ လှူဖွယ်တန်းဖွယ် ပါစရာမလို (ကျနော့် ရဲဘော်ကတော့ ကန်တော့စရာ ငှက်ပျောဖီး၊ ဖယောင်းတိုင် စသည် ဝယ်လာခဲ့တယ်) ခရီးသွားများဖြစ်၍ တညတာ တည်းခိုခွင့်ပြုပါမည့်အကြောင်းလောက်သာ တင်လျှောက်လိုက်ရုံနဲ့ စိတ်ချမ်းသာစွာ အိပ်ခွင့်ရပါတယ်။

ခရီးကြမ်းက နောက်နေ့ကျမှ စပါတော့တယ်။ ပြောက်ကျားဒေသကို စ’တိုးရတော့မယ်လို့ ပါလာသူရဲဘော်က သတိပေးထားပြီး ဖြစ်တယ်။ ဗမာစစ်တပ်ကလွှတ်တဲ့ သူလျှိုဒလန်တွေ ရှိတတ်တာမို့ ဒီနယ်ထဲ ဗမာတွေဝင်လာရင် ဒေသခံလူထုက သံသယနဲ့ ကြည့်တတ်ကြောင်းလည်း သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ်က စားစရာသောက်စရာတချို့ ဝယ်ပါတယ်။ ကျနော့်မှာ အဝတ်အစားထည့်ဖို့ လွယ်အိတ်တလုံးပဲ ပါ,ပါ တယ်။ ကျနော့်ရဲဘော်ကတော့ ခါးဝတ်ခါးစားနဲ့ပဲ လိုက်လာသူ ဖြစ်တယ်။ ဒါကလည်း ကောင်းပါတယ်။ ပစ္စည်းပစ္စယ မရှုပ်တော့ ဘေးလူက သင်္ကာမကင်း သိပ်မဖြစ်တော့ပါ။

ဆက်လက်ဖော်ပြပါမည်။

မင်္ဂလာ စာစောင် (အတွဲ - ၁၊ အမှတ် - ၁)

Mingalar-jan2011

Friday, January 14, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၆

ဒေါနတောင်တန်းဖြတ်ပြီး ခြေလျင်လမ်းက ဝမ်ခဘက် တက်ချင်ကြောင်းပြောလို့ တီကိုးတီ စာရေးစက္ကူနဲ့ ခရီးသွားလာခွင့် လက်မှတ်တစောင် ရေးပေးပါတယ်။ နောက်နေ့ ခရီးထွက်ကြတယ်။ တလမ်းလုံး ဝမ်ခ အခြေအနေ KNU ရဲ့ ဘဏ္ဍာရေး တောင့်တင်းပုံ၊ လက်နက်ပစ္စည်း ပြည့်စုံပုံ၊ ဗိုလ်ချုပ်မြမောင်အကြောင်း စတာတွေ မိတ်ဆက်ပြလာလို့ စိတ်အားထက်သန်မှုတွေပဲ တိုးပွားနေမိတယ်။

ဒေါနတောင်ခြေနဲ့ မလှမ်းမကမ်းက ရွာတရွာက ဘုန်းကြီးကျောင်းမှာ စတည်းချပါတယ်။ ဘုန်းတော်ကြီးက အုန်း၊ ငှက်ပျော က အစ မုန့်မျိုးစုံ ချကျွေးပါတယ်။ ဝမ်ခသွားမှာမှန်းသိတော့ ဘုန်းကြီးက တွေးတွေးဆဆ ဖြစ်လာပါတယ်။ အစိုးရတပ်တွေ ဒေါနတောင်ဘက် တက်ကြတာ နေ့စဉ်ရက်ဆက်ပဲ။ ဖြစ်ပါ့မလား လို့ ပြောတယ်။ မကြာလိုက်ပါဘူး။ ညနေစောင်းတာနဲ့ တိုက်လေယာဉ် ၅ စင်း ပျံတက်လာကာ ဒေါနတောင်ခြေတလျှောက် ပစ်ခတ်ဗုံးကြဲနေတာ ကျောင်းဝင်းထဲက လှမ်းမြင်နေရပါတယ်။

ပထမဆုံးအတွေ့အကြုံမို့ စိတ်ဝင်တစား ရပ်ကြည့်နေမိပါတယ်။ ပစ်သံ ခတ်သံ သဲ့သဲ့ကြားရတယ်။ လေယာဉ်တွေဟာ လာလမ်းအတိုင်း ပြန်သွားလိုက်၊ ပြန်လာပြီးပစ်လိုက် လုပ်နေတာပါ။ မှောင်ရိပ်သန်းလာမှ ရပ်သွားပါတယ်။ ရှေ့မှာတော့ တိုက်ပွဲတွေ ဖြစ်နေပါပြီ။ ဘယ်လိုလုပ်မလဲ။

“ညီလေးရေ ပြန်မှဖြစ်မယ်ထင်တယ်ကွာ”

လို့ ဖထီးက ပြောပါတယ်။ ကျနော်က လက်တကမ်းရောက်နေတဲ့ အခွင့်အရေးကို လက်လွတ်မခံချင်ပါ။

“တခြားလမ်း မရှိဘူးလား” ဆိုတော့ …

“မရှိဘူး” ... တဲ့။

“ ၃/၄ ရက် စောင့်ကြည့်ပြီး ချောင်မှ သွားတာပေါ့” ပြောတော့လည်း …

“ တိုက်ပွဲသဘောအရ ပိုတောင်ကျပ်လာလိမ့်မယ်။ တယောက်တည်းဆိုရင် သွားရဲတယ်။ ညီလေး တခုခုဖြစ်သွားရင် ညီလေးတို့ပါတီကို ဘယ်လိုပြောရမလဲ။ မစွန့်စားချင်ပါနဲ့”

လို့ ပိတ်ပြောတာ ခံလိုက်ရတယ်။ နောက်တနေ့ အပြန်လမ်း သံလွင်ဘက် ဆင်း၊ ပဲ့ချိတ်တစင်း တားစီးပြီး စုန်လာခဲ့ကြတယ်။ ရွှေဂွန်းဆိပ်ရောက်တော့ အလာတုန်းကနဲ့မတူ ရေရေလည်လည် အစစ်အဆေး အမေးအမြန်းခံရပါတယ်။

ရိုင်းစိုင်းမောက်မာတဲ့ မဆလ တပ်သားတွေရဲ့ အပြုအမူ အပြောအဆိုတွေကြည့်ပြီး ကရင်ပြည်သူတွေရဲ့ဘဝကို စာနာ နားလည်မိလိုက်ပါတယ်။ ဖထီးကပဲ ချိုချိုသာသာ အောက်ကျို့တောင်းပန်ပြီး ဖြေပါတယ်။ ကျနော့်ကိုတော့ သိပ် စိတ်ဝင်စားပုံ မပြပါ။

“အလုပ်သွားလုပ်မလို့၊ တိုက်ပွဲတွေဖြစ်နေလို့ ပြန်လှည့်လာတာပါ”

ပြောရုံနဲ့ ပြီးသွားပါတယ်။ သူတို့ ဂိတ်ကိုကျော်တာနဲ့ စက်လှေသမားနဲ့ ခရီးသည်တချို့ရဲ့မေတ္တာပို့သံတွေ ဆူဆူညံညံထွက်လာပါတယ်။ ဒါပေမယ့် နောက်ဆိပ်ကမ်းက ပိုကြမ်းတာ တွေ့ရပါတယ်။ စက်လှေပေါ် တက်ကြည့် လှန်လှောရှာဖွေ ဆဲဆိုကြိမ်းမောင်းပြီးမှ ဆင်းသွားပါတယ်။

ဒီလိုနဲ့ ကျနော့်ခရီးလည်း အောင်မြင်စွာဆုတ်ခွာပြီး ရန်ကုန်ကို ပြန်ရောက်ခဲ့ပြန်တယ်။ သည်ခရီးက ဆိုးတော့ မဆိုး။

(၁) ငယ်ရွယ်စဉ်အခါက ပဉ္စမတန်း ဒေါင်းဖတ်စာထဲမှာပါတဲ့ ကျိုက်ထီးရိုးဘုရားကိုလည်း ဖူးတွေ့ခဲ့ရတယ်။

(၂) ဗမာပြည်မှာ အရှည်လျားဆုံးမြစ်ကို ဖြတ်ဖူးပြီ။

(၃) လက်နက်ကိုင်ထားတဲ့ သူပုန်စစ်သားဆိုတာကို ပထမဆုံး မြင်ဖူးပြီ။

(၄) ပထမဆုံးအကြိမ် ဗုံးကြဲတာလည်း မြင်ဖူးခဲ့ပြီကိုး။

မူလကျောင်းကို ပြန်မသွားတော့ပါ။ မြို့စွန် တခြား ဘုန်းကြီးကျောင်း တကျောင်း ပြောင်းနေပါတယ်။ အရင်ကျောင်းနဲ့ လုံးဝ ဆန့်ကျင်ဘက်ကျောင်း ဖြစ်ပါတယ်။ အတော်ဆင်းရဲတဲ့ ကျောင်းပါ။

ကျောင်းထိုင်ဘုန်းကြီးနဲ့ ဦးပဇင်း ၂ ပါးပဲ ရှိပါတယ်။ သို့သော် နံနက်စာလောက်တော့ ကျောင်းက ကျွေးနိုင်ပါတယ်။ ညနေစာကိုတော့ လမ်းဘေးဆိုင် ထွက်စားရတယ်။ ဒီခေတ်နဲ့မတူတာ တွေ့ရပါမယ်။ ဘုန်းကြီးကျောင်းမှာတည်းရင် ခုခေတ်လို အစစ်အဆေး အမေးအမြန်း မခံရပါ။ ထမင်း တနပ်ကလည်း (၂ ကျပ်/၃ ကျပ်)နဲ့ ပြီးနိုင်တယ်။ တံခွန်ဂျာနယ်ကို တမတ် (၂၅ ပြား) ပေးဖတ်နိုင်တယ်။

ဆက်လက်ဖော်ပြပါမည်။


တာရာမင်းဝေ အမှတ်တရ စာစုများ

Taryar Minwai

Thursday, January 13, 2011

Wednesday, January 12, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၅

ည ၁၁ နာရီ ကျော်သွားပါပြီ။ ကိုမြင့်ဆွေက “အခြေအနေ ထူးတယ်။ ကျနော် အိမ်ပြန်မယ်။ ပြဿနာမရှိဘူးနော် လှမ်းခေါ်မယ်” ဆိုပြီး ကုန်းကုန်း ကုန်းကုန်းနဲ့ ပြန်သွားပါတယ်။ သူ့အိမ်က အနီးဆုံးပဲ။ ဒါတောင် ဘောလုံးကွင်း တဝက်စာကျော်ကျော် ဝေးသေးတယ်။ ဘာသံမှ မကြားတော့ပါ။ နာရီဝက်လောက် အကြာမှာတော့ အသံတသံ ထွက်လာတယ်။

“ဗကြည်ရေ … ဗကြည်ရေ” ဆိုတဲ့ အသံ။

ကျနော်က အနားမှာ တယောက်နဲ့တယောက် ထပ်အိပ်နေကြတဲ့ ကုလားပုံကြီးထဲက တယောက်ကို လက်နဲ့ ကုတ်ပြီး

“ခင်ဗျားတို့ရွာမှာ ဗကြည်ဆိုတာရှိလား”

လို့ မေးရပါတယ်။

“မရှိဘူး အကို”

ဆိုပြီး ပြန်အိပ်သွားပါတယ်။

တအောင့်လောက်ရှိတော့ ‘ခေါ်သံ’ ထပ်ကြားရပါတယ်။ ဦးထွန်းအောင်က ...

“ကိုမြင့်ဆွေအသံနဲ့ တူတယ်။ သေချာအောင် ကျနော် သွားကြည့်လိုက်မယ်။ အန္တရာယ် မရှိဘူးဆိုမှ လှမ်းခေါ်လိုက်မယ်”

ပြောပြီး ထွက်သွားပြန်ပါတယ်။ တာဝန်ယူစိတ် အင်မတန်ကြီးသော ကရင်ကြီးပါ။ သို့သော် ခေါ်သံလည်းမကြား။ လူလည်း ပြန်ပေါ်မလာ။

ကျနော်က သာနေတဲ့လ၊ မြင်နေရတဲ့ သံလွင်မြစ်ကြီးကိုကြည့်ပြီး အန္တရာယ်တွေကြားကနေ အိမ်နဲ့ (အထူးသဖြင့်) အဖေ့ကို သတိရနေမိတယ်။ စောင်မပါ ဘာမပါနဲ့ လူကလည်း အေးလှပြီ။ ခဏနေတော့ ...

“ကိုသိန်းဝင်းရေ … ကိုသိန်းဝင်းရေ”

ဆိုတဲ့ ခေါ်သံ ကြားလိုက်ရတယ်။ ဒါနဲ့ အားမနာနိုင်သေးဘဲ ခုနက ကုလားကိုပဲ ...

“ခင်ဗျားတို့ရွာမှာ ကိုသိန်းဝင်းဆိုတာ ရှိလား”

လို့ မေးရပြန်တယ်။ ကုလားက ...

“မရှိပါဘူးဗျာ”

လို့ပြောပြီး တဖက်စောင်းအိပ်သွားပါတယ်။ အိပ်ရေးပျက်လို့ နည်းနည်း ကျွဲမြီးတိုသွားပုံပဲ။

မကြာလိုက်ပါဘူး။ ဦးထွန်းအောင်နဲ့ ကိုမြင့်ဆွေတို့ရဲ့ ရှေ့ဆင့် နောက်ဆင့် ခေါ်သံထွက်လာပြန်တယ်။

“ညီလေးရေ … ညီလေးရေ”

ဆိုတဲ့ခေါ်သံ။ သူ့ဘက်လှည့်လာဦးတော့မှာပဲဆိုတာတွက်ပြီး ခုန ကုလားက ဦးနှင့်အောင် ...

“ကျနော်တို့ရွာမှာ ကိုညီလေး ဆိုတာလဲ မရှိဘူးဗျ”

လို့ ရေပိတ်စကားပြောတာ ခံလိုက်ရပါသေးတယ်။ ကျနော်က ...

“ဟုတ်လား။ ကိုညီလေး ဆိုတာ ကျနော်ပဲ။ သွားပြီဗျို့” လို့ နှုတ်ဆက်စကား ပြောခဲ့ပါတယ်။

ဒီနေရာမှာ နည်းနည်းရှင်းပြဖို့ လိုပါလိမ့်မယ်။ ကျွန်တော်က ဝရမ်းပြေးဆိုတော့ ရောက်တဲ့အရပ် တွေ့တဲ့လူကို နာမည် တမျိုးနဲ့ ဆက်ဆံပါတယ်။ ‘ကိုသိန်းဝင်း’ ဆိုတာကလည်း ဦးထွန်းအောင်နဲ့တွေ့မှ ခေါ်စေတဲ့နာမည်ပါ။ သူကလည်း ‘ညီလေး’ လို့ပဲ တလျှောက်လုံး ခေါ်လာတော့ ကိုယ့်နာမည်ကို မေ့နေပါတယ်။ စိတ်မောနေတာရယ်၊ အိပ်ချင်မူးတူးရယ်၊ အအေးဒဏ်ကြောင့် လူက ထုံနေတာရယ် စတာတွေလည်း ပါပါလိမ့်မယ်။

‘ပေါ်တာ’ကိစ္စဖြစ်သွားပုံကိုလည်း ရှင်းပြရပါဦးမယ်။ ရွာထဲက ကာလသား ကုလား ၃ ယောက် တခြားရွာ သွားလည်ရာက မူးပြန်လာတယ်။ ရွာအဝင်မှာ ဆဲဆိုဆူပူလာရာက ထုံးစံအတိုင်း စစ်တပ် ပေါ်တာလာဆွဲပြန်ပြီ ထင်ပြီး ရွာပျက်မတတ် ဖြစ်သွားတာပါ။

ဒီရွာမှာပဲ နောက်ထပ် တရက် နှစ်ရက်နေ ထောက်လှမ်းပြီး ဦးထွန်းအောင်က ရွှေဂွန်းဘက် တက်မယ်လို့ ပြောပါတယ်။ ကျနော်ကလည်း စိတ်လောနေသူဖြစ်လို့ ချက်ချင်း သဘောတူလိုက်ပါတယ်။

သင်္ဘောတစီးပေါ်တက်ပြီး သံလွင်ကို ဆန်တက်ခဲ့ကြပါတော့တယ်။ ဘာပြဿနာမှ မရှိ။ ဒါပေမယ့် စစ်တပ်တွေ အဆင်းအတက်တွေ များတယ်ဆိုတဲ့သတင်းက လက်တွေ့ဖြစ်လာတယ်။ ရွှေဂွန်းမြို့လေး အနေအထားကလည်း ထူးခြားနေပါတယ်။ မြို့ပတ်လည် ကျင်းတွေ၊ ညှောင့်တွေ၊ သစ်တွေ၊ ဝါးတွေ ခြံကာထားတာ တွေ့ရတယ်။ လျှောက်ရင်း လျှောက်ရင်းက ကရင် ပြောက်ကျားဒေသတွေကြား ခြေချမိပြီဆိုတာ သိလာရတယ်။

ကရင်တပ်သားတွေနဲ့ ရွာထဲဖြစ်ဖြစ် လမ်းပေါ်မှာဖြစ်ဖြစ် မကြာခဏ ဆုံတွေ့နေရပါတယ်။ ခဏခဏလည်း အစစ်အဆေး အမေးအမြန်းခံရပါတယ်။

ရွာတရွာမှာ စတည်းချပြီး (ဖထီး) ဦးထွန်းအောင်က သူ့သား ကရင်တပ်ခွဲမှူးသတင်း စုံစမ်းပါတယ်။ သူ့သားက ဒီရွာသူနဲ့ အိမ်ထောင်ကျပြီး ဒီရွာမှာနေတာ ဖြစ်တယ်။ သူ့ချွေးမ မကြာမီကပဲဆုံးသွားလို့ သားဖြစ်သူက စိတ်လေ၊ တပ်က ခွင့်ယူပြီး လျှောက်သွားနေတယ်လို့ သိရတယ်။ ၂ ရက်လောက်ကြာတော့ ဦးထွန်းအောင် ရောက်နေတယ်ကြားပြီး သူ့သား ပေါက်လာပါတယ်။ မူးလိုက်တာလည်း ထောင်လို့။ (တို့သားအဖနဲ့တော့ ကွာလိုက်တာ)

ဆက်လက်ဖော်ပြပါမည်။


ပေါင် နှင့် မုန့် (မောင်ဝဏ္ဏ)

၁။
အဲဒီတုန်းက ကျွန်တော်ဟာ အယ်ဒီတာ တပိုင်း၊ စာပြင်ဆရာ တပိုင်းပေါ့။ အယ်ဒီတာ အဖွဲ့ထဲမှာ ကျွန်တော့် နာမည်တောင် မပါသေးပါဘူး။ အများအားဖြင့်တော့ ကျွန်တော်က စာပြင်တဲ့အလုပ် လုပ်ရတာပါ။
စာမူ တချို့တော့ ဖတ်ရပါရဲ့။ ဒါပေမယ့် စာမူရွေးတာ ကျွန်တော့် အလုပ် မဟုတ်ဘူးလိုပဲ။ မှတ်ချက်ကလေး ရေးပြီး ကျွန်တော့် ဆရာသမားဆီ ပို့ပေးရတာပေါ့။ ကျွန်တော် ရွေးလေ့ရှိတဲ့ မှတ်ချက်ကတော့ "သင့်" ဆိုတာပါပဲ။ ကျွန်တော်တို့ အလုပ်ခန်းက မြို့လယ် လမ်းကျဉ်းတခုမှာပါ။ အယ်ဒီတာ ရုံးခန်းသာ ဆိုရတယ်။ တကယ်တော့ ပုံနှိပ်တိုက်နဲ့ တွဲလျက်။ ပုံနှိပ်စက်က နောက်ခန်းမှာ တဂျုံးဂျုံး၊ တဂျိုင်းဂျိုင်း မြည်အောင် ရိုက်နေတာ။ ထပ်ခိုးပေါ်မှာက ခဲစာလုံး စာစီဆရာတွေ။ စာစီ ဆရာတွေက စီတဲ့ စာမူ ကုန်ခါနီးရင် "ကော်ပီ ဆရာရေ" လို့ လှမ်းအော် တတ်တယ်။ "ကော်ပီ" ဆိုတာ စီရမယ့် စာမူကို စာစီဆရာ၊ အယ်ဒီတာတွေ အဲဒီတုန်းက ခေါ်တဲ့ စကားလုံးပါ။ ကျွန်တော်ကလည်း ကိုယ့်ဆရာသမား ချပေးထားတဲ့ စာမူတွေကို သတ်ပုံပြင်၊ ပုဒ်ဖြတ်၊ အပိုဒ်ခွဲ၊ စာချဲ စသဖြင့် သင်္ကေတတွေ ရေးပြီး စာစီဆရာတွေဆီ ညှပ်ချိတ် ကြိုးလေးနဲ့ တင်ပေးရတယ်။ ကြိုးတချောင်းထိပ်မှာ ကလစ်ညှပ်တခု ချည်ထားတာပါပဲ။ အဲဒီ ညှပ်ချိတ်ကြိုးနဲ့ စာစီခန်းကို စာမူ တင်ပေးတယ်။ စာစီပြီး ဂယ်လီပရုက စပြီး စက်တင် ပုံနှိပ်တော့မယ့် စက်တင်ဖောင်ပရုထိ စာစီ ဆရာတွေက ပြန်ချပေးတယ်။ ပြန်ဆွဲတင်တယ်။

ပုံနှိပ်မင်နံ့၊ ခဲစားလုံးနံ့၊ လက်ဆေးတဲ့ ရေနံဆီနံ့၊ စက္ကူနံ့၊ ချွေးနံ့ စတဲ့ အနံ့မျိုးစုံကိုလည်း ရှူရှိုက်နေရတယ်။ ဒါပေမယ့် ကိုယ် ဝါသနာ ပါတဲ့အလုပ်ဆိုတော့ မညည်းမညူ လုပ်တာပါပဲ။ သို့သော် ကြာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ အဲသလို ငြီးငွေ့တဲ့အချိန်မှာ ကျွန်တော်တို့ အပန်းဖြေတဲ့ နည်းလေးတခုရှိတယ်။ အဲဒီနည်းကိုလည်း ကျွန်တော်တို့ရဲ့ ဆရာသမားက ပြပေးထားတာပါ။ လက်ထပ်သင်တဲ့ သဘောတော့ မဟုတ်ဘူးပေါ့ဗျာ။ အရိပ်ပြ အကောင်ထင် သဘောနဲ့ နည်းပေး လမ်းပြ လုပ်တာပါ။
၂။

ဒီလို ခင်ဗျ။
ကျွန်တော်တို့ အလုပ်တိုက်လို့ ခေါ်တဲ့ အခန်းကျဉ်းလေးထဲမှာ စားပွဲသုံးလုံး ရှိတယ်။ ဝင်ဝင်ချင်း အပေါက်ဝ စားပွဲမှာ ကျွန်တော် ထိုင်ရတယ်။ ကျွန်တော်နဲ့ ကပ်လျက် စားပွဲမှာ ဒုတိယအဆင့် အယ်ဒီတာဆရာ ထိုင်တယ်။ ဟိုနောက်ဆုံး စားပွဲမှာကျမှ ဆရာသမားက ထိုင်တယ်။ အလုပ်ခန်းက ကျဉ်းလေတော့ ဆရာသမားခမျာလည်း တခမ်းတနား အခန်းတခန်း နဲ့ မနေနိုင်ရှာဘူးပေါ့။ အဲ အဲဒီတော့ ဆရာ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့က မြင်နေရသပေါ့ဗျာ။
ဆရာသမားက အသက်အရွယ်ရပေမယ့် ရုပ်က ဖြောင့်တယ် ခင်ဗျာ။ လူပုံကလည်း ခပ်နွဲ့နွဲ့ပါပဲ။ ဒါပေမယ့် အထင်တော့ မသေးလိုက်နဲ့ဗျို့။ ဆရာက စွံတယ်။ ဆရာသမား ချိတ်လိုက်ပြီ ဆိုတဲ့ မြာဟာ အဖြောင့်စား၊ အတောင့်စားတွေချည်းပဲ ခင်ဗျ။ ဆရာသမားက တခုတော့ ထိန်းတယ်။ အိမ်ထောင်ရှင်ဆို ထိတောင် မထိဘူး။ အဲဒါကိုလည်း နည်းယူရတယ်။ ထိန်းရတယ်။ စာပေသမားတွေရဲ့ လောကကလည်း ဘာသားထုထား သမို့တုံးဗျာ။ ခပ်ရှုပ်ရှုပ်ကိစ္စတွေ ရှိတာပါပဲ။ အားလုံး မဟုတ်ပေမယ့် တချို့ကတော့ တခြားလောကတွေလိုပဲ ထုံးစံအတိုင်း ခပ်ထွေးထွေးပေါ့ဗျာ။ ဆရာသမားက အဲသလို "မြာ" မျိုးဆိုရင် ကြိုကြိုတင်တင် မှန်းဆပြီး သိလေ့ရှိတယ် ခင်ဗျ။ ပါရမီ ခေါ်မလား မသိ။ အမျိုးသမီး တချို့ကလည်း စာပေ အကြောင်းပြပြီး ဟိုဒင်း၊ ဒီဒင်းလေး ဖြစ်ကြတာကိုး။ ယောက်ျား ဆိုတာကလည်း ယောက်ျားပဲ ဆိုတော့ အဲသလို မစွမ်းရင်း ကလည်းရှိရင် ကန်စွန်းခင်းလည်း ငြိတော့တာပေါ့ဗျာ။

အဲသလို ငြိဖို့ ဆိုတဲ့ ဖြစ်တန်စွမ်း (ဖြစ်တန်ရာအခြေ) ကတော့ တော်တော့်ကို နည်းတယ် ခင်ဗျာ။ စာပေ ဝါသနာပါတယ် ဆိုတဲ့ အမျိုးသမီးတွေထဲမှာ အဲသလိုမျိုးက ရာခိုင်နှုန်းနဲ့ ပြောရရင် ဒသမ တစ်ရာနှုန်းတောင် မရှိဘူး။ ပြီးတော့ စာပေဝါသနာရှင် အမျိုးသမီး အများစုဟာ မမှည့်ဘူးဗျာ။ မတောင့်ဘူး။ မဖြောင့်ဘူး။ မချောဘူးဗျ။ မယုံ စာရေးဆရာမတွေ ကြည့်။ ချောတောတောရယ် လို့ ကျွန်တော့် မျက်စိထဲတော့ တယောက်မှ မတွေ့ဘူး။

ဘုတ်ထိုင်းကြီးတွေ၊ ပိန်ကပ်ကပ်တွေ၊ မျက်မှန်ထူတွေ၊ တဖြောင့်တည်း ဝါးခြမ်းပြားတွေ၊ တိုင်ကီပုံတွေ၊ စဥ့်အိုးရှိပ်တွေ၊ ပေမမီ ဒေါက်မမီ ပုတုတုတွေ၊ ဂလန်ဂလား ရှည်မျောမျောတွေ၊ မီးသွေးအိတ်ကို ကတ္တရာ သုတ်ထားတဲ့ ပုံတွေ၊ ပိုးဟပ်ကို ထုံးသုတ်ထားပုံတွေ၊ ဓာတ်တိုင်ကို မိတ်ကပ် ခြယ်ထားပုံတွေ ... စတာတွေပဲ များတယ်။ ဒါပေါ့လေ ရုပ်ရည်အဆင်း ပြေပြစ်တင့်တယ်မှတော့ စာရေးဆရာမ ဘယ်လုပ်တော့ မတုံး။ ရုပ်ရှင်မင်းသမီးတို့၊ မော်ဒယ်လ်တို့ လုပ်တော့မှာပေါ့။ (မင်းသမီးတွေ၊ အဆိုတော်တွေ စာရေးတာ သူတို့ကိစ္စပဲလေ)

စာရေးဆရာမကြီးတွေ ငယ်ငယ်ကတော့ ချောသားဗျ။ ဥပမာ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျင်းဖောမယ်(ဒေါ်) ခင်ဖုန်းတင့်၊ ဆရာမကြီး (ဒေါ်) ခင်ဆွေဦး၊ (ဒေါ်) ပတ္တမြားခင် စသဖြင့်ပေါ့။ ဆရာမကြီးတွေ ငယ်ငယ်က ဓာတ်ပုံတွေ တွေ့ဖူးမှာပေါ့။ သူတို့ ငယ်ငယ်က လှသဗျ။

ကျွန်တော်တို့နဲ့ မတိမ်းမယိမ်း စာရေးဆရာမတွေကတော့ ပြောမပြောချင် ပေါင်ဗျာ။ (စာရေးဆရာ ငနဲတွေက ပိုဆိုးသေး၊ မယုံ ကျွန်တော့် ကြည့်)
အဲဒီထဲကမှ စာပေ ဝါသနာပါတယ် ဆိုပြီး စာပေသမားတွေနဲ့ ရင်းနှီးကြတဲ့ အမျိုးသမီးတချို့ကတော့ တကယ်တမ်းလည်း စာပေ ဝါသနာပါတာ မဟုတ်။ စာပေ ရေးနိုင်တဲ့ အရည်အချင်းလည်း သိပ်မရှိ။ ဟိုလို ဒီလိုနဲ့ စာသမားတွေကြားထဲ ရောက်လာလေ့ ရှိတာကိုး။ အဲသလိုတွေထဲက တချို့ရဲ့ တချို့ကိုလည်း ကျွန်တော်တို့ရဲ့ ဆရာသမားက ကျူတယ်ဗျ။

အစပိုင်းတော့ မရိပ်မိပါဘူးဗျာ။ ဆရာသမားက သိပ်ကို မင်မောင်း ကောင်းတာဗျ။ မျက်နှာကလည်း ခပ်တည်တည်။ စကားပြောပုံကလည်း ဣနြေ္ဒရရ။ သူ ဘာမှ မဘာသလိုပဲ။ ဒါပေတဲ့ အဲသလို အမျိုးသမီးတယောက်နဲ့ စကားပြောပြီးရင် စာရွက် တရွက်ပေါ် မှတ်ချက်လိုလို ရေးတယ်ဗျ။ ခဏလည်းနေရော အမျိုးသမီးက ထွက်သွားတယ်။ သိပ်မကြာခင် ကျွန်တော်တို့ ဆရာသမားက တိုက်ပုံလေး ကောက်စွပ်ပြီး ထွက်သွားတယ်။ ကြာတော့ ကျွန်တော်တို့က သိပ်မသင်္ကာတာနဲ့ နောက်ယောင်ခံ လိုက်ချောင်း ကြည့်တယ်။ မြို့ထဲ ချောင်ကျကျ တရုတ်ဆိုင်မှာ ဖြစ်ဖြစ်၊ ကုလားဆိုင်မှာ ဖြစ်ဖြစ် ချိန်းတာကိုး။ ကျွန်တော်တို့က ဒီဆရာ ဘယ်လိုများ စွံပါလိမ့်လို့ အရိပ်အကဲနဲ့ နည်းပညာတွေကို ကြည့်တော့မှ သဘောပေါက်လာတယ်။

ဆရာသမားက ဟတ္ထ ပါဒပရာမာသ (လက်ခြေထိ ပါခြင်း) နည်းကို သုံးတာကိုး။ အဲဒါ ဟိုးရှေးရှေးတုန်းကတည်းက အိန္ဒိယမှာ သုံးခဲ့တဲ့ နည်းခင်ဗျာ။ (မဟောသဓ ဇာတ်တော်ထဲမှာ မဟောသဓ ပညာရှိက အမရာဒေဝီကို လက်သီး ဆုပ်ပြပြီး အိမ်ထောင် ရှိလား သင်္ကေတနဲ့ မေးတယ်။ အမရာဒေဝီက လက်ဝါး ဖြန့်ပြပြီး အိမ်ထောင် မရှိဘူးလို့ သင်္ကေတ ပြတယ်လေ) ခုထိလည်း ကမ္ဘာအနှံ့သုံးတုန်းပါပဲ။

သင်္ကေတပြုတဲ့နည်း လို့လည်း ဆိုသဗျ။ လက်ယပ် ခေါ်ရင် လာပါလို့ ပြောတာမျိုး။ လက်ခါပြရင် သဘောမကျဘူး၊ သဘောမတူဘူးလို့ ပြောတာမျိုးပေါ့ဗျာ။ ဆရာသမား လှုပ်ရှားပုံက သိပ်ညင်သာတယ် ခင်ဗျ။ သူလှုပ်ရှားတာက ခြေဖဝါး။ ခြေဖဝါးမှာမှ ခြေမနဲ့ ခြေညှိုး နှစ်ချောင်းတည်း။ ခပ်ပျံပျံ အမျိုးသမီးလို့ သူက သိလိုက်ပြီဆိုရင် စားပွဲအောက်က အမျိုးသမီးရဲ့ ခြေဖမိုးကို သူ့ခြေဖဝါးနဲ့ အသာထိတာ။ အမျိုးသမီးက စချင်ရင်လည်း ဒီနည်းပဲတဲ့။ (ရှေးအိန္ဒိယနည်းတဲ့။ အမျိုးသမီးတွေကတော့ မသုံးပါဘူး) အဲဒီက စလို့ သင်္ကေတပြရင်း အဓိပ္ပာယ်ပါတာတွေ ပြောတာပေါ့ဗျာ။

အမျိုးသမီးကလည်း အိုကေတယ် ဆိုရင် အေးဆေးပဲပေါ့။ ဒီအခါကျတော့မှ ဆရာသမားက စာရွက်ပေါ်မှာ မှတ်ချက်ရေး သလိုလို ဘာလိုလိုနဲ့ ချိန်းတဲ့နေရာကို ရေးပြလိုက်တာပါပဲ။ အစပိုင်းမှာ ကျွန်တော်တို့က လုံးဝ မရိပ်မိဘူး။ နောက်တော့ ဆရာသမားကို နောက်ယောင်ခံ လိုက်ကြည့်။ တိုက်မှာ ဆရာလှုပ်ရှားပုံ အကဲခတ်ပြီးမှ ဒီနည်းကို သဘောပေါက်လာတာပါ။

၃။

ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုတဲ့ စကားအရ ကျွန်တော်လည်း အဲသလို နည်းမျိုးနဲ့ ကြိုးစားကြည့်ချင်စိတ် ပေါ်လာတယ်။
တနေ့တော့ ဆရာသမားက တိုက်မှာမရှိဘူး။ ကိစ္စတခုနဲ့ အပြင်သွားနေတယ်။ ဒုတိယ ဆရာသမားကလည်း စာမူ ပရုဖတ်ရင်း အလုပ်ရှုပ်နေတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတယောက် အလုပ်တိုက်ထဲ ဝင်လာတယ်။ ကျွန်တော်တို့တိုက်ကို သူဝင်ထွက်နေတာ ကြာပြီ။ စာရေးလည်း မကောင်းပါဘူး။ ပုံကလည်း မလာလှပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာသမားကလည်း သူ့ကို သိပ်ဂရုမစိုက်ဘူး။

ဒီတော့ ကျွန်တော့် အလှည့်ကျပြီ ထင်တာပေါ့လေ။
အမျိုးသမီးက တခုလပ် ဆိုလား ပြောသံကြားတယ်။ ကျွန်တော်ကလည်း အဲဒီအမျိုးသမီးကို မကြိုက်လှပါဘူး။ သို့သော် အစကပြောသလို ပုံနှိပ်စက်သံက ဆူညံ။ စာသမား၊ ပေးသမား ဆိုတဲ့ ငနဲတွေကလည်း ရူးကြောင်၊ မူးကြောင်တွေက များသား၊ ပြောတော့ မိုးလား ကဲလား၊ လုပ်တော့တလွဲတွေ။
အဲ စက္ကူနံ့၊ မင်နံ့၊ ရေနံ ဆီနံ့တွေကလည်း လှိုင်နေ။ အခန်းကကျဉ်း။ စိတ်ကအိုက်။ ဒီတော့ ကျွန်တော်လည်း အပျင်းပြေ သဘောထားပြီး ဆရာသမားရဲ့နည်းကို အသုံးချ စမ်းသပ် အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

၎။

အမျိုးသမီးက "ဆရာကော" တဲ့။

ကျွန်တော်က ဆရာ့ဂိုက်ဖမ်းပြီး ခေါင်းငုံ့လျက် ခပ်တည်တည်။

"အပြင်သွားပါတယ်။ ခဏ ထိုင်စောင့်ပါ"

သူက ကျွန်တော့်ရှေ့က ခုံမှာ ဝင်ထိုင်တယ်။ ဘေးက ခုံပုမှာ သူဝယ်လာတယ် ထင်ရတဲ့ အထုပ်တွေချထားတယ်။ အခန်းက ကျဉ်းလေတော့ သူ့နောက်က ဖြတ်သွားသူ ဝင်သာ ထွက်သာအောင် ထိုင်ခုံကို ရှေ့နားတိုးထားတယ်။ သူ့ခြေထောက်က ကျွန်တော့် ခြေထောက်နဲ့ ကပ်လျက်လောက် ရှိနေတယ်။

ကျွန်တော်က အလုပ်များတဲ့ဟန်နဲ့ စာမူတပုဒ်ကိုဖတ်ရင်း ပုဒ်ခွဲ၊ ပိုဒ်ခွဲ၊ စာခြားမျဉ်းတွေ တားနေရင်း "ဘာကိစ္စများ ရှိပါလိမ့်" လို့ ခေါင်းငုံ့လျက် ပြောတယ်။ (ဆရာသမားရဲ့ ဂိုက်မျိုးပေါ့ဗျာ) သူက "လမ်းကြုံလို့ ဝင်လာတာပါ။ ကျွန်မ စာမူပေးပို့ ထားတာလည်း ကြာပြီမို့ စုံစမ်းရင်းပါ"

"အဲဒါတော့ ဆရာပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဆရာ့ဆီ တင်ထားပါတယ်။ ဆရာ့ကိုပဲ မေးပါ"

ကျွန်တော် သိတာပေါ့ဗျာ။ ဒီအမျိုးသမီး စာရေးမှမကောင်းတာ။ ကပေါက်ချိ ကပေါက်ချာတွေ လျှောက်ရေးတတ်တာ။ ဝါကျတောင် ဖြောင့်အောင် မရေးတတ်ဘူး။ သတ်ပုံလည်း မမှန်ဘူး။ ကတ္တားတွေ၊ ကံတွေလည်း မှားတယ်။ ဘယ်တော့မှ စာရေးဆရာမ ဖြစ်လာမှာ မဟုတ်ပါဘူး။ (တကယ်လည်း ဖြစ်မလာပါဘူး)

ဒါပေတဲ့ ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ အဲဒီ အမျိုးသမီးကို စောင့်ခိုင်းထားလိုက်ပါတယ်။ တအောင့်နေတော့ ကျွန်တော့် ဆရာသမားရဲ့ နည်းအတိုင်း "ဟတ္ထပါဒ" ကိစ္စ စကြည့်တာပေါ့ဗျာ။

ကျွန်တော့် ခြေမနဲ့ သူ့ ခြေဖမိုးလို့ ထင်ရတဲ့နေရာကို ထိကြည့်တယ်။သူက အေးဆေးပဲ။ ဒီလိုနဲ့။ ခြေဖဝါးကို အပေါ်ဘက် နည်းနည်းရွှေ့တယ်။ ထိကြည့်တယ်။ အေးဆေးပဲ။ ထိရတာက ပျော့ပျော့အိအိမို့ ကျွန်တော့် စိတ်ထဲ ဒီ အမျိုးသမီးက ပုံသာ သိပ်မလာတာ အသားက နူးညံ့သားပဲလို့ ထင်မိတယ်။ နောက်တော့ တဆင့်တက်ပြီး ကျွန်တော့်ခြေမနဲ့ အဲဒီ ပျော့အိအိကို ကုတ်တယ်။ အမျိုးသမီးက ဘာမှမဖြစ်သလို အေးဆေးပဲ။ သိတောင် မသိဘူးဆိုတာမျိုး။
ကျွန်တော့် စိတ်ထဲမှာ ဒီအမျိုးသမီးလည်း "ဟတ္ထပါဒ ပရာမာသ" သိနေပါကလား လို့ ယူဆလိုက်တယ်။

နည်းနည်း ထပ်ကဲပြီး အဲဒီ ပျော့အိအိကို ခြေဖဝါးနဲ့ ကုတ်ပြီး ဖိလိုက်တယ်။ ဒီတခါ အိုကေရင် ဆရာသမားနည်းအတိုင်း ချိန်းဆိုချင်တဲ့နေရာကို စာရွက်ပေါ်ရေးပြီး သူ့ကို ပြလိုက်ရုံပေါ့။ (ကျွန်တော့်စိတ်ထဲ ၄၄ လမ်းထိပ်က ကျောက်စားပွဲ တရုတ် လက်ဖက်ရည်ဆိုင်ကို ချိန်းမယ် စိတ်ကူးသေး) တယ်ဟုတ်ပါလား။ တယ်ဟုတ်တဲ့ ငါ ပါလားလို့ ပီတိတွေများ နေမိသပေါ့။

ခြေမကို နောက်ထပ် နည်းနည်းထပ်ပြီး ရှေ့တိုးတယ်။ ပျော့အိအိက နောက် နည်းနည်း ဆုတ်သွားသလိုပဲ။
သူ့ကို ကြည့်လိုက်တော့ အေးဆေးပဲ။ ဘာမှ မဖြစ်သလို။ ဟန်ပြီအထင်နဲ့ ခြေမကို ရှေ့ထပ်တိုးတယ်။ ဖိတယ်။ နည်းနည်း ထပ်ရွေ့သွားတယ်။ ရှေ့ထပ် တိုးတယ်။ ခြေမနဲ့ ဖိတယ်။ ပျော့အိအိ။ အဲဒီအချိန်မှာ ...

"ဟင် ဆရာ။ ကျွန်မ ပေါင်မုန့်ကို ဘာလို့ ခြေထောက်နဲ့ နင်းနေတာလဲ" တဲ့။

ဒီတော့မှ ကျွန်တော့် ခြေထောက် ရောက်နေတာကို ငုံ့ကြည့်မိတယ်။ ဟုတ်ကဲ့ပါ ခင်ဗျာ။

ကျွန်တော့် ခြေမဟာ သူဝယ်လာတဲ့ ပြည်သူ့မုန့်တိုက်က ပြင်သစ်ပေါင်မုန့်လို့ ခေါ်တဲ့ ပေါင်မုန့်ရှည်ရှည် ချွန်ချွန်ကြီးကို နင်းထားမိသလို ကြီး ဖြစ်နေတာကိုးဗျ။
ကျွန်တော် ရှက်ကိုး ရှက်ကန်းနဲ့ "ဆောဒီး" လို့ ပြောလိုက်ရတယ်။

အဲဒီတုန်းက ပြည်သူ့ မုန့်တိုက်က ပေါင်မုန့်ဝယ်ရင် စက္ကူအိတ်ထဲ ထည့်ပေးတယ်။ စက္ကူအိတ်က သေးလေတော့ ပေါင်မုန့်သားက အပြင်ထွက်နေတယ်။
သူက မုန့်တိုက်က ပေါင်မုန့်တို့၊ ဘာတို့ဝယ်ပြီး အပြန် ကျွန်တော်တို့ တိုက်ကို ခရီးကြုံဝင်လာတာကိုး။ ပေါင်မုန့်ထုပ်ကို သူ့ဘေးနား ကပ်လျက် ချထားတာကိုး။
ကျွန်တော်က အဲဒီ ပေါင်မုန့်ကြီးကို သူ့ခြေသလုံး မှတ်ပြီး ခြေဖမိုးနဲ့ "ဟတ္ထ ပါဒ ပရာမာသ" (လက်ခြေတို့ ထိပါးခြင်းအမှု) ပြုနေမိတာကိုး။ လွဲပါ့ဗျာ။ တိတိကျကျ အမှန်အကန်လွဲပဲ။

ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မှတ်တာ။ လက်စသတ်တော့ ပေါင်မုန့်ကြီးကို ဟတ္ထ ပါဒ။ အဲဒီကတည်းက အဲဒီ "ဟတ္ထပါဒ" နည်း မသုံးရဲတော့တာ ခုထိပါပဲဗျာ။
အဲဒီ အမျိုးသမီးလည်း ဘယ်ဆီ ဘယ်ဝယ် ရောက်နေမှန်းတောင် မသိရပါဘူး။ စာရေးဆရာမလည်း ဖြစ်မလာပါဘူး။ ဆိုးလိုက်တဲ့ အဖြစ်ဗျာ။ ကျွန်တော့်ထက် အဖြစ်ဆိုးတာတောင် ကျွန်တော့်လောက် အဖြစ်ဆိုးမယ် မထင်ဘူးဗျာ။ ပေါင်မုန့်မှန်း၊ ပေါင်မုန့်မှန်း မသိတဲ့ အဖြစ်။

http://shweamyutay.com/ မှ ကူးယူဖော်ပြပါတယ်။

သရုပ်ဖော် - မြင့်မောင်ကျော်